သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြန်မာ နယ်စပ် လုံခြုံရေး တင်းကျပ်


မနေ့ကညပိုင်းအထိ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်း ပစ်ခပ်သံတွေ ကြားနေရတုန်းပဲလို့ တရုတ်မြန်မာနယ်စပ် စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။ တရုတ်မြန်မာနယ်စပ်မှာလည်း လုံခြုံရေးတွေ တင်းကျပ်ထားပြီး စီးပွါးရေး လုပ်ငန်းတွေလည်း ပုံမှန်အခြေအနေမှာ မရှိတော့ဘူးလို့ ဆိုပါတယ်။ နောက်ဆုံးအခြေအနေတွေကို သိရအောင် ဦးအောင်ကျော်ဇောကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

“ဦးအောင်ကျော်ဇော ခင်ဗျ။ ကိုးကန့်နဲ့ မြန်မာတပ်ဖွဲ့တွေ ကြားမှာဖြစ်တဲ့ တိုက်ပွဲ အခြေအနေတွေ တင်းမာမှုတွေက အခုနောက်ဆုံး အခြေအနေမှာ ဘယ်လို ရှိပါသလဲ။”

“မနေ့က နေ့ခင်းပိုင်းလောက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက သူတို့နဲ့ အနီးကပ်ဆုံး စခန်းတွေကို တရုတ်ပြည် နယ်စပ် လုံခြုံရေးရဲတွေ တာဝန်ယူထားတဲ့ နီးစပ်ရာ ဌာနတွေကို တဖွဲ့ပြီး တဖွဲ့ပေါ့နော် ၀င်ရောက်ကြတယ်။ အများစုကတော့ လက်နက်ပါပါတယ်။ အနည်းစုက လက်နက်မပါပါဘူး။ အထဲမှာလည်း အတော်အသင့် ကျန်ရစ်ခဲ့တော့ မနေ့ညကပိုင်းက တချို့နေရာမှာ ပျောက်ကျား ပစ်ခတ်မှုတွေ ရှိပါတယ်။ ကိုးကန့် တကြောမှာ မနေ့ညက ၂နာရီလောက်မှာ နှစ်ခါ သုံးခါ လက်နက်ငယ်သံတွေ ကြားရတယ်။ ၃နာရီခွဲ သာသာလောက်မှာလည်း သေနတ်သံ အပြန်အလှန်ပစ်သံ၊ ဒီတခေါက်ကျတော့ ချင်းရွှေဝေါ်ရဲ့ တောင်ဘက်ခြမ်းလောက်မှာထပ်ပြီး သေနတ်သံမြည်ပါတယ်။ အပြန်အလှန်ပစ်သံလည်းကြားတယ်။ အဲဒီတော့ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ပစ်ခတ်သလားတော့ မပြော တတ်ဘူး။”
“လောက်ကိုင်မြို့က နောက်ဆုံး အခြေအနေရော ဘယ်လို ရှိပါသလဲခင်ဗျ။”

“ဗမာတပ်တွေ တဖွဲဖွဲ ၀င်နေတာတော့ တွေ့နေရတယ်။ လောက်ကိုင်မြို့ကတော့ ဒေသခံ အရပ်သားတွေနဲ့ မြို့ပျက်ကြီးလို ဖြစ်နေပါတယ်။”

“နောက်ဆုံး အခြေအနေအရ နယ်စပ်မှာ တင်းမာမှုတွေ ဆက်ပြီး ရှိနေတယ်ဆိုတော့ တရုတ် မြန်မာ နယ်စပ်ရဲ့ လုံခြုံရေး အခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ တရုတ်အာဏာပိုင်တွေဘက်က လုံခြုံရေး တာဝန်ယူမှုတွေနဲ့ နယ်စပ် ထိန်းသိမ်းမှုတွေ ဘယ်လို ရှိပါသလဲခင်ဗျ။”

“တရုတ်ဘက်က နယ်စပ်လုံခြုံရေးကို ပိုမို တင်းတင်းကျပ်ကျပ် လုပ်ထားတာ တွေ့ရတယ်။ ဒီလို တပ်ဖွဲ့တွေ ၀င်လာပြီး နောက်ပေါ့။ နောက်ပြီး နယ်စပ်ဒေသမှာ ရှိတဲ့ မြန်မာဘက်က ရှိတဲ့ လူထုကတော့ တော်တော် ခြောက်ခြောက်ခြားခြား ရှိပါတယ်။ မူဆယ်မြို့တွေ ဘာတွေမှာဆိုရင် ညဘက် ဘယ်သူမှ မထွက်ရဲတော့ဘူး။ ချောဆွဲတယ်ဆိုတဲ့ သတင်းကလည်း အမျိုးစုံ ထွက်ပါတယ်။ ကားတွေကိုလည်း စောစောပိုင်းက ချောဆွဲကြတာပေါ့။ လားရှိုးမြို့တင် မဟုတ်ဘူး။ သိန္ဒီကနေ ကွမ်းလုံလမ်း တလျှောက်။ လားရှိုးကနေ မူဆည်လမ်းတလျောက် မြို့ပြတွေမှာ ညဘက်ဘယ်သူမှ မထွက်ဘူး။”

“တရုတ်မြန်မာနယ်စပ် စီးပွားရေး အခြေအနေကရော ဘယ်လို ရှိပါသလဲခင်ဗျ။”

“နောက်တရက် နှစ်ရက်မှာ နည်းနည်း လျှော့သွားရင်တော့ မပြောတတ်ဘူး။ ဒီ သုံးလေးရက်မှာတော့ ကား ဘယ်သူမှ သိပ်ထွက်ရဲမှာ မဟုတ်ပါဘူး။ ဟိုတနေ့က ကုန်သည်ကား တချို့က ထွက်လို့မရဘူး၊ တချို့ထွက်လို့ရတဲ့ ကားတွေလည်း ချောဆွဲခံရတာ ဖြစ်တဲ့အတွက် နယ်စပ်စီးပွားရေးကတော့ ကာလတပိုင်းတော့ အတော်ထိခိုက်သွားပါတယ်။”

“ကျွန်တော်တို့ သတင်းတွေ တချို့မှာ တွေ့တာက ဒီပစ်ခတ်မှုတွေ ဒီနေ့ဆိုရင် ၄ရက်မြောက်လာပြီး ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး တရုတ်နိုင်ငံဘက်မှာ ၁ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း ဒါဇင်နဲ့ ချီရှိတယ်လို့ ကြားရပါတယ်ခင်ဗျ။ ဦးအောင်ကျော်ဇောဘက်က ထိခိုက်မှုတွေ၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘာတွေ သိထားပါသလဲ။”

“၂၆ရက်နေ့ ညက တိုက်ပွဲမှာ ကျည်ကျော်ကျလို့ တယောက်သေပြီးတော့ သုံးလေးယောက် ဒဏ်ရာရပါတယ်။ နောက်မနေ့က ဗမာစစ်တပ်က အမြောက်တွေနဲ့ ပစ်တဲ့အခါမှာလည်း တရုတ်ပြည်ထဲ ကျပြီး ထိခိုက်ဒဏ်ရာရပါတယ်။”

“သေတဲ့သူက တရုတ်နိုင်ငံသားလား၊ ကိုးကန့်လား ဘယ်သူပါလဲ။”

“ချင်းခန်း ခရိုင်ထဲက သာမန် အရပ်သားတွေ ဖြစ်ပြီး၊ သေဆုံးတာရော၊ ဒဏ်ရာရတာရော အရပ်သား၊ တရုတ်ပြည်သားတွေ ဖြစ်ပါတယ်။”

“တရုတ်စစ်တပ်က နယ်စပ်မှာ လုံခြုံရေး တာဝန်ယူထားပြီလား ခင်ဗျ။”

“တရုတ်စစ်တပ်ထက် အခုလောလောဆယ် အများစု မြင်သာထင်သာ ရှိနေရတာကတော့ နန်ဆာ တ၀ိုက်မှာ လူ ၁၂၀၀ လောက်ရှိတဲ့ တရုတ်နယ်စပ် လုံခြုံရေး ရဲတွေ၊ နယ်စပ်ဒေသမှာ တပ်ခွဲလိုက် တပ်စုလိုက် ဟိုတဖြန့် ဒီတဖြန့်မှာ တဲတွေ ထိုးပြီးတော့ စုစုစည်းစည်းရှိနေကြတာ တွေ့ရပါတယ်။”


ဆက်စပ်သတင်းများ ...

XS
SM
MD
LG