ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုရီဂါမီ (Origami) စက္ကူအရုပ်ချိုးလွှတ် ပြိုင်ပွဲမှာ သွားပြိုင်ဖို့ မြန်မာနွယ်ဖွား နိုင်ငံမဲ့ လူငယ်လေးကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါပြီ။ အသက် ၁၂ နှစ်အရွယ်ရှိ မောင်သောင်ဒီ ကို ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား မိဘတွေက မွေးဖွားခဲ့တာကြောင့် ထိုင်းနိုင်ငံကူးလက်မှတ် မရနိုင် ဖြစ်ခဲ့ရပါတယ်။
ဘန်ကောက်မြို့က အဲဒီပြိုင်ပွဲမှာ ပထမရ ဗိုလ်စွဲခဲ့တဲ့ မြန်မာလူငယ်လေးက ချင်းမိုင်ကနေ ဘန်ကောက်ကို ပြန်လာပြီး ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ခဲ့ပေမဲ့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက အစိုးရကို တရားစွဲမယ်လို့ ဆိုလိုက်တာနဲ့ အများက ဒီကိစ္စကို အာရုံစိုက်လာကြရပြီး ထိုင်း အစိုးရအဖွဲ့ ဝန်ကြီးများ စည်းဝေးကာ မောင်သောင်ဒီအား ယာယီ ခရီးသွားလက်မှတ် ထုတ်ပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva)ကို သွားရောက်တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောခွင့်ရလိုက်တဲ့ မြန်မာနွယ်ဖွား လူငယ်လေးဟာ ဂျပန်ပြည်မှာ စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ပြုလုပ်မယ့် အဲဒီ နိုင်ငံတကာ ပြိုင်ပွဲ မှာ သွားရောက် ယှဉ်ပြိုင်ရပါလိမ့်မယ်။