သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ကိုးကန့် ဒုက္ခသည်တွေ စိုးရိမ်ပူပန်ဆဲ


မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ဘက်အခြမ်း တရုတ်နယ်စပ်မှာ ကိုးကန့်နဲ့ မြန်မာစစ်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဉ်က တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ကိုးကန့်ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကို အခုတော့ တဖြည်းဖြည်း ပြန်လာနေကြပြီ ဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ ဈေးဆိုင်နဲ့ အိမ်တွေက ပစ္စည်းတွေကို လုယက် ခိုးယူပြီးလောက်ပြီဆိုတဲ့ စိုးရိမ်မှုတွေ ကြားကပဲ ဒုက္ခသည်တွေ အခုလို ပြန်နေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့အထိတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန့်ဆန်ဒေသကို ထွက်ပြေးခဲ့ကြတဲ့ ကိုးကန့်ဒုက္ခသည်တွေထဲက ၃ ပုံ ၂ ပုံလောက် နေရပ်ကို ပြန်ကုန်ကြပြီး ကျန်နေတဲ့ ဒုက္ခသည်တွေကလည်း နေရပ်ပြန်ဖို့အတွက် အထုပ်အပိုးတွေ ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။ ဒုက္ခသည်တွေ အခုလို ပြန်ကုန်ကြတဲ့အတွက် တရုတ်အာဏာပိုင်တွေက ဒီဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အပြာရောင် ယာယီတဲတွေကို ဖျက်သိမ်းနေကြပြီလို့ ဆိုပါတယ်။ ဒီဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက ဘတ်စ်ကားတွေနဲ့ နယ်စပ်အထိ လိုက်ပို့ပေးနေတယ် ဆိုပေမယ့်လည်း ဒုက္ခသည်တွေကိုယ်၌က ပြန်ချင်ကြတာတော့ မဟုတ်ပါဘူး။

“တရုတ်လူမျိုးတွေက မြန်မာပြည်ဘက်မှာ မနေချင်ကြတော့ဘူး။ ဒီပြဿနာကြောင့် ကျမတို့ဘက်က တော်တော်များများ ဆုံးရှုံးခဲ့ကြပြီးပြီ။ အရမ်းကို ဆိုးရွားတဲ့ အခြေအနေပါ” လို့ ကိုးကန့်ဒေသမှာ ဈေးဆိုင်ဖွင့်ထားတဲ့ တရုတ်အမျိုးသမီးတဦးက တရုတ်ဘာသာစကားနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

တချို့ဆို သူတို့ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးခဲ့ပြီး အိမ်ဟောင်းလောင်းပဲ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ တိုက်ပွဲတွေ ပြီးဆုံးသွားပေမယ့် နေရပ်ပြန်ဖို့အတွက် ဒုက္ခသည်တွေက စိုးရွံ့နေကြဆဲ ဖြစ်ပါတယ်။ အများစုကတော့ ကိုးကန့်ဒေသမှာ လက်ရှိအုပ်စိုးနေတဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှု ပပျောက်သွားမှာကို လိုလားကြပေမယ့် သူတို့ဒေသကို မြန်မာစစ်တပ် လာအုပ်ချုပ်တာကို ပိုပြီး ယုံကြည်မှု နည်းနေကြပါတယ်။

“မြန်မာစစ်တပ်က သူတို့အပေါ် ဘယ်လိုအုပ်ချုပ်မယ် ဆိုတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်ပါတယ်တဲ့။ မြန်မာစစ်သားတွေက မန်ဒရင်း တရုတ်ဘာသာစကားကိုလည်း မတတ်ကြတော့ သူတို့နဲ့ ဆက်သွယ်ရေးလုပ်လို့၊ စကားပြောလို့ မရဘူး ဖြစ်နေတယ်တဲ့။ အများစုက သူ့လိုပဲ ခံစားကြရလိမ့်မယ်လို့ သူထင်ပါတယ်” လို့ ဒုက္ခသည်တဦးဖြစ်တဲ့ ယွမ်ဇီရှောင်း (Yuan Zhishao) က တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။

အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ ဒုက္ခသည် ဝမ် ရှောင်လန်း (Wang Xiaolan) ကလည်း…

“အခြေအနေတွေ နည်းနည်း တည်ငြိမ်လာတဲ့အထိ စောင့်ကြည့်ချင်တဲ့အတွက် မနေ့က သူ့အနေနဲ့ နေရပ် မပြန်သေးတာပါ။ ဒီကနေ့တော့ သူ့ကလေးနဲ့အတူ သူ့မိသားစု ပြန်ကြပါမယ်” လို့ တရုတ်လို ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တရုတ်အာဏာပိုင်တွေက ဒုက္ခသည်တွေကို နယ်စပ်ဂိတ်အထိ ဘတ်စ်ကားတွေနဲ့ တင်ပြီး လိုက်ပို့ပေးနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားကတ်ပြား ကိုင်ထားတဲ့သူတွေကို တရုတ်နယ်ခြားစောင့်တပ်တွေက မြန်မာနိုင်ငံထဲ ဝင်ခွင့်ပြုပေမယ့် အထူးပါမစ်မပါတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ မြန်မာပြည်ထဲ ဝင်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

သူ့တိုင်းပြည်ထဲ ဝင်လာတဲ့ ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ကျော် ၄၀,၀၀၀ နီးပါးကို တရုတ်အစိုးရက စားနပ်ရိက္ခာ၊ ရေနဲ့ ယာယီနေထိုင်နိုင်တဲ့ တဲတွေ ထိုးပေးခဲ့ပေမယ့် သူတို့ဟာ ဒုက္ခသည်တွေဖြစ်တယ် ဆိုတာကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ကိုးကန့်ဒေသမှာ အထည်ဆိုင်ဖွင့်ထားတဲ့ အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသား ပန် ဇီချန်း (Peng Zhiqiang) ကတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ပြန်လည်ပတ်လို့ ရနိုင်တဲ့ အခြေအနေ ရှိမရှိ သွားပြန်ကြည့်ဦးမယ်လို့ ဆိုပါတယ်။

“ဘာမှမကျန်တော့ရင်တော့ သူ့အနေနဲ့ အဲဒီမှာ ဆက်မနေတော့ဘူးတဲ့။ အဲဒီမှာဆက်နေဖို့ အနာဂတ် မရှိတော့ဘူးတဲ့။ လုံခြုံမှုလည်း ရှိတော့မှာ မဟုတ်ပါဘူးတဲ့။ သူပိုင်ဆိုင်သမျှ ဘာမှ မကျန်တော့ရင်တော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းပြီး ပြန်မယ်” လို့ တရုတ်ဘာသာစကားနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

မနေ့က တနင်္လာနေ့မှာ ဒီကိုးကန့်ဒေသ တခုလုံးကို မြန်မာစစ်တပ်က ထိန်းချုပ်လိုက်နိုင်ပြီလို့ ဝိုင်ယာ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကတော့ မြန်မာစစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နယ်စပ်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အခုလို လိုက်လံ ဖိအားပေး သိမ်းသွင်းနေတာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကတော့ စစ်အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်အတွင်း တည်ငြိမ်အောင် လုပ်ဆောင်ပြီး တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဒီကနေ့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) ကလည်း စစ်အစိုးရအနေနဲ့ လက်ရှိ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းပြီး မြန်မာ့ဒီမိုကရက်တစ် အင်အားစုတွေ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ပြုလုပ်ဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG