သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်


ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်မြန်မာ နယ်စပ် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာ စစ်တပ်တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ် ကုန်ပစ္စည်းတွေ မန္တလေးမြို့ကို ထက်ဝက်နီးပါး တင်သွင်းမှုတွေ ကျဆင်းတယ်လို့ တရုတ်ပစ္စည်းဈေးတွေလည်း တက်သွားခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ အခုလို တရုတ်ပစ္စည်းတွေ အဝင်နည်းသွားရုံသာမက မြန်မာပြည်ဘက်ကနေ တင်ပို့နေတဲ့ ကောက်ပဲသီးနှံတွေကိုလည်း ဒီရက်ပိုင်းတွေထဲ တရုတ်ကုန်သည်တွေက မဝယ်သလောက်ဖြစ်နေတာမို့ ကောက်ပဲသီးနှံဈေးကွက်တွေ ကျနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပါတယ်။

မန္တလေး ကုန်သည်တွေ ပြောတာကတော့ တိုက်ပွဲတွေ ဖြစ်နေခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တရုတ်ပြည်ဘက်ကနေ ပစ္စည်းတွေဟာ မန္တလေးကို မဝင်သလောက် ရပ်တန့်သွားတယ်လို့ ပြောပါတယ်။ တကယ်တော့ မန္တလေးကို တင်ပို့နေတဲ့ ပစ္စည်းတွေဟာ မူဆယ်၊ လားရှိုးဘက်ကနေ အများဆုံး တင်သွင်းတာဖြစ်ပေမဲ့ ကိုးကန့်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် တရုတ်နဲ့ မြန်မာနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ တိုက်ပွဲတွေ ရပ်သွားပြီးနောက်ပိုင်း အခုအချိန်အထိ မန္တလေးမှာ အရင်က ဝင်လာတဲ့ ပစ္စည်းတွေရဲ့ တဝက်လောက်သာ ဝင်လာသေးတဲ့အကြောင်းကို မန္တလေး ကုန်သည်တဦးက ပြောပြပါတယ်။

“မန္တလေးက ဝင်လာတာကတော့ စားသောက်ကုန်တွေ အဝင်နည်းသွားတာပေါ့။ တရုတ်နဲ့ ပတ်သက်တဲ့ စားသောက်ကုန်တွေ အဝင်နည်းသွားတယ်။ ခါတိုင်း ကားလေးစီးစာလောက် ပုံမှန်ဝင်တယ်ဆိုရင် ကား၂စီးလောက်ပဲ အဝင်ရှိသွားပြီးတော့ အဲဒီ ဖြစ်နေတဲ့ ရက်တွေတုန်းကတော့ အဝင်လုံးဝမရှိဘူး ခင်ဗျ။ စားသောက်ကုန်တွေဆိုရင် ဈေးတက်ကုန်တယ်လို့ ပြောလို့ ရတယ်။ ဟင်းခပ်မှုန့်တို့၊ ဘာတို့ ဆိုရင် တထုတ်ကို ကျပ် ၈၀၀ကနေပြီး ကျပ် ၁၀၀၀ လောက်ပေးရတယ်။ ၃၀ရာခိုင်နှုန်းလောက် တက်သွားတယ်။ ”

တရုတ်ပစ္စည်း အဝင်နည်းသွားရုံသာမက မြန်မာပြည်ဘက်က တရုတ်ပြည်ဘက်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဒီရက်ပိုင်းအတွင်း တရုတ်ကုန်သည်တွေက အဝယ်နည်းတာကြောင့် ပစ္စည်းဈေးတွေ ထိုးကျနေတယ်လို့ ကုန်သည် ကပဲ ပြောပြပါတယ်။

“အထူးသဖြင့် ကောက်ပဲ သီးနှံတွေ ပုံမှန်ဝယ်နေတာတွေ ရှိတယ်။ ခါတိုင်းဆိုရင်ပေါ့။ အခုရက်ပိုင်း တရုတ်ဘက်က မဝယ်တဲ့အတွက် ကောက်ပဲသီးနှံ ဈေးကွက်မှာ ဈေးအတော် အေးသွားတယ်ဗျ။ အဲဒါမျိုးကို တွေ့ရတာ ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၄၀လောက် ပြောလို့ရတယ်။ ဘာဖြစ်လို့ အဲဒီလို သတ်မှတ်လို့ ရတာလဲဆိုတော့ ခါတိုင်း နှမ်းတို့၊ မတ်ပဲတို့ဆို တရုတ်က အမြဲဝယ်နေတာတွေ ရှိတယ်။ အဲဒီရက်ပိုင်းက ဒီဘက်ကလည်း တင်ပို့တာတွေ ရပ်ထားတဲ့အတွက် တရုတ်ကုန်သည် တွေလည်း မဝယ်တော့တဲ့အတွက် ပြည်တွင်းမှာ ကျတော့ ဈေးတွေ ထိုးကျသွားတာဖြစ်တယ်။ ကျပ် ၈၀၀၀၀ လောက်ရှိတဲ့ နှမ်းတအိတ်က အဲဒီရက်ပိုင်းမှာ ၆၈၀၀၀ လောက်ဆိုတော့ ၁၂၀၀၀လောက် ဈေးလျော့တယ်လို့ ပြောလို့ ရပါတယ်။”

တရုတ်မြန်မာ နယ်စပ် ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ စစ်တပ်တွေကြား ရက်အနည်းငယ်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခုချိန်အဲဒီဒေသတွေမှာ ပုံမှန်အခြေအနေ ပြန်ရောက်နေတယ်လို့ ဆိုပေမဲ့ မန္တလေးက တရုတ်ပစ္စည်းဈေးကွက် မတည်ငြိမ်သေးဘူးလို့ အဲဒီ ကုန်သည်ကပဲ ပြောပါတယ်။

“အလားအလာကောင်းဖို့ မျှော်လင့်နေကြတာပဲ။ ပုံမှန်အထိတော့ မရောက်သေးဘူး။ ပုံမှန်ဖြစ်ဖို့ မျှော်လင့်နေတုန်းပဲ ရှိကြသေးတယ်။ အခုပြီးခဲ့တဲ့ အပတ်ကစပြီး နည်းနည်း ပြန်ပြီးတော့ ဝယ်လာတာပဲ ရှိသေးတယ်။ အရင်လို ပုံမှန်ဝယ်နေတာမျိုးတော့ မဟုတ်ဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG