သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေးပြန်ကောင်းလာအောင် အင်အားကြီးနိုင်ငံတွေ ကြိုးပမ်း


ကမ္ဘာ့စီးပွားရေး အားကောင်းလာစေဖို့အတွက် စီးပွားရေးနိုးထစေရေး အစီအမံတွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ကမ္ဘာပေါ်က အကြွယ်ဝဆုံး နိုင်ငံတွေက ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲအတွင်း ကတိပြု ပြောဆိုလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ အခုညီလာခံရဲ့ နောက်ခံ အကြောင်းရင်း တခုဖြစ်တဲ့ စီးပွားရေး ပြန်လည်နာလန်ထူလာစေရေး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သတိပေးမှု တွေ ရှိခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Tom Rivers သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ စီးပွားရေး ကျဆင်းမှု အခြေအနေတွေ တဖြည်းဖြည်း မှေးမှိန်စပြုလာနေပြီလားဆိုတဲ့ လက္ခဏာတချို့ တွေ့မြင်လာနေရပေမယ့်လည်း ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲတွေ ကတော့ ဆက်ပြီး အကုန်အကျခံ သုံးစွဲဖို့ သန္နိဋ္ဌာန်ချခဲ့ကြတာပါ။ ဒါကို သဘောတူတဲ့ အထဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုက်သ်နာ လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

“ပြန်လည်နာလန်ထူလာဖို့အတွက် ခိုင်မာတဲ့ အခြေခံတွေ နေရာတကျ ဖြစ်တဲ့အချိန်အထိ ဘဏ္ဍာရေးဆိုင်ရာ ပြင်ဆင်မှု တွေ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေအတွက် ရေရှည်ထောက်ပံ့မှုတွေ ကျနော်တို့ လုပ်သွားဖို့ လိုပါတယ်။”

လွန်ခဲ့တဲ့ လတွေမှာ ကမ္ဘာ့စီးပွားရေးထဲကို ဖြည့်ဆည်းပေးခဲ့တဲ့ ဒေါ်လာသန်းပေါင်း သိန်းသန်းချီရှိတဲ့ စီးပွားရေးနိုးထစေရေး အစီအမံတွေကို ပြန်ပြီးရုတ်သိမ်းလိုက်မယ်ဆိုရင် စီးပွားရေး နောက်တကြိမ်ကျဆင်းမှုတွေ၊ နှစ်ဆတိုး ချွတ်ခြုံကျမှုလို့ ဆိုနေ ကြတဲ့ အဖြစ်မျိုး ရောက်သွားလိမ့်မယ်လို့လည်း စီးပွားရေး ပညာရှင်တွေက ထောက်ပြခဲ့ကြတာပါ။ ဝန်ကြီး ဂိုက်သ်နာ ကလည်း စီးပွားရေး ကျဆင်းမှုတွေထဲက ပြန်ပြီးတိုးတက်အောင် လုပ်ရမယ့် ကဏ္ဍတွေထဲက တခုအဖြစ် အလုပ်လက်မဲ့ ပြဿနာကို ရည်ညွှန်း ပြောဆိုခဲ့တာပါ။ အစိုးရတွေ အနေနဲ့ ဒီကဏ္ဍတွေမှာ ဆက်ပြီး ကြိုးပမ်းမှုတွေ လုပ်ဖို့ လိုနေသေးတဲ့ အကြောင်း သူက သတိပေးခဲ့တာ ဖြစ်ပါတယ်။

“ဘဏ္ဍာရေးစနစ်မှာ ပြန်လည်ပြင်ဆင်နေတဲ့ လက္ခဏာတွေကို တွေ့နေရပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာတော့ မှာပါ။ ဒါပေမဲ့လည်း ရှေ့မှာတော့ စိမ်ခေါ်မှုကြီးတွေကလည်း ရှိနေဆဲပါ။ အလုပ်လက်မဲ့ပြဿနာက လက်မခံနိုင်လောက် အောင် မြင့်မားနေဆဲပါ။ ပုဂ္ဂလိကကဏ္ဍက ဝယ်လိုအားတွေနဲ့ ရေရှည်တည်တံ့စေမယ့် ပြန်လည်နာလန်ထလာတဲ့ အခြေအနေမျိုးကိုလည်း အခုထိ မရောက်သေးပါဘူး။”

လန်ဒန်မြို့က ဒီရက်သတ္တပတ်ကုန် ဆွေးနွေးပွဲဟာ ဆိုရင်တော့ လာမယ့် သီတင်းပတ် ၃ ပတ်အကြာ အမေရိကန်နိုင်ငံက Pittsburgh မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးပွဲတွေ မတိုင်မီ ဘုံရပ်တည်ချက်တွေ ရှာဖွေ သွားနိုင်ဖို့ နှီးနှောဖလှယ်ကြတာလည်း ဖြစ်ပါတယ်။ ဗဟိုဘဏ်တွေ၊ အစိုးရတွေက ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကနေ ဆွဲထုတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြပေမဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ဟာ အရေးကြီးတဲ့ ကိစ္စ အဖြစ် ရှိနေဆဲလို့လည်း ဝန်ကြီး ဂိုက်သ်နာ က ဆိုခဲ့တာပါ။

“Pittsburgh ထိပ်သီးညီလာခံအတွက် ကျနော်တို့ မျှော်မှန်းနေချိန်မှာတော့၊ စီးပွားရေး ကြီးထွားမှုနဲ့ ဘဏ္ဍာရေးစနစ်ကို ပြန်လည် ပြင်ဆင်မှုတွေကို စိန်ခေါ်နေတဲ့ အကျပ်တည်းဆုံး အချိန်တုန်းက ကျနော်တို့ ဆောင်ရွက်ခဲ့ကြသလိုပဲ၊ ဘုံ ရည်ရွယ်ချက်တွေ အရေးတကြီး လုပ်ရမယ့် ကိစ္စတွေကို သယ်ဆောင်လာကြဖို့လည်း လိုပါတယ်။ ကျနော်တို့ အနေနဲ့ တိုးတက်မှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ အနေနဲ့ ဒီအတိုင်း ဆက်လျှောက်သွားဖို့လိုသလို၊ အကျပ်အတည်းတွေ လျော့ကျလာလို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အရှိန်အဟုန်တွေကိုတော့ လျှော့ချပစ်လိုက်လို့ မရနိုင်ပါဘူး။”

ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ ဆုကြေးငွေတွေ အလွန်အကျွံရယူမှုတွေအပေါ် ဆက်လက်ပြီး ယေဘုယျအနေနဲ့ ကန့်သတ်ချက်တွေထားဖို့ အတွက်လည်း ကတိပြုခဲ့ကြတာပါ။ ဒီလို ဆုကြေးငွေ အများအပြား ပေးအပ် သုံးစွဲတဲ့ အလေ့အထဟာ လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေကို ပိုပြီး ကြီးထွားစေတယ် ဆိုပြီး ပြစ်တင် ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ အနာဂတ်မှာ ငွေကြေးချေးငှားမှုတွေကနေ ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာခဲ့ရင် ကာမိဖို့အတွက် ရည်ရွယ်တဲ့ အစီအစဉ်အဖြစ်နဲ့ နိုင်ငံတကာဘဏ်ကြီးတွေအနေနဲ့ အရန်ဘဏ္ဍာငွေကြေးတွေကို ပိုပြီး စုဆောင်းထားဖို့ သတ်မှတ်ချက်တွေ ပြဋ္ဌာန်းဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကိုလည်း အခုဆွေးနွေးပွဲအတွင်း ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲတွေဟာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG