သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ မဲမသမာမှုများ စွပ်စွဲခံရ


အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ပြန်ပြီး အနိုင်ရဖို့ အကြီးအကျယ် မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန်ထုတ် ထိပ်တန်း သတင်းစာကြီးတစောင်က ဖော်ပြလိုက်ပါတယ်။

သမ္မတ ကာဇိုင်းကို ထောက်ခံသူတွေက မဲရုံအတုပေါင်း ၈၀၀ လောက်အထိကို လုပ်ပြီး သိန်းနဲ့ချီတဲ့ ဆန္ဒမဲအတုတွေ လုပ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အာဖဂန်နဲ့ အနောက်နိုင်ငံ တာဝန်ရှိသူတွေရဲ့ ပြောပြချက်တွေကို တနင်္လာနေ့ထုတ် နယူးယောက်ခ် တိုင်းမ်စ် သတင်းစာကြီးထဲမှာ ရေးသားထားပါတယ်။

တချို့မဲရုံတွေက သမ္မတအတွက် ပေးထားတဲ့ ဆန္ဒမဲတွေဟာ တကယ်မဲပေးခဲ့သူ အရေအတွက်ထက် ၁၀ ဆ များနေတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲ တခြား သမ္မတ အရွေးခံသူတွေဟာ မဲတွေကို အသုံးချတယ်လို့ မစ္စတာကာဇိုင်းဘက်က လှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက ရွေးကောက်ပွဲတွေအတွင်း မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် မဲရုံပေါင်း ၅၀၀ နီးပါးက မဲတွေကို ပယ်ခဲ့တယ်လို့ သီးခြားလွတ်လပ်တဲ့ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

မဲလိမ်တယ်လို့ တိုင်တန်းထားတဲ့ အလေးထားစရာ အမှုပေါင်း ၆၅၀ ကို ရွေးကောက်ပွဲရလဒ် အားလုံး တရားဝင် ထုတ်မပြန်ခင်မှာ စုံစမ်းဖြေရှင်းမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

စုစုပေါင်း မဲ ၇၅% ရလဒ်တွေကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ရာမှာ သမ္မတ ကာဇိုင်းက မဲ ၄၈.၆% ရထားပြီး အဓိက စိန်ခေါ်သူ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) က ၃၁.၇% ရထားပါတယ်။ သမ္မတ ဝင်အရွေးခံသူတွေ အနေနဲ့ အနည်းဆုံး မဲ ၅၀% ရမှ ဒုတိယအကြော့ ရွေးကောက်ပွဲကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG