သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အရေး နဲ့ စစ်အစိုးရ လှည့်ကွက်


မကြာသေးခင်ကပဲ စစ်အစိုးရတပ်များရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ MMDAA (Myanmar National Democratic Alliance Army) ကိုးကန့်တပ်ဖွဲ့တွေဟာ အနီးအနားမှာရှိတဲ့ တခြားအပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ UWSA (United Wa State Army) 'ဝ' တပ်ဖွဲ့၊ မုန်လာတပ်ဖွဲ့၊ SSA (Shan State Army) သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စတဲ့ အဖွဲ့တွေနဲ့ PDF (Peace and Democracy Front) လို့ ခေါ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း ထားခဲ့ ပါတယ်။ မဟာမိတ် သဘောတူညီချက်အရ အဖွဲ့တဖွဲ့ကို ပြည်ပရန်သူက ထိပါးလာရင် ကျန်တဲ့အဖွဲ့တွေက ဝိုင်းပြီး ကာကွယ် ပေးရမယ် ဆိုပေမဲ့ အခု လောလောဆယ် အချိန်အထိတော့ ဖုန်ကြားရှင် နဲ့ တပ်ဖွဲ့ဝင်တချို့ကို UWSA 'ဝ' နယ်မြေထဲမှာ ခိုလှုံခွင့်ပေးထားတာကလွဲလို့ တခြားတစုံတရာ ထိရောက်တဲ့ ကူညီရိုင်းပင်းမှုတွေကို မတွေ့ရသေးပါဘူး။ မြန်မာပြည် အရှေ့ တောင်ပိုင်း ထိုင်းနယ်စပ်ဘက်မှာ ဖွဲ့စည်းထားတဲ့ NDF (National Democratic Front) လို့ ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အမျိုးသားဒီမိုကရက်တစ် တပ်ဦး မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုးဟောင်းဖြစ်ပြီး အခုလက်ရှိ စစ်ရေး တာဝန်ခံတဦးဖြစ်တဲ့ ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO - PaO People's Liberation Organization) ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ, ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ပထမအချက်အနေနဲ့တော့ မြောက်ပိုင်းမှာရှိတဲ့ အပစ်ရပ်အဖွဲ့တွေ ဖွဲ့ထားတဲ့ လုံခြုံရေး၊ စစ်ရေး မဟာမိတ်သဘောကတော့ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်လာရင် စုပေါင်း ခုခံ ကာကွယ်ဖို့ ဖြစ်တယ်၊ အခြေခံ အဖြစ် တော့ နိုင်ငံရေးအခြေခံနဲ့ ဖြစ်ပါတယ်။ သို့သော် နအဖ တကယ် ကျူးကျော်တဲ့အခါကျတော့ စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးသော်လည်းကောင်း မပြောဘဲနဲ့ ရာဇဝတ်ကြောင်း ရဲ အရေးယူပိုင်တဲ့ ပြစ်မှုတွေ ရှိတယ်။ ဒါကြောင့် ရာဇဝတ် ကြောင်း၊ တရားဥပဒေကြောင်းနဲ့ ပြပြီးတော့ ရဲ ရဲ့ လုပ်နည်းလုပ်ထုံးအရ ဝင်လာပြီးတော့ အဲဒီအပေါ်မှာ တပ်ပေါင်းစု က လည်း ခုခံ ကာကွယ်ဖို့ ဥပဒေကို လေးစားလိုက်နာရမယ်ဆိုရင် ဒါကလုပ်လို့မရတော့ဘူး သဘောမျိုး ဖြစ်လာတဲ့အခါ ကျတော့ အခွင့်ကောင်း ယူပြီးတော့ နအဖက ဝင်ရောက်လာတာဖြစ်တယ်လို့ ကျနော် သုံးသပ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဒီအထဲမှာ ဥပမာအားဖြင့် တဘက်နဲ့တဘက် အရင်စ ပစ်ခတ်မှုတွေ မလုပ်ဘူးဆိုတဲ့ သဘောတူညီချက်တွေ တချို့ရှိတာမို့လည်း သေချာသတ်မှတ်ထားတဲ့ မရှင်းလင်း တဲ့ အချက်တွေ ရှိတာကြောင့်လည်း ဝ, တပ်ဖွဲ့တွေအနေနဲ့ ကူညီနိုင်မှုမရှိတာလို့ ကြားသိရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ပြောပြပေးပါ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဲဒါလည်း မှန်ပါတယ်။ နအဖ က ဝင်လာပြီးတော့ စစ်ရေးအရ ကျူးကျော်တယ်၊ စစ်ရေးအရ တိုက်ခိုက်တယ်ဆိုရင်တော့ ချက်ချင်းခုခံကြမှာပဲ။ သို့သော် အခုဝင်လာတာက စစ်ရေးမပါဘူး၊ ရဲတွေက ရာဇဝတ်ကြောင်း အရ စစ်ဆေးမယ်၊ ရဲတွေကနေပြီးတော့ သမ္မာန်စာထုတ်ပြီးတော့ တရားခံလို့ယူဆရတဲ့လူတွေကို ဆင့်ခေါ်မယ်။ အဲဒီပုံစံနဲ့ ဝင်လာတဲ့အခါကျတော့ ဒီအလှည့်အပြောင်းတခုကို မြောက်ပိုင်းငြိမ်းချမ်းရေးအဖွဲ့က နားမလည်တဲ့အခါကျတော့ ဒါကို လှည့်ကွက် လုပ်ပြီးတော့ နအဖ က အင်အားကို သုံးလာတာ ဖြစ်တယ်။ အဲဒီအပေါ်မှာ သူမပစ်ရင် ကိုယ်က စ မပစ်ဘူးလို့ ပြောပေမဲ့ ရဲ လုပ်ပိုင်ခွင့်အရ ဝင်ပြီး နယ်မြေသိမ်းပိုက်ပြီးတော့ အင်အားသုံးတဲ့အခါကျတော့ အဲဒီမှာ သူတို့ ရှုံးသွားတာလို့ ကျနော်တို့ အကဲခတ်နိုင်တယ်။

ဦးသန်လွင်ထွန်း ။ ။ ဒီနေရာမှာ ရဲလို့ဆိုပေမဲ့လည်း တချို့ အကဲခတ်တွေရဲ့ အဆိုရကတော့ ဒီ နယ်မြေထဲမှာ မူလအစက မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေ ဒီလောက်အထိ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ဖုန်ကြားရှင် ရဲ့ နေအိမ်ကို ဝင်စီးတဲ့ နေရာမှာ မြန်မာစစ်တပ်က စစ်သားတွေကို ရဲ အသွင်ပြောင်းပြီး ရဲ ယူနီဖောင်း ဝတ်ပြီးတော့ ဝင်စီးခိုင်းတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးခွန်ဥက္ကာတို့ ဘာကြားသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ဟုတ်ကဲ့ အဲဒါတော့ ကျနော်လည်း သိပါတယ်။ ကြားလည်းကြားပါတယ်။ နအဖ က တကယ့် ရည်မှန်းချက်အစစ် ကတော့ နယ်မြေထိန်းချုပ်ဖို့၊ လက်နက်အင်အားသုံးပြီးတော့ ဝင်ဖို့ ပါ။ ဒါပေမဲ့ အဲဒါကို အပေါ်ယံ ဖုံးတဲ့ အနေနဲ့ ရာဇဝတ်ကြောင်းဖြစ်တယ်၊ ဥပဒေကြောင်း ဖြစ်တယ်ဆိုတဲ့ဟာ၊ ဒေါ်အောင်ဆန်းစုကြည် ကို အရေးယူတဲ့ သဘော မျိုးပေါ့။ ဒါ လူ့အခွင့်အရေး မဟုတ်ဘူး၊ ရာဇဝတ်မှု ဖြစ်တယ်၊ ဥပဒေကိစ္စဖြစ်တယ်ဆိုတဲ့ ဖုံးကွယ်ပြီးတော့ ကိုးကန့်ကို ဝင်တာ ဖြစ်တယ်။ ဒါကြောင့် ဒီလို ဖုံးကွယ်ဝင်တဲ့နေရာမှာ အလိမ်အလှည့်ကို ခံရပြီးတော့ ဒီ မြောက်ပိုင်း အင်အားစုတွေက နည်းနည်း အခက်အခဲဖြစ်သွားခဲ့တယ်။ တဘက်ကလည်း တရုတ်ပြည်က နယ်စပ်ကပ်နေတော့ တရုတ်ပြည် ရဲ့ အကြံပေး ချက် တွေ၊ ရှင်းရှင်းပြောရရင်တော့ လွှမ်းမိုးမှုတွေကိုလည်း အဲဒီက အဖွဲ့အစည်းတွေက နာခံရမယ်ဖြစ်တော့ ဘယ်လိုပဲ လှည့်လှည့် တို့ကိုထိရင် မခံဘူးဆိုပြီး ဝိုင်းတိုက်ကြမယ်လို့ ပြောရင်လည်း တရုတ်ပြည်ကတော့ ဆူဆူပူပူ မလုပ်ကြပါနဲ့ ကချင်လည်း နေပါ၊ ဝ လည်းနေပါ၊ ကိုးကန့်ပြဿနာကတော့ ကျနော်တို့ ကြားထဲမှာ ကြည့်ရှင်းပေးမယ် ဆိုပြီးတော့ တရုတ် ကိုယ်တိုင် ဝင်ဟန့်တားလို့ရှိရင်တော့ ဒီ မဟာမိတ်တွေ ကတိကဝတ်နဲ့ ကူညီရမယ့် ကိစ္စမှာ နည်းနည်းတော့ အဟန့်အတား ဖြစ်သွားနိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစပိုင်းမှာ စွပ်စွဲချက်က ဦးဖုန်ကြားရှင်ရဲ့ နေအိမ်အတွင်းမှာ လက်နက်စက်ရုံရှိတယ်၊ လက်နက်တွေ ထုတ်လုပ်နေတယ်၊ တရားမဝင် လက်နက်တွေ သိုလှောင်ထားတယ်ဆိုပြီးတော့ စွပ်စွဲထားတာရှိတယ်။ ဒါပေမဲ့လည်း တကယ်တမ်းကျတော့ ဒီ ကိုးကန့်အဖွဲ့ကိုယ်တိုင်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတခု အနေနဲ့ သူရဲ့ ရှိနေတဲ့ လက်နက် တွေကို ပြုပြင်ဖို့ မွမ်းမံဖို့ ထုတ်လုပ်ဖို့ အထူးသဖြင့် စက်ရုံတွေ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေ ထားပိုင်ခွင့် မရှိဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ တကယ်တော့ ဒီကိစ္စတွေ ဒီလိုဖြစ်တယ်ဆိုတာ နအဖ သိပြီးသားပါ။ သူတို့ အနှစ် (၂၀) လုံးလုံး ငြိမ်းချမ်းရေး ပထမဦးဆုံးရတဲ့ အဖွဲ့အနေနဲ့ ဦးစားပေးပြီးတော့ လုပ်ချင်တာလုပ် နေချင်သလိုနေ ထားပြီးသားပါ။ သို့သော် အခုလက်ရှိ အခြေအနေကျမှ တစုံတရာ ၂၀၁၀ ရွေးကောက်ပွဲကို ကာတဲ့အနေနဲ့ ဒီလို မနာခံတဲ့ အမိန့်မနာခံတဲ့ အပစ်ရပ် တွေကို ဆုံးမမယ့်အပြင် ဦးဖုန်ကြားရှင် အဖွဲ့ကတော့ တစ်၊ ကိုးကန့်ဆိုတဲ့ နယ်မြေအရ လူမျိုးစုက တရုတ် မျိုးနွယ်စုတွေ ဖြစ်တော့ အမျိုးသားရေးရှု့ထောင့်ကနေ ကြည့်ရင် အပျော့ဆုံးဖြစ်တယ်။ နောက် နိုင်ငံရေး ခံယူချက်ဘက်က ကြည့်ရင် လည်း အပျော့ဆုံးဖြစ်တယ်။ အင်အားဘက်က ကြည့်ရင်လည်း အပျော့ဆုံးဖြစ်တယ်။ ဒါကြောင့် အပျော့ဆုံးနေရာကို အရင် နှိုက်တဲ့သဘောမျိုးနဲ့ နအဖ က ထိုးစစ်ဆင်တယ်လို့ ကျနော်ပြောနိုင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အခုနောက်ဆုံး ဒီ ဗမာသတင်းစာတွေရဲ့ ပြောကြားချက်အရဆိုရင် အစောပိုင်းကတော့ ဒါ တရားမဝင် လက်နက်စက်ရုံ ရှိတယ်ဆိုပြီးတော့ စွပ်စွဲထားတာမျိုးပဲ ကျနော်တို့ကြားရတယ်။ ဒါပေမဲ့ အခုတဆင့် တက်လာ တာ က ဦးဖုန်ကြားရှင် က မှုးယစ်ဆေးဝါးလုပ်ငန်းတွေ ပတ်သက်နေပါတယ်ဆိုပြီးတော့ အခု ပထမဦးဆုံး ထူးထူးခြားခြား ပြန်ပြီး စွပ်စွဲလာတာကို တွေ့ရတယ်။ တကယ်တမ်းကျတော့ ဦးဖုန်ကြားရှင် ဟာ ပြင်ပနိုင်ငံရေး လေ့လာသူ တွေ နဲ့ ပြင်ပ စောင့်ကြည့်နေသူတွေရဲ့ သိရှိထားတာက သူက မူးယစ်ဆေးဝါးမှာ ပတ်သက်နေတယ်ဆိုပြီး နယူးယော့ (New York) တရားရုံးက သူကို ဆင့်ခေါ်ထားခြင်း ခံနေရသူ တဦးဖြစ်တယ်။ ဒါပေမဲ့လည်း အဲဒါကို တချိန်လုံး မြန်မာစစ်အစိုးရက ငြင်းပယ်နေခဲ့ပြီး အထူးသဖြင့် ၂၀၀၅ ခုနှစ်က ဦးဖုန်ကြားရှင် နဲ့ ပေါင်းပြီးတော့ ဒီ ကိုးကန့်နယ်မြေမှာ ပထမဦးဆုံး မူးယစ် ဆေး ကင်းလွတ်တဲ့ နယ်မြေအဖြစ် တရားဝင်ကြေညာထားခဲ့ပြီးမှ အခုမှ သူတို့ ဘာလို ဒီလို စွပ်စွဲမှုတွေ ထပ်လုပ်လာတာ လဲ။ တခြား အဲဒီ ဒေသအတွင်းမှာ အဖွဲ့အစည်းတွေဖြစ်တဲ့ အထူးသဖြင့် UWSA, ဝ အဖွဲ့လို အဖွဲ့အစည်း တွေလည်း ဒီလိုမျိုး ရာဇဝတ်ကြောင်းတွေနဲ့ စွပ်စွဲလာစရာတွေ မရှိနိုင်ဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ သေချာပေါက်ပေါ့ဗျာ။ ရာဇဝတ်မှုနဲ့ စွပ်စွဲနိုင်တဲ့အကြောင်းတွေက အများကြီးပါ။ အဲဒီ မြောက်ပိုင်း အဖွဲ့တွေ မပြောခင်မှာ ကျနော်တို့ တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းအနီလို့ ခေါ်တဲ့ ရလဖ ကို ကြည့်လိုက်။ အင်အား မရှိပါဘူး။ သူတို့ လေးငါးရာ။ သို့သော်လည်းပဲ ရလဖ ကို အခွင့်အရေးပေးပြီးတော့ တကယ်တမ်း ချုပ်ကိုင်တော့မယ့် အခါကျတော့ ရလဖ အထဲက အဲဒီ မှုးယစ်ဆေးဝါးအမှု၊ အမှုတခုခုပေါ့ ရာဇဝတ်မှု မကင်းသောအမှုတွေကို ကိုင်တွယ်ပြီးတော့ ဖမ်းဆီး ထောင်ချ၊ ဖြုတ်ပစ်တဲ့ ဟာ အများကြီးပေါ်လာတယ်။ ပေါ်တဲ့အခါကျတော့ အဲဒီ ခြိမ်းခြောက်မှုအပေါ်မှာ ရလဖ မှာ လေးစု လေးဖွဲ့ ကွဲပြီးတော့ တခါတည်း ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ အခုဆိုရင် မရှိတော့ဘူး။ အဲဒီ ပုံစံမျိုးက အခု ကိုးကန့်ကို သွားပြန်သုံးတယ်လို့ ကျနော်တို့ တွေ့ရတယ်။ ကိုးကန့်မှာလည်း တကယ်တော့ ဒီ ဖုန် အမျိုးအနွယ် အုပ်စု နဲ့ ရန် မျိုးနွယ် စုတို့က ကြာပါပြီ။ ကိုးကန့်ရဲ့ သမိုင်းကြောင်းအရ။ အဲဒါကို ညီညီညွှတ်ညွှတ် ဘက်တဘက်က ဖြစ်တယ် တဘက်က ညီညီညွှတ်ညွှတ်နဲ့ ပြန်နေကြတယ်။ ဒါကို ပြန် အစဖော်ပြီးတော့ နအဖ က ရန် အုပ်စုကို မြှောက်ပေးပြီးတော့ တို့က အာဏာ သိမ်းတဲ့ဘက် လိုက်မယ်ဆိုပြီးတော့ ခုတုံးလုပ်လိုက်တဲ့အပေါ်မှာ ကိုးကန့်ရဲ့ ပထမဦးဆုံး အုပ်စု အကွဲအပြဲ ကို ခုတုံး လုပ် တယ်။ ဒုတိယကတော့ မူလ အနှစ် (၂၀) လုံးလုံး ခွင့်ပြုပြီးတော့ မမြင်ယောင်ဆောင်နေတဲ့ လုပ်ငန်းတွေကို အခုမှ ရာဇဝတ် မှု မြောက်တယ်၊ ရဲ အရေးယူပိုင်ခွင့်ရှိတယ်။ ဒါ ပြည်ထဲရေးဌာနရဲ့ လုပ်ငန်းဆိုပြီးတော့ ပြည်ထဲရေးဌာနရဲ့ ဒု တာဝန်ခံ ကိုယ်စားလှယ် တရုတ်ကို သွားပြီးတော့ အရေးဆိုတဲ့ဟာကတော့ နအဖရဲ့ တမျိုးတဖုံလှည့်လိုက်တဲ့ လှည့်ကွက်လို့ ပြောနိုင် တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မှုးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်အမှုတွေဟာ ပြင်ပကမ္ဘာ့နိုင်ငံတွေရဲ့ စွပ်စွဲမှု တွေ အရဆိုရင် မြန်မာစစ်အစိုးရကလည်း တနည်းတဖုံနဲ့ မျက်နှာလွှဲထားတဲ့သဘောမျိုး၊ အားပေးအားမြှောက် လုပ်ထားတဲ့ သဘောမျိုး ပုံစံမျိုးတွေပါ ရှိနေတာဆိုတော့ အခုလို တဘက်ကို လက်ညိုုးထိုးလာရင် တဘက်ကလည်း မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ပါဝင်ပတ်သက်လာမှုတွေကို ဖော်ထုတ်လာမှာကိုရော သူတို့ အနေနဲ့ စိုးရိမ်မှုမရှိဘူးလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ အဲဒါလည်း ပါကောင်းပါနိုင်တာပေါ့။ ဒါပေမဲ့ ဒီ ဗမာအစိုးရခေါ်ခေါ် နအဖ အစိုးရခေါ်ခေါ် ဒီပုဂ္ဂိုလ် တွေက အပစ်ရပ်ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေက လုပ်ပိုင်ခွင့်ရှိတဲ့လူတွေကို သူတို့က မက်လုံးပေးပြီးတော့ စီးပွားရေး တွေလုပ်၊ မူးယစ်ဆေးဝါးပဲ လုပ်လုပ်၊ မတရား မတော်မတရား ရာဇဝတ်မှု မကင်းတဲ့အလုပ်ပဲလုပ်လုပ် ကြည့်ထားတယ်။ မှတ်တမ်းယူထားတယ်။ တနေ့တချိန်မှာ လက်နက်သဖွယ် အသုံးပြုပြီးတော့ ဒီလူတွေကို ပြန်ပြီးတော့ ရိုက်ချိုးဖို့၊ နှိပ်ကွပ်ဖို့ အပြည်ပြည်ဆိုင်ရာရဲ့ အမြင်သဘောထားမှာ တရားနည်းလမ်းကျတယ်ဆိုတဲ့ အမြင်ကို ကိုင်ဖို့ သူတို့က ပြင်ထား တာပေါ့။ ဒါကြောင့် အခုလို နအဖ က စနစ်တကျ စုဆောင်းပြီးတော့ အချိန်ကျလာတဲ့အခါကျတော့ ပြင်ဆင်ထားတဲ့အတိုင်း ကိုင်တွယ် တဲ့ အခါကျတော့ ရာဇဝတ်မှုတွေ ဖြစ်လာတယ်။ ဒါကို ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပထမ အခွင့်အရေး ရတုန်း မျောပြီးတော့ ယူခဲ့လိုက်ခဲ့ပါခဲ့တဲ့ဟာကို သူတို့က ပြန်ကိုင်တဲ့သဘောမျိုးဖြစ်တယ်။ ဒါကတော့ နည်း ပရိယာယ် ကောင်းကောင်းနဲ့ အမြစ်ဖြုတ်မယ့် စနစ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် အခု မြောက်ပိုင်းက မဟာမိတ်အဖွဲ့ရဲ့ အခြေအနေအကြောင်းကို ပြန်မေးရမယ်လို့ဆိုရင် ဒီ မဟာမိတ်အဖွဲ့အနေနဲ့ ဝ နယ်ထဲမှာ ဖုန်ကြားရှင်တို့ကို လက်ခံထားတာကို ဟုတ်ပါတယ်။ ဒါပေမဲ့လည်း အခု ကိုးကန့် နယ်မြေမှာ ပိုင်ဆောက်ချိန်တို့ ဦးဆောင်တဲ့ ဗဟိုကော်မတီအသစ်လည်း ပေါ်လာပြီးဆိုတော့ ဒီ မဟာမိတ်အဖွဲ့အနေနဲ့ ကိုးကန့်နယ်ထဲမှာ အသစ်ပေါ်လာတဲ့အဖွဲ့အစည်းကို အသိအမှတ်ပြုပြီး ပြန်ပြီးတော့ သူတို့ ဆက်ဆံသွားဖို့ အလားအလာ ရှိလား။ ဒီ မဟာမိတ်အဖွဲ့ရဲ့ နောက်ပိုင်းအလားအလာက ဘယ်လိုရှိသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ။ ။ ကျနော်ထင်တယ် အခု အသစ်ပေါ်တဲ့အဖွဲ့က ရုပ်သေးဖြစ်တယ်။ ရုပ်သေးသဘောဆောင်တဲ့ အခါ ကျတော့ သူမှာ ဘာမှ မှန်ကန်တဲ့ လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လောက်ကိုင်အခြေစိုက် ဒကသ ကပဲ သူ့ကို ကိုင်ထားပြီးတော့ ပြောချင်တာခိုင်းချင်တာ ခိုင်းပြီး ကိုးကန့်လူမျိုးကိုလည်း ကိုယ်စားပြုမှာ မဟုတ်သလို၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကိုလည်း ကိုယ်စားပြုမှာ မဟုတ်ဘူး။ မဟုတ်တဲ့အခါကျတော့ ဒီ တကယ့်တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ်အခွင့်အရေး တွေ ကိုယ်ပိုင်အခွင့်အရေးတွေ သို့တည်းမဟုတ် ပြည်ထောင်စု တကယ်တည်ဆောက်ချင်တဲ့လူတွေ အတွက်ကတော့ အခု ကိုးကန့်မှာရှိတဲ့ ရုပ်သေး... နအဖတပ်တွေက ခန့်ထားတဲ့လူတွေကိုတော့ (ကျနော် ထင်တယ်) အယုံအကြည်ရှိမှာ မဟုတ် ဘူး။ အသိအမှတ်ပြုမယ်လို့တော့ ကျနော်မထင်ဘူး။ အခု နအဖ ဖွဲ့ပေးတဲ့ ကိုးကန့်အဖွဲ့ က ဥပမာပေးရင်တော့ ကေအန်ယူ ကနေ ခွဲထွက်သွားခဲ့တဲ့ ဒီကေဘီအေ ပုံပဲ ဖြစ်လာမယ်။ ကိုးကန့်အချင်းချင်းကို တိုက်ဖို့ခိုက်ဖို့ သေဖို့ကျေဖို့ လုပ်ထားတဲ့ နအဖ ရဲ့ စီမံချက် ဖြစ်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG