သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် အနိုင်ရပါတီ အစိုးရဖွဲ့ဖို့ပြင်


ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ Democratic Party of Japan (DPJ) က အပြတ် အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် DPJ ခေါင်းဆောင် ယူကီအို ဟတိုယာမာ (Yukio Hatoyama) က အစိုးရသစ်ဖွဲ့ဖို့ ဒီကနေ့မှာပဲ တိုင်ပင်ဆွေးနွေးမှုတွေ စတင်နေပါပြီ။

နိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်ပေးမယ့် ပိုပြီးသြဇာညောင်းတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ အများစု အနိုင်ရခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်က ဝန်ကြီးအဖွဲ့သစ်ဖွဲ့ဖို့ ဆွေးနွေးနေတာပါ။ တရားဝင် မဲရလဒ်တွေအရ အမတ်နေရာ ၄၈၀ ရှိတဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်နေရာ ၃၀၈ နေရာ ရခဲ့ပါတယ်။ အထက်လွှတ်တော်မှာလည်း မစ္စတာဟတိုယာမာရဲ့ DPJ ပါတီက အနိုင်ရထားပြီးသား ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရေးမှာ Corporate လုပ်ငန်းတွေထက် ကလေးစရိတ် ထောက်ပံ့မှုလို မိသားစုတွေကို ကူညီထောက်ပံ့တဲ့ အပိုင်းမှာ ပိုပြီး အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရသွားတဲ့ မစ္စတာဟတိုယာမာနဲ့ သူ့ရဲ့ ဒီမိုကရက်ပါတီက ကတိပြုထားပါတယ်။

လက်ရှိအာဏာရ Liberal Democratic Party (LDP) ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးခဲ့တာဟာ သူ့ကြောင့်ပါလို့ ဝန်ကြီးချုပ် တာရို အာဆို (Taro Aso) က ဒီကနေ့ တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်စကား ပြောခဲ့ပါတယ်။ ပါတီခေါင်းဆောင် ရာထူးကနေလည်း ဆင်းပေးပါမယ်လို့ မစ္စတာအာဆိုက ပြောပါတယ်။

မစ္စတာအာဆိုရဲ့ LDP က အောက်လွှတ်တော်မှာ အမတ်နေရာ ၁၁၉ နေရာပဲ ရပါတယ်။ အတိုက်အခံ DPJ က အနိုင်ရလိုက်တာကြောင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးကတည်းက ဂျပန်ကို တောက်လျှောက်အုပ်ချုပ်လာတဲ့ LDP ရဲ့ အုပ်ချုပ်မှုဟာ အဆုံးသတ်သွားပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG