ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)က ထိပ်ပိုင်းခေါင်းဆောင် ၅ဦးဟာ ၂၀၁၀မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့အတွက် ပါတီ ဖွဲ့စည်းကြမှာ ဖြစ်တာကြောင့် KIOအဖွဲ့ကနေ နှုတ်ထွက် ခွင့်ပြုလိုက်ပါတယ်။ ဒေါက်တာတူးဂျာ အပါအဝင် ကေအိုင်အို ခေါင်းဆောင်ဟောင်းတွေဟာ ကချင်ပြည်နယ်က အခြားနိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပါတီတရပ် ထူထောင်သွားမှာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြတာဖြစ်ပါတယ်။
KIOအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နှုတ်ထွက်လိုက်တဲ့ အကြောင်းကို မနေ့က KIO ဌာချုပ် လိုင်ဇာမြို့မှာ ကျင်းပတဲ့ လူထု အစည်းအဝေးမှာ တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။
KIO လူကြီး၅ယောက်ဟာ ပါတီနိုင်ငံရေးကို ပါဝင်ဆောင်ရွက်လိုတာကြောင့် နှုတ်ထွက်ခွင့်ပေးတာဖြစ်တယ်လို့ ဒေါက်တာ တူးဂျာ က အခုလို ပြောပါတယ်။
"ကျွန်တော်တို့က မြို့ပေါ်ထွက်ပြီးတော့ မြို့ပေါ်နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ကျွန်တော်တို့ အဖွဲ့အစည်းက ထွက်ခွင့်တောင်းတာပါ။ အဲဒါကို လူကြီးတွေက လက်ခံခဲ့ပြီး ခွင့်ပြုတာပေါ့။ အဲဒါ ထုတ်ပယ်လိုက်တဲ့ သဘော၊ အဲဒီလို အဓိပ္ပာယ်မျိုးတော့ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုပေါ်မှာ သူတို့က စဉ်းစားပေးခဲ့တာပါခင်ဗျ။ ကျွန်တော်တို့ ၅ယောက် အခုလောလောဆယ်တော့။ တရားဝင်ကတော့ မြို့ပေါ်က လူကြီးတွေ အားလုံး ၃၀၀ကျော်ပေါ့ဗျာ၊ အစည်းအဝေး လုပ်တယ်။ အဲဒီမှာ တရားဝင် ကြေညာပေးလိုက်တာပေါ့။"
အခုလို နှုတ်ထွက်သူတွေကတော့ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာတူးဂျာ၊ တွဲဘက် အထွေထွေအတွင်းရေးမှုှူး ဦးအင်ဂျာနော်ရစ်၊ ဦးမွန်ခေါင်၊ ဦးဇောင်ဖန်းနဲ့ ဦးလဇွန်တန်တို့ ဖြစ်ပါတယ်။
အခုလို နှုတ်ထွက်လိုက်တဲ့ KIO ခေါင်းဆောင်တွေဟာ အခြား ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြော ပါတယ်။
"ကျွန်တော်တို့ မြို့က လူတွေနဲ့ အားလုံး သွားပြီး ပေါင်းပြီး ပါတီတရပ် ထူထောင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင် ပြည်နယ် တိုးတက်ရေးပါတီ ဆိုတာကို ထူထောင်ဖု့ိ အခု ပြင်ဆင်နေတာပေါ့။ ကချင်ပြည်နယ် တိုးတက်ရေးပါတီမှာတော့ လူမျိုးဘာသာ မခွဲခြားပေါ့ဗျာ ပါဝင်လို့ ရတာပေါ့။ အဲဒီမှာ NDA-K အဖွဲ့ကလည်း သူတို့ ကျွန်တော်တို့လို အဖွဲ့အစည်းက ထွက်ပြီး ပါမယ်ဆို ပါလို့ရတယ်။ ဘယ်အဖွဲ့အစည်းကမဆို မိခင်အဖွဲ့အစည်းကနေ ထွက်ပြီးတော့ အရပ်သား တယောက် အနေနဲ့ ပါဝင်လို့ရတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကိုယ်စားလှယ်အနေနဲ့တော့ မရဘူးခင်ဗျ။ "
ယခုဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ၂၀၁၀ရွေးကောက်ပွဲအတွက် ပါတီတွေ ဖွဲ့စည်းခွင့် ပြုတဲ့အချိန်ကျမှ တရားဝင် မှတ်ပုံတင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်တိုးတက်ရေး ပါတီဟာ KIO၊ NDA-K ခေါ် ဒီမိုကရေစီသစ်တပ်မတော်-ကချင် နဲ့ ကချင်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင်တွေ ပူးပေါင်းပြီး အရင်နှစ် ဇွန်လအတွင်းက ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးဦးဆောင်အဖွ့ဲကို အခြေခံ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ဒေါက်တာတူးဂျာနဲ့ အဖွဲ့က ဒီလို နိုင်ငံရေးပါတီဖွဲ့စည်းဖို့ ပြင်ဆင်နေချိန်မှာ KIOအဖွဲ့ မြန်မာစစ်အစိုးရက ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး မနေ့က သူတို့ ဌာနချုပ် လိုင်ဇာမြို့မှာ လူထု အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကို ဒေသအသီးသီးက ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေက ခေါင်းဆောင် ၃၀၀ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီလူထုစည်းဝေးပွဲမှာတော့ ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) အသွင်ကူးပြောင်းရေးကို မူအားဖြင့် လက်ခံ ကြောင်း၊ ဒီလို အသွင်ပြောင်းရင် KIAစစ်တပ်ကို သာမက ပါတီနဲ့ ဌာနဆိုင်ရာတွေကို အသွင်ပြောင်းဖို့ လိုလားကြောင်းနဲ့ ဒီလို အသွင်ကူးပြောင်းတာကို ၂၀၁၀ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာတဲ့ အစိုးရနဲ့ အပြီးသတ် ညှိနှိုင်း ဆွေးနွေးလိုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။ နောက် ဒီအစည်းအဝေးကို တက်ရောက် လာသူတွေနဲ့ KIO အဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပြီး ညှိနှိုင်းဆွေးနွေးသွားလိုကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။
KIO ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်တပ်က ကိုယ်စားလှယ်တွေက KIA ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်က နောက်တပတ်အတွင်း တွေ့ဆုံဖို့ ရက်ရွှေ့ပြောင်းခဲ့ပါတယ်။
KIAကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး KIO နဲ့ မြန်မာစစ်အစိုးရအကြား ၇ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပေမဲ့ ပြီးပြတ်တဲ့ သဘောတူညီချက်တော့ မရသေးပါဘူး။