သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ထိုင်း-တရုတ် ကုန်သွယ်ရေး


မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြုပ်နှံသူဟာ ထိုင်းဖြစ်ပြီး တရုတ်က ဒုတိယလိုက်နေပါတယ်။ မြန်မာ ထိုင်းနယ်စပ်နဲ့ မြန်မာတရုတ်နယ်စပ်ဟာ ကီလိုမီတာ နှစ်ထောင်ကျော်စီ ရှည်လျားပါတယ်။ ထူးခြားတာကတော့ မြန်မာ-ထိုင်းနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဗမာအစိုးရနဲ့ တိုက်ခိုက်နေဆဲဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်က လက်နက်ကိုင်တွေက အပစ်အခတ် ရပ်ဆဲထားတာပဲ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်ဆဲပြီး ကူးသန်းရောင်းဝယ်ခွင့် ပေးလိုက်လို့ မြန်မာ-တရုတ် ကုန်သွယ်မှု တန်ဖိုး ပမာဏဟာ မနှစ်က ဒေါ်လာသန်းပေါင်း နှစ်ထောင်နီးပါးအထိ တိုးလာတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ မတ်လက ကုန်ဆုံးသွားတဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာ-ထိုင်း ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာသန်းသုံးထောင်ကျော်ရှိပြီး ဒီအထဲက သဘာဝဓါတ်ငွေ့ရောင်းရငွေက သန်းသုံးထောင်နီးပါးရှိတယ်လို့ သိရပါတယ်။ မြန်မာထိုင်းနယ်စပ်ဒေသမှာ အပစ်အခတ်တွေ ရှိနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ အတက်အကျရှိပေမယ့် ဓါတ်ငွေ့ရောင်းဝယ်မှုကို မထိခိုက်တာ သိသာပါတယ်။ မုတ္တမ ပင်လယ်ကွေ့ လုပ်ကွက် M-9 က ထွက်တဲ့ ဓါတ်ငွေ့ကိုလည်း ၂၀၁၃ မှာ ထိုင်းနိုင်ငံကို တင်ပို့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီ ဓါတ်ငွေတွင်းမှာ တရုတ်က (၂၀) ရာခိုင်းနှုန်း အစုရှယ်ယာ ပါဝင်လိုပါတယ်။

ထိုင်းနိုင်ငံက မြန်မာပြည်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတန်ဖိုး ပမာဏကတော့ တရုတ်လောက် မများပါဘူး။ တရုတ်က ကုန်ပစ္စည်းဒေါ်လာသန်း (၁) ထောင်ကျော်ဖိုး မြန်မာပြည်ကို တင်ပို့နိုင်ပြီး ထိုင်းဟာဒေါ်လာ သန်းလေးရာဖိုးလောက်သာ မနှစ်ကတင်ပို့နိုင်ပါတယ်။ ဗမာအစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နယ်စပ်မှာတိုက်ပွဲဖြစ်တိုင်း နယ်စပ်ကုန်သွယ်ရေးထိခိုက်ပြီး ဒုက္ခသည် အများအပြား ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံတာဟာ မထူးဆန်းသလို ဖြစ်ပါတယ်။ ထိုင်းအစိုးရနဲ့ ပတ်သက်ပြီး အလိုမကျဖြစ်လာရင် ဗမာအစိုးရက နယ်စပ်ဂိတ်တွေ ပိတ်ပင်လေ့ရှိပေမယ့် ဓါတ်ငွေ့တင်ပို့တာကိုတော့ မရပ်ဆိုင်းပါဘူး။ ဒါကြောင့် မြန်မာ-တရုတ် ပိုက်လိုင်းလည်း ဒီ ပုံစံအတိုင်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

ထိုင်းနိုင်ငံမှာ စက်မှုလုပ်ငန်းတွေ တိုးတက်များပြားလာလေလေ မြန်မာ့ဓါတ်ငွေ့ နဲ့ သယံဇာတကို မှီခိုရလေလေ ဖြစ်လာတာမို့ ဒီနေရာမှာ အကြံတူရန်သူဆိုသလို တရုတ်နဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်ဟာ အဆင့်မမီတဲ့ ပို့ကုန်ပစ္စည်းတွေကို အရည်အသွေး ကောင်းမွန်အောင် ကြိုးစားလုပ်ကိုင်နေတဲ့အတွက် တဖြည်းဖြည်း တရုတ်ပစ္စည်းက လွှမ်းမိုးသွားလိမ့်မယ်လို့ ယူဆနေကြပါတယ်။ မြန်မာ-လာအို နဲ့ ကမ္ဘောဒီယားမှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတာကို ကြည့်ပြီး ထိုင်းပါဝင်မှု နည်းပါးလာမှာကို စိုးရိမ်ကြပါတယ်။ ဒါကြောင့် တရုတ ်- မြန်မာ - လာအို - ထိုင်း - ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် ဆက်သွယ်မှု ခိုင်မာဖို့ ထိုင်းဖက်က လိုလားနေတာ ဖြစ်ပါတယ်။

တရုတ် နဲ့ ပြိုင်ဆိုင်မယ့်အစား ပူးပေါင်းဆောင်ရွက်ဖို့သာ ထိုင်း-အစိုးရက ကြိုးပမ်းပါတယ်။ မြန်မာ့သဘာဝ သယံဇာတအတွက် ပြိုင်ဆိုင်တာဟာ နှစ်ဦးစလုံးအတွက် အကျိုးမရှိကြောင်း တရုတ် နဲ့ ထိုင်းက သဘောပေါက်ပုံရပါတယ်။ အကြောင်းကတော့ ထိုင်း တရုတ်ရဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာ မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း ကုန်သွယ်မှု ပမာဏထက် အဆပေါင်းများစွာ သာနေလို့ပါ။

လွန်ခဲ့တဲ့နှစ်က ထိုင်း-တရုတ် ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာသန်းပေါင်း သုံးသောင်း ခြောက်ထောင် ရှိခဲ့ပါတယ်။ မြန်မာ-ထိုင်း ကုန်သွယ်မှုထက် (၁၂) ဆ ပိုများပြီး၊ မြန်မာ-တရုတ် ကုန်သွယ်မှုထက် အဆ (၂၀) လောက် ပိုများနေပါတယ်။ ဒီလို ကုန်သွယ်မှုမျိုးကို တရုတ်နဲ့ ထိုင်းက အထိခိုက် ခံမှာ မဟုတ်ပါဘူး။ တရုတ်ပြည် အဆက်မပြတ် ရှင်သန်တိုးတက်နေဖို့အတွက် နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းဖို့လိုတယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ တရုတ် နဲ့ ဆက်စပ်နေတဲ့ နိုင်ငံပေါင်း (၁၄) နိုင်ငံ ရှိတာကြောင့် ဒီနိုင်ငံတွေမှာ ပြဿနာပေါ်တာကို တရုတ်က မလိုလားပါဘူး။ ဒါကြောင့် မြန်မာ-ထိုင်းနယ်စပ်က လက်နက်ကိုင် ပဋိပက္ခမျိုး မြန်မာ-တရုတ် နယ်စပ် ရောက်လာမှာကို တရုတ်ကမြင်ချင်မှာ မဟုတ်ပါဘူး။

တရုတ် နဲ့ ထိုင်းနိုင်ငံရဲ့ လောင်စာစွမ်းအင် ဖူလုံရေးစီမံကိန်းတွေမှာ မြန်မာပြည်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေတာမို့ မြန်မာနဲ့ဆက်ဆံရာမှာ ပူးတွဲလုပ်ကိုင်ဖို့လိုတာကို သဘောပေါက်ကြပါတယ်။ မြန်မာ့သဘာဝဓါတ်ငွေ့ကို ပူးတွဲပြီးလက်ဝါးကြီးအုပ်နိုင်သူကသာ ဓါတ်ငွေ့ဈေးနူန်းကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ပြင်သစ်ကုမ္မဏီတွေ ရတနာဓါတ်ငွေ့လုပ်ငန်းက ထွက်သွားမှာကို ဗမာစစ်အစိုးရက စိုးရိမ်နေပုံရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုမှာ (၁၀) ရာခိုင်နှုန်းဟာ တရုတ်ပြည်နဲ့ ကုန်သွယ်တာဖြစ်ပါတယ်။ နှစ်နိုင်ငံ စီးပွားရေး-စစ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်အောင် ၂၀၀၇ ခုနှစ်က ထိုင်း-တရုတ် ပူးတွဲလုပ်ကိုင်ရေး (၅) နှစ် စီမံကိန်းချမှတ်ထားပါတယ်။ ရှေ့နှစ်မှာ ထိုင်း-တရုတ် ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်းပေါင်း (၅) သောင်းအထိ တိုးပွားလာဖို့ ရည်ရွယ်ပါတယ်။ လုပ်ငန်းပေါင်းစုံမှာ ပူးတွဲလုပ်ကိုင်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ လောင်စာစွမ်းအင်နဲ့ သဘာဝ သံယံဇာတ ထုတ်ယူရေးကိုသာ တရုတ်က စိတ်ဝင်းစာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG