သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်ကြားရှင်ပြန်အပ်ဖို့ တောင်းဆိုချက် ဝတပ်ဖွဲ့ အကြောင်းမပြန်


MNDAA ကိုးကန့်အဖွဲ့အပေါ် မြန်မာအစိုးရက စစ်ရေးအရ ဖိအားပေးခဲ့ပြီးတဲ့နောက်မှာ ကိုးကန့်နဲ့ ဆက်နေတဲ့ ဝ နယ်ဘက် မှာ ပုန်းခိုနေတယ်လို့ ဆိုတဲ့ အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကို အစိုးရလက်ကို အပ်ပါလို့ မြန်မာစစ်တပ်က UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကို အကြောင်းကြား တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဝ ဘက်က စစ်အစိုးရရဲ့ တောင်းဆို မှုကို မတုံ့ပြန်ဘဲ၊ သူတို့ရဲ့ အထူးဒေသ (၂) လုံခြုံရေးကို တိုးပြီး ဆောင်ရွက်နေပါတယ်။ အခုလို ကိုးကန့်နဲ့ဝဒေသတွေမှာ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဦးဖုန်ကြားရှင်ကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ် ဆိုတာကတော့ သံသယရှိစရာ မလိုတဲ့သတင်းတွေပါ။ မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာလည်း ဦးဖုန်ကြားရှင် ဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေကို ဆက်တိုက်ဖော်ပြနေပါတယ်။ ဒါပေမဲ့ ဦးဖုန်ကြားရှင် ဘယ်မှာရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ဦးဖုန်ကြားရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကတော့ ဦးဖုန်ကြားရှင် ဟာ မြန်မာနိုင်ငံအတွင်းက လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ပဲ ဆိုပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုးကန့်ဒေသဘက်မှာ တာဝန်ယူထားတဲ့ မြန်မာစစ်တပ် အကြီးအကဲတဦးက ၀ တပ်ဖွဲ့တွေကို စာရေးပြီးတော့ ဦးဖုန်ကြားရှင်ကို လွှဲအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို ရှင်းပြပါတယ်။

"စာပါ အကြောင်းအရာကို ကျနော်တို့ ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ဦးဖုန်ကြားရှင် အပါအဝင် သားတွေနဲ့ လေးယောက် ကို လက်ခံထားတာဟာ တာဝန်ကြီးတယ်၊ အပြစ်ကြီးတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပဲ။ ဒါကြောင့် သူတို့ကို ပို့ပေးပါလို့ ဆိုလိုတယ်ပေါ့ဗျာ။ ဒီ ၃ ရက်နေ့မှာ ဝသပ ခေါင်းဆောင်တွေကလည်း အစည်းအဝေးထိုင်ပြီးတော့မှ ဒီကိစ္စကို ဆွေးနွေး တာမှာ ဒီဥစ္စာက နအဖ ဟာ မြေခွေးကနေ သိုးကို စားချင်လို့ သူက အပြစ်ရှာတဲ့ပုံစံလိုပဲ ဖြစ်တယ်ပေါ့နော်။ ဒီဥစ္စာကို ကျနော်တို့က ရှိတယ်ပြောလည်း မထူးဘူး၊ မရှိဘူးပြောလည်း မထူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ရှိနေတာပဲ။ ဒီတော့ ကျနော်တို့ ဘာမှမဖြေတာ အကောင်းဆုံးပဲလို့၊ ဒီလို ဆုံးဖြတ်တယ်လို့ ပြောပါတယ်။"

ဒါ့အပြင် UWSA ၀ အဖွဲ့တွေ အနေနဲ့ ဒီကိစ္စဟာ မြန်မာစစ်အစိုးရက သူတို့ကို သက်သက်အပြစ်ရှာနေတယ်လို့ ယူဆတဲ့အတွက် ၀ တပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေတဲ့အကြောင်းကိုလည်း ဦးခွန်ဆိုင်းက ဆက်ပြောပြပါတယ်။

"အခုလောလောဆယ်ကတော့ ကိုးကန့်နယ်စပ်တလျှောက်မှာရော၊ ကျိုင်းတုံနဲ့ ဆက်တဲ့ နယ်စပ်တလျှောက်မှာရော သူတို့က တကယ်လို့ သူတို့ကို တိုက်ခိုက်လာမယ်ဆိုရင် ခုခံကာကွယ်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။"

သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်း ပြောပြခဲ့တာပါ။

တချိန်တည်းမှာပဲ ၀ ဒေသတွေအတွင်းမှာ အကူအညီတွေ ပေးနေတဲ့ အဲန်ဂျီအို အဖွဲ့အစည်းတွေကိုလည်း အဲဒီ နယ်မြေထဲ ကနေ ထွက်ခွာဖို့ ၀ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေအကြားမှာ စိုးရိမ်မှုနဲ့ နေရာ ပြောင်းရွှေ့မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG