သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံသား မွတ်ဆလင် ၃ ဦးကို တရားရုံးတော် ပြစ်မှုထင်ရှား တွေ့ရှိ


အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းမယ့် လေယာဉ်တွေကို ဖောက်ခွဲဖို့ ကြံစည်ခဲ့သူ ဗြိတိန်နိုင်ငံသား မွတ်ဆလင် ၃ ယောက်ကို လန်ဒန် တရားရုံးတရုံးက အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်လိုက်ပါတယ်။

တရားခံတွေဖြစ်ကြတဲ့ ဂိုဏ်းခေါင်းဆောင် အဗ္ဗဒူလာ အာမက် အလီ (Abdullah Ahmed Ali)၊ ကြံရာပါ အာဆတ် ဆာဝါ (Assad Sarwar) နဲ့ တန်ဗီယာ ဟူစိန် (Tanvir Hussain) တို့ဟာ ၂၀၀၆ ခုနှစ်က ဖောက်ခွဲရေးပစ္စည်းတွေကို အချိုရည်ပုံစံနဲ့ လေယာဉ်ပေါ်မှာ ဖွက်ပြီး သယ်ဆောင် ဖောက်ခွဲပြီး လူတွေကို ထောင်နဲ့ချီသေအောင် ကြံစည်ခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မသင်္ကာရသူ ၈ ယောက်ကို တရားစွဲဆိုခဲ့ပေမဲ့ တရားခံ၄ ဦး ဟာ အပြစ်မရှိကြောင်း စစ်ဆေးတွေ့ခဲ့ရလို့ အမှုကို ပလပ်လိုက်ပါတယ်။

လန်ဒန်မြို့ကနေ မြောက်အမေရိကတိုက်ကို ပျံသန်းမယ့် လေယာဉ် ၇ စီးကို ဗုံးခွဲ ဖို့ ကြံစည်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက တင်ပြခဲ့ကြပြီး ဒီအကြံအစည်ကို ပါကစ္စတန်မှာရှိတဲ့ အကြီးတန်း စစ်သွေးကြွတွေက နောက်ကွယ်က ကြိုးကိုင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

သူတို့တတွေ ဒီဖောက်ခွဲရေးပစ္စည်းတွေကို အချိုရည်ပုံစံနဲ့ သယ်ယူတိုက်ခိုက်ဖို့ ကြံစည်ခဲ့တာကြောင့် ဒီနေ့အထိ လေယာဉ်စီး ခရီးသွားတွေအပေါ် အရည်နဲ့ ဂျဲလ် စတဲ့ အလှပြင်ပစ္စည်းတွေကို မသယ်ဆောင်ရဘူးလို့ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

အဲဒီတရားခံတွေကတော့ သူတို့ဟာ လေယာဉ်ကို တကယ်ဖောက်ခွဲဖို့ ကြံစည်ခဲ့ကြတာ မဟုတ်ဘဲ အန္တရာယ်မရှိတဲ့ ဖောက်ခွဲတဲ့ပုံစံနဲ့ စတန့်ထွင် လုပ်ပြကြဖို့သာ ရည်ရွယ်ခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG