သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ စောင့်ကြည့်


မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြဆိုကြဖို့ ရှိနေတယ်လို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အမေရိကန် ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ဖမ်းဆီးထားတဲ့ ကိစ္စအပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာ တွေနဲ့ ပတ်သက်လို့ မျက်ခြည်ပြတ်မခံဘဲ ရှိနေချိန်မှာပဲ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်ပေး စီရင်ခဲ့တဲ့အပေါ် ပြန်ပြီးစဉ်းစားဖို့ အယူခံတင်သွင်းဖို့လည်း ပြင်ဆင်နေကြတဲ့ အခြေအနေတွေကို ပြောပြချင်ပါတယ်။ ကိုအောင်လွင်ဦးက တင်ပြထားတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်လက် အလေးထား စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ သဘောထားတဲ့အတွက် အခု စက်တင်ဘာလ ဆွေးနွေးပြောဆိုကြမယ့် နိုင်ငံတကာ အရေးကိစ္စတွေထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားတာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့လထဲမှာတုန်းကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ကျခံနေစဉ် ဥပဒေချိုးဖောက်တယ်ဆိုပြီး ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ပေး ခံခဲ့ရတာ၊ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်တာ စတာတွေဟာ မျက်ခြည်ပြတ်လို့ မရတာကြောင့်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်တာပါ။ စက်တင်ဘာလထဲ ဆွေးနွေးမယ့် ကိစ္စဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရ သေးတာ မို့ မှတ်တမ်းအဖြစ် လောလောဆယ် ထည့်သွင်းထားတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန် ရိုက်စ် က ပြောပါတယ်။
“အောက်ခြေမှတ်စု အနေနဲ့ ထည့်သွင်းထားရတာကတော့ အမေရိကန် ပြည်ထောင်စု အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက် အာရုံစိုက်သွားသင့်တဲ့ အချိန်ဖြစ်တယ်လို့ ခံစားမိလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ် ထောင်ဒဏ်အပြစ်ပေးထားတာနဲ့ ပတ်သက်လို့ အယူခံတင်တယ်ဆိုတာ ကျမတို့ သတိထားမိပါတယ်။ ဒီကိစ္စကို လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားပြီး ရလဒ်တခုလည်း ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင် ပါတယ်။”
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားခွင်က ဆိုင်းငံ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်အပြီးမှာတုန်းကတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ရှုတ်ချတဲ့အကြောင်း ကြေငြာချက် တစောင် ထုတ်ပြန် လိုက်သလို သံအမတ်ကြီး ရိုက်စ် ကလည်း ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်လိုက်တာဖြစ်တယ် ဆိုပြီး ပြောခဲ့တာပါ။ တနင်္လာနေ့တုန်းကလည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဖို့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ရောက်နေတုန်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာက ဒီထက်ပို လုပ်ဆောင်ကြဖို့လည်း ထပ်ပြီး တိုက်တွန်းခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို ကြားနာမှုတွေ လုပ်ဆောင်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တုန်းကတော့ အတွင်းရေးမှူးချုပ်ကို အာဏာပိုင်တွေ ဖက်က နိုင်ငံရေး တိုးတက်မှုတွေ လုပ်ဖို့ ကတိကဝတ် ပြုထားတာတွေ ရှိတာမို့ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက ဆွေးနွေးကြ မှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး ရိုက်စ် က ပြောပါတယ်။

“အတွင်းရေးမှူးချုပ်က သူ့ခရီးစဉ်အတွင်း တွေ့ဆုံမှုတွေက ထွက်ပေါ်လာတဲ့ရလဒ်တွေအရ ပြောထားတာကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးဖို့ ကိစ္စ အပါအဝင် နိုင်ငံရေးအရ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတွေ အလျင်အမြန် လှမ်းပါ့မယ်ဆိုတဲ့ အာမခံမှုမျိုး သူနဲ့တွေ့ခဲ့တဲ့ ခေါင်းဆောင်ပိုင်းဆီက ရခဲ့တယ်လို့ ပြောထားတာပါ။ ဒါကြောင့် မို့လို့လည်း အခု စက်တင်ဘာလ လုံခြုံရေး ကောင်စီဆွေးနွေးမယ့် ခေါင်းစဉ်တွေထဲမှာ ထည့်သွင်းဖို့ မှတ်ထားရမယ့် ကိစ္စ တခုဖြစ်တယ်လို့ ကျမတို့က ယူဆထားတာပါ။”


ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဆက်လက် ပြောကြဆိုကြမယ့် အချိန်မှာပဲ သူ့ရဲ့ ရှေ့နေတွေကလည်း သူ လွတ်မြောက်ရေးအတွက် ဒီကနေ့မှာပဲ တိုင်းတရားရုံးကို အယူခံ တင်သွင်းဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အပြစ်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရတာမို့ ဒါကို ခုခံချေပ အယူခံသွားမှာ ဖြစ်တယ်လို့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။


“အစိုးရဘက်က တရားလိုဘက်က ဒေါ်အောင်ဆန်းစုကြည် အပြစ်ကျူးလွန်ကြောင်း သက်သေ မထူနိုင်ဘဲနဲ့ အပြစ်ပေးထား တာ။ အဲဒါကို အယူခံမှာ။ အင်းစိန် ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည် အပြစ်ကျူးလွန်တယ်။ ပြစ်ဒဏ်ချတယ်။ အဲဒီ အမိန့်ကို အယူခံမှာ။ innocent မရှိဘူးဆိုတာကို အယူခံမှာ။ အားလုံး ၁၀ချက် ၁၁ချက်လောက်ပါတယ်။”


ရန်ကုန်အင်းလျားကန်နံဘေးက နေအိမ်ခြံဝန်းထဲ အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ်ရေကူး ဝင်ရောက်လာတာကို လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက တရားစွဲဆို အရေးယူပြီး ရန်ကုန် အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်ပြစ်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့လို့ စစ်အစိုးရ အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်တာကတကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး ပြစ်ဒဏ်ကို ထက်ဝက်လျော့ပြီး ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း နေအိမ်အကျယ်ချုပ် သက်တမ်း စေ့ကာနီး အချိန် ခုလို ထပ်မံပြစ်ဒဏ်ပေးခံခဲ့ရတဲ့ အခြေအနေမျိုး ပေါ်ပေါက်ခဲ့တာမို့ ဒါဟာ အဓိက နိုင်ငံရေးအတိုက်အခံ တဦးကို စစ်အစိုးရက ကျင်းပဖို့ ရှိနေတဲ့ ရှေ့နှစ်ရွေးကောက်ပွဲတွေ မတိုင်မီ ဖယ်ရှားထားဖို့ ရည်ရွယ်ထားတာဆိုပြီး သံသယတွေ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG