မြန်မာနိုင်ငံမှာ အပတ်စဉ် ထုတ်ဝေနေတဲ့ ဖီးနစ် (Phoenix) အနုပညာစာစောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်အခြေစိုက် RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့နဲ့ BMA မြန်မာသတင်းသမဂ္ဂတို့က ဝေဖန်လိုက်ပါတယ်။ ပိုပြီး တင်းကျပ်လာနေတဲ့ မြန်မာစစ်အစိုးရရဲ့ သတင်းနဲ့ ထုတ်ဝေခွင့်ဆိုင်ရာ သတ်မှတ်ချက် မူတွေအတွင်းမှာ ပုဂ္ဂလိက ဂျာနယ်တွေ ထုတ်ဝေခွင့် အခက်အခဲတွေ တွေ့နေရသလို စစ်အစိုးရရဲ့ သတင်းမီဒီယာတွေကိုလည်း နိုင်ငံရေးအရ ပိုပြီး အသုံးချလာတာ တွေ့ရတယ်လို့လည်း အဲဒီ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေက ထောက်ပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
စာပေစိစစ်ရေးက ခွင့်ပြုချက် မပေးထားတဲ့ အကြောင်းအရာကို ဖီးနစ်ဂျာနယ်က ထုတ်ေ၀ ဖော်ပြလိုက်တာကြောင့် သူတို့ရဲ့ ဖြန့်ချိခွင့် ပိတ်လိုက်တဲ့ကိစ္စကို နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) နဲ့ မြန်မာသတင်းသမဂ္ဂ (BMA) တို့က မနေ့က ဝေဖန် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ဖီးနစ်ဂျာနယ် ထုတ်ဝေသူက လေတပ်အရာရှိဟောင်း ဗိုလ်မှူးမာဂျေဖြစ်ပြီး စာရေးဆရာ မာဂျေလို့ အများက သိကြပါတယ်။ သူဟာ စစ်အစိုးရကို သရော်တဲ့ အရေးအသားမျိုး ရေးသားခဲ့ဖူးတာကြောင့် ပုဂ္ဂိုလ်ရေးအရလည်း အငြိုးအတေး ရှိပုံရတယ်လို့ အဲဒီအဖွဲ့ကြီးတွေက သုံးသပ်ထားပါတယ်။
ဒါပေမယ့် ပိုဆိုးတာက ပြန်ကြားရေး ဝန်ကြီးဌာနအောက်က စာပေစိစစ်ရေးမှာ သတင်းနဲ့ ဂျာနယ် ထုတ်ဝေသူတွေ လိုက်နာရမယ့် အချက်ကြီး ၁၀ ချက်ထဲက ဘယ်လိုအကြောင်းအရာမျိုးကိုမှ အမှားအယွင်းမခံဘဲ ကိုင်တွယ် တင်းကျပ်မှုတွေကြောင့်လည်း အခုလို ထုတ်ဝေခွင့် ပိတ်ပင်ခံရတာလို့ BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“သူတို့ထုတ်ထားတဲ့ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေအတွက် စည်းကမ်းချက် ၁၀ ချက်ဆိုတာ တကယ်တမ်း ပြောမယ်ဆိုရင်တော့ မဂ္ဂဇင်းတစောင်လုံး ကဗျာတွေ၊ ဆောင်းပါးတွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ၊ နောက်ဆုံး ပြောမယ်ဆိုရင် လေးအောက် (Layout) ကအစ မျက်နှာဖုံးကအစ အကုန်လုံး စစ်အစိုးရရဲ့ စိတ်ကြိုက် ဖြစ်ရမယ်ဆိုတဲ့ သဘောမျိုးတွေ ပါတယ်။ ပြီးတော့ မူကြမ်းတင်တဲ့အခါ တမျိုးတင်ပြီးတော့ မူချော ပြန်တင်တဲ့အခါ လုံး၀ အပြောင်းအလဲ မရှိစေရဘူးဆိုတဲ့ဟာ ပါတယ်။ ဆိုလိုတာကတော့ ဓာတ်ပုံအောက်မှာ ထိုးတဲ့ ပုံစာကအစ ပြောင်းလဲမှု မရှိစေရ။ သဒ္ဒါမှားရင်တောင်မှ ပြောင်းလို့မရဘူး။ စာကြောင်းတွေ အရွှေ့အပြောင်း လုပ်လို့မရဘူး။ ဒီလောက်အထိ တင်းကျပ်ထားတယ်ဆိုတော့ ဘယ်မဂ္ဂဇင်းကမှ တကယ်တမ်းပြောမယ်ဆိုရင် သူတို့ဘောင်ထဲက လွတ်ပြီး ရှင်သန်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။”
ဒါ့အပြင် သတင်းမီဒီယာ အားလုံးကို ရာနှုန်းပြည့် စစ်အစိုးရက ထိန်းချုပ်ထားသလို အခုနောက်ပိုင်း အစိုးရပိုင် သတင်းဌာနတွေရော၊ ပုဂ္ဂလိက သတင်းလုပ်ငန်းတွေပါ မကျန် နိုင်ငံရေးအရ ဖိအားပေး အသုံးချခံရတာတွေကို ပိုတွေ့လာရတယ်လို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို အရေအတွက် တိုးပြီးတော့ ထုတ်ခွင့်ပေးထားတယ်လို့ သူတို့ ဆိုထားပါတယ်။ တချိန်တည်းမှာ တချို့မဂ္ဂဇင်းတွေမှာကြတော့၊ ဆိုကြပါစို့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာမျိုးတွေ အဲဒါမျိုး အရေးအသားတွေကို သူတို့ ခွင့်ပြုထားတာ ရှိတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရ လုပ်မယ်ဆိုတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် အထောက်အကူ ပြုစေမယ့်၊ ဖိပြီး ဝါဒဖြန့်တဲ့ သဘောမျိုး ပါတဲ့ ဆောင်းပါးမျိုးတွေကို တဘက်မှာ ပြန်ထည့်ထားတာ တွေ့ရတယ်။
“ဒါမျိုးတွေကို ခြုံပြီးကြည့်မယ်ဆိုရင်တော့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ အပါအဝင် သတင်းနဲ့ စာနယ်ဇင်းလောက တခုလုံးကို သူတို့ ဖိနှိပ် ချုပ်ချယ်ထားပါတယ်ဆိုတဲ့ သဘောမျိုးလည်း ကမ္ဘာက မမြင်စေချင်ဘူး။ သို့သော် လက်တွေ့မှာ ဒီနေ့အထိ ဖြစ်နေတာကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့လိုချင်တဲ့ အချက်နဲ့၊ သူတို့ပြောနေတဲ့ အချက်တွေနဲ့ လက်တွေ့မှာ တော်တော်လေး ကွာခြားနေတာကို မြင်ရတယ်။”
အထူးသဖြင့် မြန်မာ့ပြည်တွင်း သတင်းဂျာနယ်သမားတွေရဲ့ လုပ်ငန်းတွေနဲ့ သတင်းသမားဘဝနဲ့ ဝမ်းစာရှာ အလုပ်လုပ် ကိုင် နေကြရသူတွေဟာ အခုအချိန်မှာ ပိုပြီး အန္တရာယ်ကြီးလာတာ တွေ့ရတယ်လို့လည်း သူ့အမြင်ကို ပြောပါတယ်။
“တကယ်တမ်းပြောမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီနေ့ဒီအချိန်အထိ ဒိပြင် အတတ်ပညာနဲ့ ပတ်သက်တဲ့ တက္ကသိုလ် တွေ၊ ကျောင်းတွေ မှိုလိုပေါက်နေပေမယ့် ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်ပြီး ဘွဲ့ပေးတာမျိုးတွေ ဒီနေ့ ဒီအချိန်ထိ မရှိဘူး။ သီးသန့်တက္ကသိုလ်ဆိုတာ အပထား၊ တက္ကသိုလ်မှာ ဘာသာရပ် တခုအနေနဲ့ သင်ပေးတာတောင် မရှိဘူး။ လုပ်ကြတယ် ဆိုတဲ့ နေရာမှာ တခြားနိုင်ငံက ဂျာနယ်လစ်တွေ လွတ်လပ်သလောက် သူတို့ မလွတ်လပ်ဘူး။ မလွတ်လပ်တဲ့အပြင် အဆင် မသင့်တာနဲ့ သူတို့ဟာ ထောင်ကျခံရတာကနေ စပြီးတော့ နောက်ဆုံး နှိပ်စက်ညှဉ်းပန်းခံရတာ အဆုံး အဲဒီလောက်အထိ အန္တရာယ်ကြီးတဲ့ အနေအထားမှာ သူတို့ ဒီအလုပ်ကို လုပ်နေကြတာပါ။”
မြန်မာသတင်းသမဂ္ဂ (BMA) ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောသွားတာ ဖြစ်ပါတယ်။