သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်


နေအိမ်မှာ အကျယ်ချုပ် ပြန်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနေထိုင်နေတဲ့ နေအိမ်ကို ပြန်ပြီးတော့ ပြင်ဆင်ဖို့ လုပ်နေပါတယ်။ လုံခြုံရေးအရ အားနည်းချက်တွေ ရှိနေတဲ့အတွက် အခုလို ပြင်ဆင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝနဲ့ လက်ရှိနေထိုင်နေရတဲ့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ် မြို့နယ်ထဲက နေအိမ်ဟာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း နေအိမ်အကျယ်ချုပ် ဘဝနဲ့ ရော၊ နိုင်ငံရေးလှုပ်ရှားမှု ကာလတွေမှာရော တောက်လျှောက် နေထိုင်လာခဲ့တဲ့ အိမ်ပါ။ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) အိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့လို့ နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး အင်းစိန်ထောင်ဝင်းထဲမှာ ပြောင်းရွှေ့ချုပ်နှောင် ခံရပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကာလမှာကတည်းက အိမ်ပြင်ဖို့ ပြောဆိုခဲ့ပြီး အခုတော့ စတင်လုပ်ဆောင်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အင်းစိန်မှာ နေကတည်းကိုက ကျနော်တို့ကို ပြောပါတယ်၊ ဒီအိမ်ဟာ အပေါ်ဝရန်တာတို့ လသာဆောင်တို့ ဘာတို့မှာ သံပန်း၊ သံတံခါး မရှိဘူး။ မတော်တဲ့လူအတွက် သိပ်လွယ်နေတယ်။ အဲဒါကြောင့် လုံခြုံရေးအရ ပြင်ဖို့လိုတယ်၊ သူ့ကို ဗိသုကာ ရှာပေးပါဆိုလို့ ကျနော်တို့ ရှာပေးထားတယ်။ ဗိသုကာက အိမ်သွားကြည့်တယ်၊ တိုင်းတယ်၊ သူ ပြင်ချင်တဲ့ဟာကို ဒီဇိုင်းဆွဲနေတယ်။ အဲဒီအဆင့်ပါ။”

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တာမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး အင်းစိန်ထောင်ဝင်းတွင်း စစ်ဆေးခဲ့တဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချ၊ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းအမျိုးမျိုးနဲ့ စာနာထောက်ထားလို့ဆိုပြီး ပြစ်ဒဏ်ကို ထက်ဝက်လျှော့၊ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ ပြန်နေစေလို့ အမိန့်ချတဲ့ရက် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း၊ အင်းလျားကန်ဘက်ခြမ်းကို ခြံစည်းရိုးကာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကနေ ဒါပဲလုပ်တာတွေ့ပြီး ကျန်တဲ့ ပြင်ဆင်မှုတော့ မတွေ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်သိတာကတော့ အင်းလျားကန်ဘက်မှာ Barbed Wire နဲ့ သံဆူးကြိုးနဲ့ နှစ်ထပ်၊ ဒါကတော့ အာဏာပိုင်တွေ လုပ်တာပါ။ ကျန်တဲ့နေရာတွေ ပြင်တာပြုတာတော့ ကျနော်သွားတဲ့အချိန် မတွေ့ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုချမှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက်တွေဟာ အရင်တုန်းက နေအိမ် အကျယ်ချုပ်ဘ၀ နဲ့ နေခဲ့ရဖူးတဲ့ ကန့်သတ်ချက်တွေထက် ပိုပြင်းထန်ပြီး အခြေအနေ ပိုဆိုးရွားတယ်လို့ ပြီးခဲ့တဲ့ရက်တွေအတွင်း ဦးဉာဏ်ဝင်း က ပြောထားဖူးပါတယ်။ အဲဒီထဲမှာ ထောက်ပြတဲ့ တချက်ကတော့ ဆရာဝန်တွေ့ခွင့် ကိစ္စပါ။ နေအိမ်မှာ ပြန်ရောက်ပြီးတဲ့ နောက် ဆရာဝန်တဦးကို အာဏာပိုင်တွေက လွှတ်ပေးခဲ့ပေမယ့် သူပြနေကျ ဆရာဝန် မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှုလာခဲ့ပြီး ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်း စတာတွေကို အစအဆုံး သိထားတဲ့ ဆရာဝန်နဲ့ပဲ ပြသခွင့် တောင်းခံထားတာကို အာဏာပိုင်တွေ ဘက်က အခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီး အာဏာပိုင်ဘက်က တိတိကျကျ ပြန်ကြားတာ မရှိသေးဘူးလို့ပဲ ကျနော် သိရပါတယ်။”

တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ဒါကို အယူခံဝင်ဖို့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီသီတင်းပတ်ထဲမှာတော့ အယူခံ လွှာ တင်ဖြစ်သွားဖို့ များပါတယ်လို့ ဦးဉာဏ်ဝင်းကပဲ ပြောပါတယ်။

အမှုမဖြစ်ခင် ကျခံနေရတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ခါနီးလေးမှာပဲ မစ္စတာယက်တော ရေကူးဝင်ရောက်ခဲ့တာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုပြီး အခုလို နောက်ထပ် နေအိမ်အကျယ်ချုပ် ၁၈ လတာ ကာလကို ဖြတ်သန်းနေရတာပါ။ ဒီအမှုဟာ ဥပဒေကြောင်းအရ မဟုတ်ဘဲ နိုင်ငံရေး ပယောဂနဲ့ စွဲဆိုခဲ့တာ ဖြစ်တယ်လို့ အမှုစဖြစ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ဘယ်လိုနည်းနဲ့မှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်နိုင်ခြင်း မရှိအောင် အာဏာပိုင်တွေက အခုလိုလုပ်တာလို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့လို့ မဖြစ်နိုင်တာကြောင့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးပြီး မြန်မာပြည်နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ အပြည့် အ၀ ပါဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက တောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG