သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ခေါင်းဆောင် ကျောက်ညီလိုင် ကွယ်လွန်


ဝပြည် အမျိုးသား သွေးစည်းညီညွတ်ရေးပါတီရဲ့ နာယကဖြစ်သူ ဦးကျောက်ညီလိုင်ဟာ ဒီကနေ့ မနက်ခင်းပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဦးကျောက်ညီလိုင်ဟာ ၁၉၈၉ ခုနှစ် ဝတပ်ဖွဲ့တွေ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်တာကို ဦးဆောင်ခဲ့သူ ဖြစ်သလို မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရာမှာလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီကနေ့ ကွယ်လွန်သွားခဲ့တဲ့ ဝအမျိုးသားခေါင်းဆောင် ဦးကျောက်ညီလိုင်ရဲ့ အကြောင်း တစေ့တစောင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဝအမျိုးသားခေါင်းဆောင် ဦးကျောက်ညီလိုင်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဦးကျောက်ညီလိုင် ကွယ်လွန်သွားတယ် ဆိုတာကို တရုတ်-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူလည်းဖြစ်၊ ဝတပ်ဖွဲ့တွေနဲ့ နီးစပ်သူလည်းဖြစ်တဲ့ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

“ဝအမျိုးသား သွေးစည်းညီညွတ်ရေးပါတီရဲ့ နာယကကြီးဖြစ်တဲ့ ဦးကျောက်ညီလိုင် ဒီနေ့ မနက် ၁၁ နာရီထိုးမှာ ကွယ်လွန်သွားတယ်။ တရုတ်ပြည် လန်ချန်းမြို့မှာ၊ ဆေးရုံမှာပေါ့။ ဒီနေ့တော့ အလောင်းကို ဝနယ်ကို ပြန်သယ်လာတယ်။ ဝနယ်မှာ အခမ်းအနားနဲ့ ကျနော်တို့ မြှုပ်ပါမယ်။”

ဦးကျောက်ညီလိုင်ဟာ ဝအမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူဖြစ်ပြီး ၁၉၆၈ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ ဖွဲ့စည်းချိန်မှာ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့ပြီး မိုင်းမောဒေသ ခရိုင်အဆင့် နိုင်ငံရေးမှူးတာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ ဗမာပြည် ကွန်မြူနစ်ပါတီမှာ တာဝန်ယူစဉ်က တချိန်လုံး စစ်မျက်နှာမှာနေပြီး တိုက်ပွဲပေါင်းများစွာ ဆင်နွဲှခဲ့တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တပ်မဟာ ၁၂ တပ်မဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သလို ၁၉၈၅ ခုနှစ် ပါတီကွန်ဂရက်မှာ ဦးကျောက်ညီလိုင်ဟာ လက်ရှိ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနဲ့အတူ အရန်ဗဟိုကော်မတီအဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။

၁၉၈၉ ခုနှစ် ဝတပ်ဖွဲ့တွေက ကွန်မြူနစ်ပါတီကို အာဏာသိမ်းစဉ်မှာ ဦးကျောက်ညီလိုင်က ခေါင်းဆောင်ခဲ့သလို မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ရာမှာလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်က သူဟာ ဝအမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှူးတာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

ဦးကျောက်ညီလိုင်ဟာ ၁၉၉၄ ခုနှစ်မှာ လေဖြတ်တာကြောင့် ကိုယ်တခြမ်းသေနေခဲ့ပြီး ၁၉၉၇ မှာ စကားသိပ်မပြောနိုင်တော့တာကြောင့် တာဝန်ကနေ အနားယူပြီး ဝပြည် သွေးစည်းညီညွတ်ရေးပါတီရဲ့ နာယကအဖြစ် ဆောင်ရွက်နေပါတယ်။

သူကွယ်လွန်ချိန်ဟာ ဝတပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား စစ်ရေးအရ တင်းမာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG