တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိုင်ဝမ်နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း လူအသေအပျောက်အများ ဆုံးဖြစ်ခဲ့တဲ့ မော်ရကော့တိုင်ဖုန်းမုန်တိုင်းမှာ အသက်ရှင် ကျန်ရစ်ခဲ့သူတွေဆီကို သွားရောက်တွေ့ဆုံဖို့အတွက် တိုင်ဝမ်နိုင်ငံကို ရောက်ရှိ နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင်လုပ်နေတဲ့ တိုင်ဝမ်နိုင်ငံက တချို့ နိုင်ငံရေး အုပ်စု တွေအတွက် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တော့ တရုတ်အစိုးရက အမျက်ဒေါသ ဖြစ်ခဲ့ပါတယ်။ တရုတ်အစိုးရက ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်ဒေသကို တရုတ်နိုင်ငံကနေ ခွဲထုတ်ဖို့ကြိုးစားနေတယ်လို့ စွပ်စွဲပြောဆိုပြီးတော့ ဒီလို စွပ်စွဲပြောဆိုတာကို ဘုန်းတော်ကြီး ဒလိုင်းလားမား က ငြင်းဆိုပါတယ်။
သမ္မတ မာ့ရင်ဂျိုးက ဒီ ခရီးစဉ်ကို လူမှုရေး ရှုထောင့်ကနေ ပြီးတော့ ကြာသာပတေးနေ့တုန်းက ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ပြီးခဲ့တဲ့နှစ်တုန်းက ထိုင်ဝမ်နိုင်ငံကို လာဖို့ တောင်းဆိုခဲ့တာကိုတော့ သူက ပယ်ချခဲ့ပါတယ်။ ဒီ ခရီးစဉ်ဟာ ဘာသာရေးရှု့ထောင့်ကနေ သွားတာသာဖြစ်ကြောင်း၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ဒလိုင်းလားမားရဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောကြားခဲ့ပါတယ်ခင်ဗျာ။