သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ရွေးကောက်ပွဲ အတိုက်အခံ အပြတ်သာ


ဒီနေ့ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီDPJက အနိုင်ရနေတယ်လို့ မဲပေးပြီးသူတွေရဲ့ သဘောထားစစ်တမ်းတွေ ဖော်ပြပြီးနောက် DPJက အစိုးရသစ်ဖွဲ့ကို စတင်ပြောဆိုနေပါတယ်။ ဂျပန်လွှတ်တော် ၂ရပ်မှာ ပိုပြီးတော့ သြဇာညောင်းတဲ့ အမတ်နေရာ ၄၈၀ရှိတဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်နေရာ ၃၀၀ကျော် ရလိမ့်မယ်လို့ သတင်းမီဒီယာတွေရဲ့ သဘောထား စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။ တကယ်သာ တရားဝင် အနိုင်ရခဲ့ရင် နှစ်ပေါင်း ၅၀ကျော် တောက်လျှောက် အုပ်ချုပ်လာခဲ့တဲ့ လက်ရှိအာဏာရ Liberal Democratic Party (LDP) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာကို စိုးရိမ်နေကြ သူတွေနဲ့ နိုင်ငံရေး အပြောင်းအလဲကို လိုလားနေတဲ့ အသက်အရွယ်ကြီးတွေက လက်ရှိအာဏာရပါတီကို မဲမပေးကြဘူးလို့ မဲမပေးခင် ကောက်ခံတဲ့ သဘောထားစစ်တမ်းတွေမှာ တွေ့ရပါတယ်။ အတိုက်အခံ DPJဟာ တခြားပါတီငယ်တွေရဲ့ ထောက်ခံမှုနဲ့ အထက်လွှတ်တော်မှာ အနိုင်ရထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်မှာပါ အနိုင်ရရင်တော့ DPJ ခေါင်းဆောင် ယူကီအို ဟတိုယာမ ဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ တရားဝင် မဲရလဒ်တွေတော့ ဂျပန်စံတော်ချိန် တနင်္လာနေ့ အစောပိုင်းလောက်မှာ သိရနိုင်မှာပါ။

ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ အလားအလာများနေတဲ့ အသက်၆၂နှစ်အရွယ် မစ္စတာ ဟတိုးယာမ ဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေး အရ သြဇာညောင်းတဲ့ မိသားစုက ဆင်းသက်လာခဲ့သူ ဖြစ်ပြီး အချမ်းသာဆုံး လွှတ်တော်အမတ်တယောက်လည်း ဖြစ်ပါ တယ်။ သူ့ရဲ့ အဖိုး ဝန်ကြီးချုပ်ဟောင်း အီချီရို ဟတိုးယာမ ဟာ ၁၉၅၅ခုနှစ်ကတည်းက တောက်လျှောက် ဂျပန်ကို အုပ်ချုပ် လာတဲ့ LDPပါတီကို တည်ထောင်နိုင်ရေး ကြိုးပမ်းခဲ့သူ တဦးဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း တချိန်က LDP ပါတီဝင် တဦးဖြစ်ခဲ့သူ ဟတိုးယာမ က အလုံးစုံ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးထားပါတယ်။ အမေရိကန် Standford တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး၊ စကားကို သိမ်သိမ်မွေ့မွေ့ ပြောတတ်သူက ဂျပန် နိုင်ငံကို အမေရိကန် စီးပွားရေးလို အလွန်အကျွံ အရင်းရှင် ဆန်မှုကနေ ဖယ်ခွာအောင်လုပ်မယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG