သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာတော်များစောင့်ကြည့်ခံနေရ


ရန်ကုန်မြို့မှာ သံဃာတော်တွေကို အနီးကပ် စောင့်ကြည့်တာတွေရှိနေတဲ့အတွက် သံဃာတော်တွေအနေနဲ့ လုံခြုံမှု မရှိသလို သီတင်းသုံးရတာလည်း လွတ်လပ်မှုမရှိဘူးလို့ ရန်ကုန်မြို့ခံ သံဃာတော်တပါးက မိန့်ကြားပါတယ်။ ရေနံချောင်းမြို့က နေ အပင့် ခံသွားရတဲ့ ဆရာတော်တပါးဟာလည်း ဘယ်ရောက်နေမှန်းမသိတဲ့အတွက် မြို့ခံတွေက စိတ်ပူနေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်း မေးမြန်း တင်ပြထားပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်နှစ်ပြည့် နှစ်ပတ်လည် အချိန်ကာလ နီးကပ်လာတာနဲ့အမျှ သံဃာတော်တွေကို စောင့်ကြည့်တာတွေ ရှိလာနေတာပါ။ သံဃာတော်တွေက တတိယ အကြိမ် ပတ္တနိကုဇ္ဇန ကံဆောင်မယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေပါတယ်။ အဲဒါကြောင့်လည်း အာဏာပိုင်တွေဘက်က နေ သံဃာတော်တွေကို အနီးကပ်စောင့်ကြည့်တာတွေ ပိုလုပ်လာတဲ့ပုံရတယ်လို့ ယူဆကြပါတယ်။

ရန်ကုန်မြို့ခံသံဃာတပါး မိန့်ကြားတာကတော့

"ဘယ်သွားသွား စောင့်ကြည့်ခံနေရတယ်။ ကျိုက်က္ကဆံဘုရားတို့၊ ရွှေတိဂုံဘုရားတို့ ဆိုရင်လည်း လုံခြုံရေးတွေ အရမ်းတင်းကျပ်ထားတယ်။ သူတို့ ယူနီဖောင်း ပါတာကတမျိုး မပါတာက တဖုံ၊ အမျိုးမျိုးပဲ စောင့်ကြည့်ခံနေရတယ်။ သွားရလာရတာ လွတ်လပ်မှု မရှိဘူး။"

ရေနံချောင်းမြို့မှာတော့ စာသင်တိုက်တခုက ဆရာတော်ကို ခေါ်ဆောင်သွားပြီး ဘယ်ရောက်နေမှန်းမသိရဘဲ နောက်တပါးက တော့ ပင့်သွားပြီးမှ ပြန်ရောက်လာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"ပထမ အဖမ်းခံရတဲ့ ရွှေစေတီ ပါဠိတက္ကသိုလ် တိုက်သစ်က ဆရာတော် ဦးဝါယမ ကတော့ အခုထက်ထိ ဘယ်ရောက်နေမှန်းမသိဘူးဗျာ။ နောက်တခါ ပင့်သွားတဲ့ ဆရာတော် ဦးဝိမလ ကတော့ မနေ့က နေ့လည် တရက်နေ့ နေ့လည် ၂နာရီမှာ ကျောင်းကို ပြန်ရောက်လာပါတယ်။ ပင့်သွားတာကတော့ အာဏာပိုင်ရဲရယ်၊ SPDရယ် ဒီလိုပဲပင့်ကြတာပါပဲ။ နောက် မရက တွေလည်း ပါတာပါပဲ။ ဘာအကြောင်းပြချက်နဲ့ ဘာနဲ့ သေချာ ဘာကြောင့်ဆိုတာလဲ မသိဘူးဗျ။"

အခုအချိန်ကာလဟာဖြင့် ဗုဒ္ဓဘာသာသံဃာတော်တွေ တနေရာကနေ တနေရာကို ခရီးသွားလာတာတွေ ရှောင်ရှားပြီး ကိုယ် ရောက်နေတဲ့ နေရာမှာပဲ သီတင်းသုံး နေထိုင်ကြတဲ့ကာလပါ။ ဒီလိုအချိန်မျိုးမှာ သံဃာတော်တွေကို ဘာအကြောင်းနဲ့ ဘယ်နေရာ မှန်းမသိ ခေါ်ဆောင်သွားတာတွေကြောင့် သံဃာတော်တွေရဲ့ သံဃာ့ကိစ္စ ကျိုးပျက်မှာကိုလည်း ဒကာတွေအနေနဲ့ စိုးရိမ်နေကြရ ပါတယ်။

"ဆရာတော်ကြီးတွေက ဝါတော်အနေနဲ့ ဦးဝါယမဆိုရင် ဝါတော် ၃၀ကျော်ပြီ၊ အခု ဆရာတော်ကြီးကလည်း သက်တော်က ၇၀ ကျော်ဆိုတော့ ဝါတော်ကလည်း ၅၀ကျော်ပြီပေါ့ဗျာ။ အခုလို သူတို့တွေက ဟိုပင့်ဒီပင့် ပင့်တော့ ဝါတွေ ဘာတွေ၊ ကျိုးမှာတွေ၊ ဘာတွေ စိုးရိမ်တာပေါ့။ ဆရာတော်တွေအနေနဲ့ နစ်နာတယ်လေ။ အဲဒီလို ကိစ္စတွေဆို ကျွန်တော်တို့ မကြိုက်ဘူးပေါ့ဗျာ။ ဒါ ဘာသာရေး ရှုထောင့်က ပြောရမှာပဲ။"


၂၀၀၇ ခုနှစ်၊ သြဂုတ်လမှာ လောင်စာဆီဈေးနှုန်းတွေ ရုတ်တရက် အဆမတန် တိုးမြှင့်လိုက်ပြီးတဲ့နောက် ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို လူထုတွေ ခံစားကြရတဲ့အတွက် ကုန်ဈေးနှုန်းကျဆင်းအောင် လုပ်ပေးဖို့ တောင်းဆိုဆန္ဒပြတာတွေ စဖြစ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေကို ဦးဆောင်တယ်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို သြဂုတ်လထဲမှာ ဖမ်းဆီးခဲ့ပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ မြန်မာ စစ်အစိုးရ လုံခြုံရေးတပ်တွေက သံဃာတော်တွေကို သေနတ်နဲ့ပစ်ခတ်ပြီးတော့ကို နှိမ်နင်းဖြိုခွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်အပါအဝင် အဲဒီ နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ပြီး စီးနင်းခဲ့တဲ့ဖြစ်ရပ်တွေမှာ သံဃာတော်အများအပြား ပျံလွန်တော်မူခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။


အဲဒီအချိန်ကတည်းကစပြီး သံဃာတော်တွေရဲ့ဘဝဟာ လုံခြုံမှုမရှိတော့ဘဲ ရန်သူလို သတ်မှတ်ခံထားရကြောင်း ရန်ကုန်မြို့ခံ သံဃာတော်က မိန့်ကြားပါတယ်။

"လုံခြုံမှုကတော့ မရှိဘူး ဒကာကြီးရာ။ သူတို့ရဲ့ မိတ်ဆွေမှ မဟုတ်ဘဲ။ သူတို့ရဲ့ ရန်သူဖြစ်နေတာကိုး။ သူတို့ကို အတိုက်အခံလုပ်သူ မှန်သမျှ၊ သူတို့ အာဏာကို ခြောက်လန့်နေတဲ့ သူမှန်သမျှကို သူတို့ ရန်သူလို့ သတ်မှတ်ထားတာကိုး။ နောက်ဆုံး သူတို့ အနေနဲ့က ဘာကိုမှ ကြောက်တာမဟုတ်ဘူး၊ အပယ်ကျမှာလည်း ကြောက်တာမဟုတ်ဘူး၊ ငရဲကျမှာလည်း ကြောက်တာမဟုတ်ဘူး။ ကြောက်တာ တခုပဲ ရှိတယ်။ သူတို့ အာဏာလက်လွှွတ်ရမှာ။ သူတို့ အာဏာလက်လွှတ်အောင် လုပ်သူမှန်သမျှကို သူတို့ ကြံသလိုပဲ၊ သူတို့က စစ်သားပီပီ အကြမ်းဖက် နှိမ်နင်းမယ်။ "

ရန်ကုန်မြို့မှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတော်တပါးပါ။မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ နိုင်ငံဖြစ်ပြီး သံဃာတော်တွေကို ဗုဒ္ဓရဲ့သားတော်တွေအဖြစ် တလေးတမြတ် ထားကြပါတယ်။ ဒါ့ကြောင့်လည်း ဘုရားသားတော်တွေဖြစ်တဲ့ သံဃာတော်တွေအပေါ် အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံတွေဟာ ဗုဒ္ဓဘာသာသာသနာ အဓွန့်ရှည်ရာရှည်ကြောင်းထက် ပျက်စီးရာပျက်စီးကြောင်း ပိုဖြစ်စေနေတယ်လို့ သံဃာတော်တွေနဲ့ ဗုဒ္ဓ ဘာသာဝင် ဒကာဒကာမတွေက ဝေဖန် ပြစ်တင်ကြ ကြောင်းပါခင်ဗျား။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG