ကိုးကန့်တပ်ဖွဲ့တွေက တရုတ်အာဏာပိုင်ဆီမှာ လက်နက်အပ်ပြီး တရုတ်ပြည်တွင်းကို ၀င်ရောက်သွားခဲ့တဲ့ နောက်ပိုင်းမှာ ကိုးကန့်ဒေသကို မြန်မာစစ်တပ်တွေက ဖြန့်ကျက်နေရာယူ ထိန်းချုပ်ထားလိုက်ပြီး ဒီကနေ့အထိတော့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာ မရှိတော့ပါဘူး။ မြန်မာသတင်းစာတွေမှာ တရုတ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာပြီလို့ ဖော်ပြပေမယ့် ဒုက္ခသည် အများစုကတော့ မပြန်ရဲဘဲ ဖြစ်နေတယ်လို့ တရုတ်-မြန်မာနယ်စပ်က အခြေအနေကို စောင့်ကြည့်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြားမှာ ဒီလ ၂၇ ရက်နေ့ကနေ ၃ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၉ ရက်နေ့က ကိုးကန့်တပ်ဖွဲ့တွေဟာ တရုတ်ပြည်တွင်းကို ဆုတ်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေဟာ ၃၀ ရက်နေ့ မနေ့ကစပြီး ငြိမ်သက်သွားခဲ့ရာက ဒီကနေ့လည်း ထပ်မံ တိုက်ခိုက်တာတွေ မရှိတော့ဘူးလို့ ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်ဦးက ပြောပါတယ်။
“နောက်ဆုံးအခြေအနေကတော့ ဒီပစ်ခတ်မှုက လောလောဆယ်တော့ ငြိမ်သွားပါပြီခင်ဗျ။ အခု ကိုးကန့်နယ် တော်တော်များများမှာ ဗမာစစ်သားတွေ နေရာယူထားပါတယ်ခင်ဗျ။”
ဒီနေ့ထုတ်ဝေတဲ့ မြန်မာအစိုးရပိုင် သတင်းစာတွေမှာတော့ ၂၉ ရက်နေ့က စတင်ပြီး စစ်တပ်၊ ရဲနဲ့ ကိုးကန့် ပူးပေါင်းအဖွဲ့တွေက နယ်မြေကို ပြန်လည်ထိန်းသိမ်းပြီး တည်ငြိမ်မှုရအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေ ပြန်လည်ဝင်ရောက်လာပြီလို့ ဖော်ပြပါတယ်။
ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကိုးကန့်ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံ နမ့်ဆန်မြို့က ဒုက္ခသည်စခန်းမှာ ဆက်လက်နေထိုင်နေဆဲ ရှိတယ်လို့ ပြောပါတယ်။
“တကယ်လို့ အေးအေးချမ်းချမ်း ဆိုရင်တော့ ပြည်သူလူထု တော်တော်များများ ပြန်ဝင်ကြမှာပေါ့။ အခုတော့ ဘယ်သူမှ မပြန်သေးပါဘူး။ မနေ့ကတောင် နမ့်ဆန်မြို့ကို ဆက်သွယ်သေးတယ်။ အဲဒီက တယောက်မှ မပြန်သေးဘူး။ မနေ့က လောက်ကိုင်မှာ ခြံစောင့် ဈေးရောင်းတဲ့လူတွေကို ဆက်သွယ်သေးတယ်။ သူတို့လည်း ခြံထဲမှာပဲ နေတယ်၊ အပြင်မထွက်ဘူး။ မနေ့က သူ စားစရာဝယ်ဖို့ လောက်ကိုင်မြို့ထဲ ထွက်သွားတော့ ဆိုင်တွေ တဆိုင်မှ ထွက်တာမတွေ့ဘူး။ တချို့ဆိုင်တွေ ဖောက်ထားတာတွေ့တယ်၊ တချို့ဆိုင်တွေမှာဆိုရင် လူသေအလောင်းတွေ တွေ့လို့ သူလည်း ထွက်ပြေးသွားတယ်။”
တရုတ်-မြန်မာနယ်စပ်က နိုင်ငံရေး စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက မြန်မာစစ်တပ်ဖွဲ့တွေဟာ လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့တွေက ကုန်တိုက်တွေနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ထုတ်ယူနေတယ်လို့ ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တရုတ်စစ်ဘက်က ကိုးကန့် ဒုက္ခသည်တွေကို မပြန်ခိုင်းသေးဘဲ တားမြစ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
“အခု တရုတ်တွေက ပြောတယ်၊ ခင်ဗျားတို့ အခြေအနေတော့ အေးဆေးသွားပြီ ထင်တယ်၊ ခင်ဗျားတို့ သွားရင် သွားကြပါဆိုတော့ မှန်ပြောင်းနဲ့ ကြည့်နေတဲ့ တရုတ်စစ်တပ်က လူတွေက ပြောတယ်၊ ခင်ဗျားတို့ အရမ်းမသွားကြနဲ့တဲ့။ သူတို့က အကုန်မြင်နေတာကိုး။ ဘာတွေလုပ်တယ်ဆိုတာ မှန်ပြောင်းနဲ့ကြည့်ရင် အကုန် မြင်နေရတာကိုး။ သွားတဲ့လူတွေကလည်း ဘယ်သူမှ ရွာလုံးကျွတ် မပြန်ရဲကြဘူး။ တရွာလုံးမှ လေးငါးယောက်စုပြီး အိမ်သွားပြန်ကြည့်ခိုင်းတာတို့ ဘာတို့ပေါ့ဗျာ။”
ခုခါမှာတော့ တရုတ်နိုင်ငံ နမ့်ဆန်မြို့မှာ ကိုးကန့်ဒုက္ခသည် ၃၀,၀၀၀ လောက် ရောက်ရှိပြီး တရုတ်အစိုးရက ယာယီတဲ၊ စားစရာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးထားပါတယ်။
မြန်မာစစ်အစိုးရရဲ့ သတင်းမှာတော့ ကိုးကန့်ပြဿနာဟာ ဥပဒေချိုးဖောက်သူ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖု၊ ဦးဖုန်တာရွှင်နဲ့ ဦးဖုန်တာလီတို့ ၄ ယောက်နဲ့သာ သက်ဆိုင်ပြီး ကျန်လူတွေနဲ့ မသက်ဆိုင်ကြောင်း၊ မသိနားမလည်ဘဲ ပါဝင်ခဲ့သူ ကိုးကန့်တပ်ဖွဲ့ဝင်တွေကို ဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လာနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလိုပြန်လာမယ်ဆိုရင် မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ မြန်မာအစိုးရဘက်က စစ်သား ၁၁ ယောက်၊ ရဲသား ၁၅ ယောက် ကျဆုံးခဲ့ပြီး ဖုန်ကြားရှင်ကို သစ္စာခံတဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က အလောင်း ၈ လောင်း ရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်ဒေသအတွင်း အခုလို တိုက်ပွဲတွေ ဖြစ်ပွားရတာဟာ ဒီလ ၂၃ ရက်နေ့က ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင်နေအိမ်ကို လက်နက်စက်ရုံ ရှိတယ်ဆိုပြီး ၀င်ရောက် စီးနင်းရှာဖွေရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကန်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား အခုအခါမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ပဋိပက္ခတွေကတော့ အဆုံးသတ်မှာ မဟုတ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။