မြန်မာစစ်တပ်က တရုတ်-မြန်မာနယ်စပ်ရှိ လူနည်းစု ကိုးကန့်တွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ပါလို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှာ မြန်မာစစ်တပ်က ကိုးကန့်လူမျိုးတွေကို တိုက်ခိုက်နေတာကြောင့် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က မနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အင်အားသုံး တိုက်ခိုက်တာတွေကို အသုံးမပြုဘဲ ဒီမိုကရေစီ အင်အားစုတွေနဲ့ စားပွဲဝိုင်းမှာ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ပါလို့ အမေရိကန် ပြည်ထောင်စုက ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကိုးကန့် စစ်ပြေးဒုက္ခသည် ၃၀,၀၀၀ ကျော်ဟာ တရုတ်နိုင်ငံထဲမှာ ခိုလှုံခဲ့ကြပြီး အခု တချို့ အိမ်ကိုပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် အပစ်ရပ်ထားတယ်လို့ မြန်မာစစ်တပ်ရဲ့ အပြောကို မယုံကြတဲ့အတွက် အထိတ်တလန့် ရှိနေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
အနှစ် ၂၀ ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်သား ၂၆ ယောက် ကျဆုံးခဲ့ပြီး ကိုးကန့်ဘက်က ၈ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။
အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက ကမ်းလှမ်းထားပေမယ့် အပစ်ရပ်အဖွဲ့တွေက လက်မခံတာကြောင့် အခုလို ပဋိပက္ခတွေ ဖြစ်ကြရတယ်လို့ ပြည်ပရောက် အတိုက်အခံအဖွဲ့တွေက ပြောနေကြပါတယ်။