သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲအရှိန်သတ်


တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုတော့ တိုက်ခိုက်မှုတွေ ရပ်တန့်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဒါဟာ ပဋိပက္ခတွေ အဆုံးသတ်သွားတဲ့ လက္ခဏာတခု အဖြစ် မယူဆနိုင်တဲ့အကြောင်း မြန်မာ့အရေး အကဲခတ်နေသူတွေက ပြောပါတယ်။ တရုတ်မြန်မာနယ်စပ်က လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာ စစ်အစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတွေကရော ဘယ်လို အလားအလာတွေ ရှိလာနိုင်သလဲ ဆိုတာတွေကို ကိုအောင်လွင်ဦး က တင်ပြပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာ စစ်အစိုးရတို့ကြား တင်းမာမှုတွေ ကြီးထွားလာပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး အခုအခါ အခြေအနေ တည်ငြိမ်တဲ့အသွင် ဆောင်လာနေပေမဲ့ ဒါတွေဟာ ယာယီအားဖြင့်သာ ဖြစ်တယ်လို့ မြင်နေကြတာပါ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေက မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက ကိုးကန့်တပ်ဖွဲ့တွေရှိရာ ဒေသကို အင်အား အလုံးအရင်း လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ကိုးကန့်တပ်ဖွဲ့ဝင် အများစု တရုတ်နိုင်ငံထဲ ဝင်ရောက် လက်နက်ချသွားခဲ့ကြတာမို့ တိုက်ခိုက်မှုတွေလည်း အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရကို ဆယ်စုနှစ်နဲ့ချီပြီး လက်နက်ကိုင် တိုက်ခိုက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အဖို့ကတော့ အဆုံးသတ် တိုက်ပွဲ မဖြစ်နိုင်ဘူးလို့ဆိုသူကတော့ အမေရိကန် ပြည်ထောင်စု Rutgers တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဂျိုးဇက် ဆေးလ်ဗား စတိုင်း (Josef Silverstein) ပါ။

“လူမျိုးစုအရေးကို စောင့်ကြည့် လေ့လာနေတာ ကြာပါပြီ။ ဒီလူတွေဟာ တလျှောက်လုံး တိုက်ခိုက်ပြီး၊ သူတို့ ပိုင်ဆိုင်မှုတွေ၊ အိုးအိမ်တွေ စတာတွေကို မြန်မာတွေ လက်ထဲ ရောက်မသွားအောင် ကာကွယ်နေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ရက်တွေက တိုက်ပွဲတွေမှာ ကိုးကန့် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းထားတဲ့ တခြား အဖွဲ့ ၃ ဖွဲ့ကလည်း ပူးပေါင်းခဲ့ကြတာပါ။”

ဒါကြောင့် ဒီလောက်နဲ့တော့ ပြီးမသွားနိုင်ပါဘူးဆိုပြီး ပါမောက္ခ ဆေးလ်ဗား စတိုင်း က ပြောခဲ့တာပါ။ တိုက်ပွဲတွေ ရပ်တန့်သွားပေမဲ့ ဒါတွေဟာ ယာယီမျှသာ ဖြစ်တယ်၊ ပဋိပက္ခတွေဟာ ဒီထက်တောင် ကြီးထွားလာနိုင်တယ်လို့ တွက်ဆသူ နောက်တဦးကတော့ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ US Campaign for Burma က အမှုဆောင် အရာရှိတဦးဖြစ်တဲ့ ဦးအောင်ဒင် ဖြစ်ပါတယ်။

"ဒီထက်မက ကျယ်ပြန့်လာစရာ အကြောင်း ရှိပါသေးတယ်။ အခု နအဖ က ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာပေါ့။ ကိုးကန့်ဒေသ က ဖုန်ကျားရှင် ခေါင်းဆောင်တဲ့ အုပ်စုကို သူက တရုတ်နိုင်ငံထဲ မောင်းထုတ်လိုက်နိုင်ခဲ့ပြီ။ သူ့ကို သစ္စာခံတဲ့ ပိုင်စုန်ချိန်ကို ခေါင်းဆောင်တင်ပြီးတော့ ကိုးကန့်ဒေသကို ပြန်လည်အုပ်ချုပ်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေ အားလုံး သူတို့ လမ်းညွှန်တဲ့အတိုင်း သူတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို နအဖ စစ်အုပ်စုရဲ့ လက်အောက်ကို သွင်း၊ နယ်ခြားမဲ့တပ်ဖွဲ့အသွင်ပြောင်း၊ ပထမ ဒီတိုင်းရင်းသား အဖွဲ့တွေက နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့လုပ်ဆိုတဲ့ ရပ်တည်ချက်ပေါ့ဗျာ။ အဲဒီ ရပ်တည်ချက်ကို ၀ တို့ ကချင်တို့ ရှမ်းတို့ က မလိုက်နာမချင်း ဒီစစ်အင်အားသုံးပြီး ဖြေရှင်းမယ့် လက္ခဏာ ရှိပါတယ်။ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ရပ်တန့် သွားတယ်ဆိုပေမဲ့ ဒါဟာ ခေတ္တခဏသာ ဖြစ်ပြီးတော့ ပဋိပက္ခတွေ၊ တင်းမာမှုတွေ က ဆက်လက် ဖြစ်ပွားနေမှာ ဖြစ်ပါတယ်။ နောက် မကြာခင် ကာလတခုအတွင်း အထူးသဖြင့် သူတို့ မျှော်လင့်ထားတဲ့ အောက်တိုဘာ နောက်ဆုံးထားပြီးတော့ တိုင်းရင်းအပစ်ရပ်အဖွဲ့တွေကို လက်နက်ကိုင် ဖယ်ရှားဖို့ ကြိုးစားမှာကိုး။ အောက်တိုဘာ မတိုင်ခင်အတွင်းမှာ ပိုပြီး ကြီးမားတဲ့ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံရနိုင်ပါတယ်။"

စစ်အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ဟာ ဆိုရင် ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေး ရယူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သလို မြန်မာစစ်အစိုးရက ကမကထ လုပ် ကျင်းပခဲ့ပြီး အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ အမျိုးသား ညီလာခံကို တက်ရောက်ခဲ့တဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ အရင်က ပြေပြေလည်လည် ရှိနေခဲ့တဲ့ ဒီ ကိုးကန့် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတဲ့နောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရအနေနဲ့ ပြဿနာတွေဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသ တည်ငြိမ်မှုကို မထိခိုက်ရလေအောင် သေသေချာချာ ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်ပြီး သတိပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။ တကယ်တော့ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး၊ နိုင်ငံရေးအရ ဆက်ဆံမှုတွေ ရင်းရင်းနှီးနှီး ရှိနေခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရ အပေါ် သြဇာသက်ရောက်မှု ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတာပါ။ ဒါပေမဲ့ အခု တရုတ်နိုင်ငံ နယ်စပ်မှာ တရုတ် အနွယ်ဝင် ကိုးကန့်တွေနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာတွေဟာ ဒါတွေကို စိန်ခေါ်မှုတွေအဖြစ် ယူဆနိုင်တဲ့အကြောင်း တရုတ်-မြန်မာ နယ်စပ်က အခြေအနေတွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတဲ့ အကဲခတ် ဦးအောင်ကျော်ဇော ကဆိုပါတယ်။

"ရှင်းရှင်းပဲ တရုတ်သဘောကျတာ မကျတာ၊ ဗမာက သူ့ဟာသူ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ သဘောပဲလေ။ ကျွန်တော်တု့ိ မြင်တာ ရှင်းရှင်းလေးပဲ၊ ဘာဖြစ်လို့ ဒီနေရာကို ရွေးသလဲ။ ငြိမ်းချမ်းရေး မလက်ခံတဲ့ အဖွဲ့အစည်း ၅ဖွဲ့ ရှိတယ်။ အရင်ဆုံး သူတို့လုပ်နိုင်တာ SSPP သူတို့ ပြည်မထဲမှာကို ရှိတယ်။ ဒီ အဖွဲ့သေးသေး လူလေး ၁၀၀၀ကျော်နဲ့ ရှမ်းတွေချည်းပဲ၊ သူတို့ ဝိုင်းပိတ်ပြီးတော့ လုပ်လိုက်ရင်ကို ရတယ်။ အဲဒါကို သူတို့ မလုပ်ဘဲနဲ့၊ တရုတ်မြန်မာ နယ်စပ်မှာရှိတဲ့ ကိုးကန့်ဆိုတာ တရုတ်တွေပဲလေ။ သူ ဘာဖြစ်လို့ ရွေးသလဲ။ သူပြချင်တာတွေပေါ့ဗျာ။ ဒီတခါတော့ ကုလသမဂ္ဂမှာ မျက်နှာ ခပ်ပြောင်ပြောင်နဲ့ ထွက်ပြီး ကာကွယ်ခဲ့တဲ့ အကျိုးစီးပွားတွေကို တရုတ်က ခံစားရတာပေါ့ဗျာ။"

ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒေသတည်ငြိမ်မှုကို မထိခိုက်အောင် ကိုင်တွယ်ဖို့ တရုတ်အစိုးရက သတိပေးမှုတွေရှိခဲ့တဲ့ နောက်မှာလည်း တိုက်ခိုက်မှုတွေ ရှိခဲ့တာမို့ ဒါဟာ ၂ နိုင်ငံကြား ဆက်ဆံရေးမှာတော့ အဖုအထစ် ဖြစ်စရာလို့ ဆိုသူကတော့ US Campaign for Burma အဖွဲ့က ဦးအောင်ဒင် ပါ။

"တရုတ်က မကြာမကြာ နအဖကို သတိပေးနေပြီးသား။ ဒီလာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ သူတို့ ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တဲ့ နှစ်၆၀ပြည့် အခမ်းအနား ကြီးကြီးကျယ်ကျယ် ကျင်းပမှာ။ အဲဒီကာလမတိုင်ခင်မှာ ဘာမှ တရုတ် မြန်မာ နယ်စပ်မှာ ပဋိပက္ခ ဖြစ်တာ ဘယ်လိုမှ မမြင်ချင်ဘူး။ ဒါကြောင့် မြန်မာစစ်အစိုးရကို ကြိမ်ဖန်များစွာ သတိပေးထားပြီးသား။ နောက်တခါ ပဋိပက္ခဖြစ်ချင်းအားဖြင့်၊ သေနတ်ပစ်ဖောက်ချင်းအားဖြင့် နယ်စပ်တည်ငြိမ်မှု ပျက်ပြားလာမယ်။ နောက် သူတု့ိ ဆောက်မယ့် သဘာ၀ ဓာတ်ငွေ့ သယ်ဆောင်ရေး ပိုက်လိုင်း စီမံချက် ပျက်သွားနိုင်တယ် စသဖြင့် ဒီလို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တာကိုး။ ဒါပေမဲ့ သူတို့ စိုးရိမ်ပူပန်မှုတွေနဲ့ ဖိအားပေးနေတဲ့ကြားက နအဖ စစ်အစိုးရက တရုတ်လည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုး ချိုးပြလိုက်တာကိုး။ ဒီဟာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အများကြီး ပြဿနာရှိပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရကို တရုတ်က အကာအကွယ်ပေးပြီးတော့ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ဒီဒေသဆိုင်ရာ လုံခြုံရေးကို နှောက်ယှက်တဲ့အဆင့်ကို မရောက်သေးဘူး။ ဒါကြောင့်မို့ လုံခြုံရေး ကောင်စီက ဘာမှ ဝင်ရောက် ပတ်သက်စရာ မလိုဘူးလို့ သူက အမြဲ ငြင်းဆန်နေခဲ့တာလေ။ အခုကျတော့ ဒေသဆိုင်ရာ၊ သူ့နယ်စပ်မှာကိုပဲ လာပြီးတော့ သေနတ် ပစ်ဖောက်မှုတွေ ဖြစ်ပြီး၊ သူ့နယ်စပ်ရဲ့ မတည်မငြိမ်ဖြစ်မှုကို အတိုင်းသားကြီး ဖော်ပြလိုက်တော့ လုံခြုံရေး ကောင်စီမှာ ဆက်ပြီး ဘယ်လို ငြင်းဆန်မှာလဲ။ နအဖကို ဘယ်လို အကာအကွယ် ပေးမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးမှာတော့ တော်တော်ကြီးမားတဲ့ အနှောက်အယှက် တခုဖြစ်သွားတာကတော့ အသေအချာပါပဲ။"

မြန်မာပြည် အမျိုးသား သွေးစည်း ညီညွတ်ရေး တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာ စစ်အစိုးရတို့ကြား သြဂုတ် လဆန်းပိုင်းကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့ရာက ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) အဖြစ် စစ်အစိုးရက သတ်မှတ်ပေးထားတဲ့ သူတို့ အခြေစိုက်ရာ လောက်ကိုင်မြို့မှာ တိုက်ခိုက်မှုတွေရှိတဲ့အထိ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း တိုက်ခိုက်မှုတွေကြောင့် တရုတ်-မြန်မာ နယ်စပ်မှာ အသေအပျောက်တွေ ရှိခဲ့သလို တိုက်ပွဲတွေက ရှောင်ရှားပြီး ထွက်ပြေးကြသူ ဒေသခံတွေဟာ ဆိုရင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်ဆန်းမြို့ကို ရောက်လာတာ သြဂုတ်လ ၈ ရက်နေ့ အထိဆိုရင် ၃ သောင်း အထိ ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း ပြောဆိုခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG