သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအရ အဖမ်းခံရသူ ပိုများလာ


မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ လျော့မသွားတဲ့အပြင် ပိုတိုးလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသား အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေအပေါ် အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံတွေဟာ ဆိုးရွားလွန်းပြီး ကျန်းမာရေး ဆိုးရွား တဲ့ အကျဉ်းသား အရေအတွက်ကလည်း တိုးလာနေတယ်လို့ ထောက်ပြထားပါတယ်။ အပြည့်အစုံကို ဘန်ကောက် ရောက် ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအထိဆိုရင် နိုင်ငံရေးအကျဉ်းသား အရေအတွက် ၂,၁၉၀ ရှိခဲ့ပြီး သြဂုတ်လမှာ ၂,၂၁၁ ယောက်အထိ ဖြစ်သွားတဲ့အတွက် တလအတွင်းမှာ စုစုပေါင်း ၂၁ ယောက် တိုးသွားတယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်လေ့လာနေတဲ့ AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောလိုက်တာပါ။

နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး အဖမ်းခံရတဲ့ လူအရေအတွက်ဟာ ပိုများလာတယ်လို့ AAPP ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“အခုလပိုင်းတွေမှာ ထောင်ကျတဲ့ဦးရေနဲ့ ပြန်လွတ်တဲ့ ဦးရေမှာ ထောင်ကျတဲ့ ဦးရေက ပိုများနေတာကို တွေ့ရတယ်။ ဒါဟာ ကျနော်တို့ရရှိထားတဲ့ စာရင်းဇယားတွေအရ။ ဥပမာ ဒီလဆိုရင် ၃၂ ယောက် အဖမ်းခံရတယ်။ လွတ်တဲ့အထဲမှာတော့ အခု ဖမ်းလိုက်၊ အခုလွှတ်လိုက် လုပ်တဲ့ဟာမျိုးတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အဖမ်းခံရတဲ့လူက ပို များတယ်လို့ ပြောလို့ရပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သူ့ရဲ့ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စကို အဓိကထား ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာဘန်ကီမွန်း အစီရင်ခံ တင်ပြတဲ့နေ့မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးသန်းဆွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်အရ လူသားချင်း စာနာထောက်ထားမှု အခြေခံ၊ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်နိုင်စေဖို့ဆိုတဲ့ အမြင်တွေနဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မြန်မာအစိုးရက လုပ်ဆောင်နေပါတယ်လို့ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ခုချိန်ထိကတော့ လွှတ်ပေးမယ့် အရိပ်အယောင်တွေ မတွေ့ရသေးရုံသာမက ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်ကာလ နီးလာတဲ့အတွက် သံဃာတော်တွေကိုပါ ဖမ်းဆီးတာတွေ ရှိလာနေတယ်လို့ ကိုတိတ်နိုင်က ပြောပါ တယ်။

“ကျနော်တို့ လေ့လာကြည့်ရသလောက်တော့ အခုဆိုရင် သံဃာတော်တွေကို တော်တော်လိုက်ဖမ်းနေတယ်။ တနေ့က ဆိုရင် လှိုင်သာယာမှာရှိတဲ့ အလုပ်သမား ၃ ယောက်ကို ဖမ်းသွားတယ်ဆိုတာ ကျနော်တို့ ကြားရတယ်။ ဆိုတော့ ဖမ်းဆီးမှု တွေက ဆက်တိုက် ဆက်တိုက် ဖြစ်နေပြီးတော့ လွတ်တဲ့လူတွေက သာမန်လွတ်ရက်နဲ့ပဲ၊ လွတ်ရက်ပြည့်သွားလို့ လွတ်လာ တဲ့ ပုံစံမျိုးတွေပဲ ရှိပါတယ်။ သက်သက်ကြီး လွတ်ပေးတယ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း မကြားမိဘူး။ ဦးသန်းဆွေကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို ကတိပေးခဲ့တာတော့ ရှိပါတယ်။ သို့သော်လည်း ဒီနေ့အထိ အကောင်အထည် ဖော်တာတော့ ကျနော်တို့ မတွေ့ရသေးပါဘူး။”

မြန်မာအာဏာပိုင်တွေဟာ နိုင်ငံတကာဖိအား ပိုတိုးလာတဲ့ အခါမျိုးတွေမှာ နိုင်ငံရေးအကျဉ်းသား တချို့တလေကို လွှတ်ပေးပြီး ဖိအားသက်သာအောင် လုပ်တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ပုံမှန်အခြေအနေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံတွေဟာ ဆိုးရွားလွန်းပြီး နယ်စွန်းနယ်ဖျား ထောင်တွေဆီ ပြောင်းပစ်တာကြောင့် ကျန်းမာရေး ပိုဆိုးရွားကြရတယ်လို့ ကိုတိတ်နိုင်တို့အဖွဲ့က ထောက်ပြထားပါတယ်။

“တစ်အချက်ကတော့ ကျန်းမာရေး မကောင်းတာပေါ့။ နယ်စွန်နယ်ဖျားတွေ ရောက်သွားတဲ့ လူတွေက တော်တော် များတယ်။ ၃၀၀ နီးနီး ရှိနေပြီ။ ဆိုတော့ တမင်သက်သက်ကို မြောင်းမြကလူ မန္တလေးပို့တယ်၊ မန္တလေးကလူတွေ မြောင်းမြ ပို့တယ်ဆိုတဲ့ ကိစ္စမျိုးတွေကို လျှောက်လုပ်နေတဲ့ အခြေအနေမျိုး ရှိပါတယ်။ အဲဒီလိုမျိုး သွားတွေ့ရတဲ့ အခါကြတော့ ရာသီဥတု အပြောင်းအလဲဖြစ်တဲ့ ကိစ္စတွေရယ်၊ ဆေးဝါး မလုံလောက်တဲ့ ကိစ္စတွေရယ်၊ တော်ရုံနဲ့ အပြင်ဆရာဝန်ကို ပြဖို့ ခွင့်မပြုတဲ့ ကိစ္စတွေရယ် ပေါင်းမိတဲ့အခါကြတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေက အတော် စိုးရိမ်ရတယ်လို့ ပြောလို့ရပါတယ်။”

AAPP အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ၂၀၀၇ ခုနှစ်က ဖမ်းဆီးခံခဲ့ရတဲ့ ပုသိမ်မြို့က တကိုယ်တော် ဆန္ဒပြသူ ဦးအေးဝင်းဟာ မြင်းခြံထောင် မှာ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီးတဲ့နောက် စနေနေ့က ပြန်လွတ်မြောက်လာခဲ့ပါတယ်။

“၂၀၀၇ တုန်းက အစိုးရက လောင်စာဆီဈေးတွေ တက်တယ်လေ။ အဲဒီ လောင်စာဆီဈေး တက်တာနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်းတွေ တက်မယ်ပေါ့ဗျာ။ ကုန်ဈေးနှုန်းတက်တော့ ပြည်သူလူထုပဲ ပိုပြီး ဒုက္ခရောက်မယ်။ အဲဒီအတွက် ကျနော်က ပြည်သူ့ကိုယ်စားဆိုပြီး လောင်စာဆီဈေးတက်၊ ပြည်သူအခက် ဆိုင်းဘုတ်ကိုင်ပြီး မြို့ထဲ ကျနော် လှည့်တယ်ဗျ။ ပုသိမ်မြို့ ပေါ်မှာ နာရီဝက်လောက် လှည့်ခွင့် ရလိုက်တယ်။ အဲဒါနဲ့ ကျနော့်ကို လာဖမ်းသွားတာပဲ။”

စနေနေ့ကမှ မြင်းခြံထောင်ကနေ ပြန်လွတ်လာတဲ့ ပုသိမ်မြို့နေ ဦးအေးဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေက ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေပါတယ်လို့ ဘယ်လိုပဲ ပြောနေပါစေ၊ အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေးအကျဉ်းသား တယောက်ပဲ ရှိနေဦးတော့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးဟာ အလှမ်းဝေးနေဦးမှာပဲလို့ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG