သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ပြီ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အယူခံ လျှောက်ထားလွှာကို ဒီကနေ့မှာ အကျိုးဆောင်ရှေ့နေတွေက တင်သွင်းလိုက်ပါပြီ။ ဒီအယူခံလွှာကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ရန်ကုန်တိုင်း တရားရုံးက မနက်ဖြန်မနက်မှာ ကြားနာမယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ နေအိမ်ထဲ တိတ်တဆိတ် ရေကူးဝင်ရောက် လာပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် တားမြစ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစွပ်စွဲခံခဲ့ရသလို ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခြင်း မရှိတဲ့အတွက် အပြစ်မရှိကြောင်း အယူခံလွှာကို ဒီကနေ့မှာပဲ တင်သွင်းလိုက်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အမှုကို တင်ခဲ့ပြီးပါပြီ။ ပထမအဆင့်ဖြစ်တဲ့ လက်ခံရေး၊ လက်မခံရေးကို မနက်ဖြန်မနက် ၁၀ နာရီ ကျနော်တို့ လျှောက်လဲချက် ပေးရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေသူ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့အပေါ် စီရင်ချက် ချမှတ်ရာမှာ ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေပါ အချက်တွေကို တရားရုံးက ကိုင်စွဲပြီး ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ အခု အယူခံတင်တဲ့နေရာမှာ ဒီအချက် အပါအဝင် တခြား အဓိကကျတဲ့ အချက်တွေကို ထောက်ပြထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အကြောင်းပြချက် အားလုံး ၁၁ ချက်ပါတယ်။ အားလုံးက အဓိကပဲ။ ဒီအထဲမှာ ဘာတွေပါလဲ ပြောနိုင်တာက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးလို့ရမရ ဆိုတဲ့ပြဿနာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနဲ့ မစ္စတာယက်တောတို့ကို အင်းစိန်ထောင်ဝင်းအတွင်း ရုံးထိုင်တဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ မေလ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီနဲ့ မစ္စတာယက်တောကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ စီရင်ချက် ချမှတ်ပြီးချိန်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ထက်ဝက်ကိုလည်း ဆိုင်းငံ့ပြီးတော့ ကန့်သတ်ချက်တွေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်နေခိုင်းခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံပြီး မေတ္တာရပ်ခံ တင်ပြခဲ့ပြီးတဲ့နောက် လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ ဆိုပြီး မစ္စတာယက်တောကို သြဂုတ်လ ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆိုင်းငံ့ထောင်ဒဏ် ၁၈ လကို နေအိမ်မှာ ဆက်ပြီး ကျခံနေရတဲ့ သဘောပါပဲ။

အမှုစစ်ဆေးစဉ် ကာလတလျှောက် အကျိုးဆောင်လာခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ ဥပဒေကြောင်းအရ အပြစ်မရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုရဖို့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။

“ဒီမှာ ကျနော်တို့ မအောင်မြင်ရင် High Court မှာသွားပြီး ပြင်ဆင်မှု တင်ရမှာပေါ့။ ဥပဒေအရတော့ အတော် ကောင်းတယ်ဗျ။ တကယ်တမ်းကျရင် ဥပဒေအရ ဘာမှ အပြစ်မရှိဘူး။ အဲတော့ ကျနော်တို့ကတော့ ဥပဒေအရ အပြည့်အ၀ မျှော်လင့်တယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အရင်ကျခံနေခဲ့ရတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ခါနီးလေးမှာပဲ ဒီအမှုအကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်စီရင်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကရော၊ နိုင်ငံတကာကပါ ပြစ်တင် ဝေဖန်ခဲ့ကြပါ တယ်။ အမြန်ဆုံး ပြန်လွှတ်ပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ လက်တွဲ လုပ်ဆောင်ကြဖို့လည်း မြန်မာစစ်အစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

ခုချိန်ထိတော့ မြန်မာအာဏာပိုင်တွေဟာ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်တာတွေ၊ အပစ်ရပ် လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့် တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဖိအား ပေးတာတွေနဲ့ အလုပ်ရှုပ်နေပုံရပြီး ကုလသမဂ္ဂကို ကတိပေးထားသလို အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ စတင် လုပ်ဆောင်နေတာတော့ မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG