အခုမြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်နေတဲ့ အမေရိကန်အောက်လွတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် အရာရှိ သုံးဦးရဲ့ ခရီးစဉ်တွင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနဲ့ ကိစ္စတွေ ဆွေးနွေးမယ်လို့ မနေ့က ရန်ကုန် အမေရိကန် သံရုံးပြောခွင့်ရသူက ပြောပြခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးမှုအတွင်းမှာတော့ လက်ရှိနိုင်ငံရေး ပြဿနာတွေကိုသာ ပြောဖြစ်ခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောပါတယ်။
အခု မြန်မာနိုင်ငံကို ရောက်နေတဲ့သူတွေကတော့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ အတူ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ဖြစ်ပြီး သူတို့နဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈ ဦးနဲ့ တွေ့ဆုံခဲ့ကြတာပါ။ အထူးသဖြင့် သူတို့ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ အမေရိကန်အစိုးရနဲ့ သက်ဆိုင်ခြင်း မရှိသလို သူတို့ဟာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်တွေသာ ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်လို့ NLD ပြောခွင့်ရသူလည်းဖြစ်၊ အခုဆွေးနွေးပွဲထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကပြောပါတယ်။
“အဓိက နိုင်ငံရေးပြဿနာကိုပဲ သိချင်တဲ့ဆန္ဒနဲ့ သူတို့မေးမြန်းပြောဆိုထားတာပါ။ သူတို့ရဲ့ ပထမဆုံးမေးခွန်းက ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အကျဉ်းကျခံနေရတဲ့ဟာ သိတယ်၊ ကြားတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ ခံစားနေရတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ အခြေအနေတွေကို သိချင်တယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီမှာ ဆရာ ဦးဝင်းကြိုင်နဲ့၊ ဆရာ ဦးခင်မောင်ဆွေ တို့က သူတို့က အကျဉ်းထောင်ထဲကို နှစ်ရှည်လများလည်း ခံစားခဲ့ရတယ်။ အဲဒီကထွက်လာတာ သူတို့က ဒါတွေကို ရှင်းပြလိုက်ပါတယ်။ နံပါတ် - ၂ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေထိုင်ရမယ့် အခြေအနေ၊ လက်ရှိနေထိုင် ထိန်းသိမ်းခံနေရတဲ့ အခြေအနေတွေ၊ ဒါနဲ့ပတ်သက်ပြီးတော့ အဲန်ကယ်လ်က ရှင်းပြပါတယ်။ နောက်ပြီးတော့ ထိန်းသိမ်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲန်ကယ်လ်က ပြောပါတယ်။ ဒီ ထိန်းသိမ်းခြင်းဟာ ဥပဒေအခြေခံနဲ့ ထိန်းသိမ်းတာမဟုတ်ဘူး။ တနည်းအားဖြင့်ပြောရင် ဥပဒေအရ ထိန်းသိမ်းတာမဟုတ်ဘူးလို့ ရှင်းပြတယ်။ အဲဒီထိန်းသိမ်းခံရခြင်းသည် နအဖ ရဲ့ အမိန့်တရပ်ကြောင့် အဲဒီအမိန့်ကလည်း ဥပဒေက အပ်နှင်းထားတဲ့ အာဏာအရ ထုတ်တဲ့အမိန့်မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ အထိန်းသိမ်းခံရတာ မဟုတ်ဘူးလို့ အဲဒါကို ရှင်းပြပါတယ်။ သူတို့လည်း နောက်ဆုံး သဘောပေါက်သွားပါတယ်။”
ဒါ့အပြင် စစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ NLD ရဲ့ သဘောထားနဲ့အတူ အခြား ပါတီတွင်း ကိစ္စတွေလည်း မေးမြန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
“အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။ အဲဒီဆွေးနွေးချက်မှာ ကျနော်တို့ ဆရာဦးညွှန့်ေ၀ က ရှင်းပြပါတယ်။ သူတို့က အဲဒီမေးခွန်းထဲမှာ တခါတည်း ဆက်ပြီးတော့ generation to generation ကိစ္စတွေကိုပဲ ထည့်မေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ဆက်ခံမှုဟာ အင်မတန် မြင့်မားတဲ့အကြောင်းကို နမူနာလေးတွေနဲ့ ရှင်းပြသွားပါတယ်။”
အထူးသဖြင့် အခုအချိန်ဟာ သမ္မတ အိုဘားမား အစိုးရအဖွဲ့က မြန်မာနိုင်ငံပေါ်ထားတဲ့ မူဝါဒတွေ ပြန်လည် သုံးသပ်နေချိန် လည်း ဖြစ်တာမို့ အမေရိကန်တို့ရဲ့ မူဝါဆိုင်ရာကိစ္စတွေနဲ့အတူ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားတွေနဲ့ ပတ်သက်လို့ သူတို့က ရှင်းပြခဲ့တာမျိုးရှိပါသလားလို့ ကျမ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“သူတို့လာရောက်တာဟာ သူတို့အမြင်ကို ပြောပြဖို့ထက်ကို ကျနော်တို့ဆီကနေ အချက်အလက် လာရောက် စုဆောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမယ်လို့ သူတို့က အမြင်တခု ပြောပါတယ်။ အဲဒါကဘာလဲဆိုတော့ လက်ရှိ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြောင်းလဲရေးအတွက် စဉ်းစားနေတယ်၊ ပြန်လည်ပြင်ဆင်ရေး စဉ်းစားနေတယ်၊ ဒါတွေကို အမြဲပြောနေတာ။ ဒါတွေနဲ့ပတ်သက်လို့တော့ သူတို့က အချိန်မြန်မြန်အတွင်း မူဝါဒအသစ်တရပ် ပေါ်ပေါက်မယ်လို့ မထင်ဘူးဆိုတဲ့အကြောင်း ဒီလိုတော့ မှတ်ချက်ပြောသွားပါတယ်။”
NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ဒါ့အပြင် ဦးဉာဏ်ဝင်းက သူတိုရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ကနေ အမေရိကန်တို့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ သုံးသပ်ရာမှာ လက်ရှိ အခြေအနေအမှန်တွေကို အသေအချာ ထည့်သွင်းစဉ်းစားနိုင်လောက်အောင်ထိ ရှင်းပြနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခု အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်တွေဟာ အခုခရီးစဉ်တွင်း မြန်မာစစ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိပေမယ့် အလယ်အလတ် အစိုးရတာဝန်ခံတွေနဲ့တော့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ပြောပါတယ်။
မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ဒီကနေ့ နေ့လယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်း ကြိုင် က VOA ကို ပြောပါတယ်။
အခုလိုလာရောက်တာဟာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ် ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။
အခုတွေ့ဆုံရာမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးမေးမြန်းဆွေးနွေးခဲ့တဲ့ အပြင် အခုထိအထိမ်းသိမ်းခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကိစ္စနဲ့ NLD အဖွဲ့ရဲ့ ရပ်တည်ချက်တွေကို NLD ဗဟို အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။
မြန်မာနိုင်ငံကိုလာရောက်သူတွေဟာ ကယ်လီဖိုးနီးယားပြည်နယ် (California) ဒီမိုကရက်တစ် (Democratic) အောက်လွှတ်တော်အမတ် ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ နဲ့ ကျွမ်းကျင်သူ အရာရှိ နောက် ဖလော်ရီဒါပြည်နယ် (Florida) ရီပတ်ဘလစ်ကန် (Republican) အောက်လွှတ်တော်အမတ်ရဲ့ ကျွမ်းကျင်သူ အရာရှိ တို့ ဖြစ်ပါတယ်။
အခုခရီးစဉ်အတွင်း အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသဘက်ကို သွားရောက်ဖို့လည်း ရှိပါတယ်။
ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ် (Virginia) က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။