သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိဆဲ


အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာတွေဟာ မြန်မာနိုင်ငံမှာ စိုးရိမ်ဖွယ် ပြဿနာတရပ်အဖြစ် ရှိနေသေးတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ မကြာသေးခင်ကပဲ စစ်တွေမြို့မှာ တိုင်းအဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတွေကို မြန်မာအစိုးရနဲ့ ILO တို့ ပူးတွဲ ကျင်းပခဲ့ပါသေးတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ILO အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရာရှိတဦး ခန့်ထားပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ ပပျောက်သွားဖို့၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို စစ်တပ်ထဲ အတင်းဆွဲသွင်းပြီး စစ်သားလုပ်ခိုင်းနေတာတွေ ရပ်ဆိုင်းသွားဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့ပါ။ ဒါပေမဲ့လည်း ဒီကိစ္စတွေဟာ ပပျောက်မသွားသေးဘဲ ဒေသဆိုင်ရာ အဆင့်တွေမှာ ဆက်ပြီးတော့ ဖြစ်နေတုန်းပါပဲ။ ဒီပြဿနာတွေ ပပျောက်သွားအောင် ကြိုးစားလုပ်ဆောင်နေပါတယ်လို့ ILO ဘက်က ပြောပေမယ့် လက်ရှိအချိန်ထိ ဆက်ဖြစ်နေတုန်းပဲ ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်။

“နိုင်ငံတွင်းမှာ ဒီကိစ္စဟာ ပြဿနာတခုအဖြစ် ရှိနေတုန်းပဲဆိုတာ ထင်ရှားပါတယ်။ ပြဿနာပေါ်မှာ အာဏာပိုင်တွေရဲ့ သတိပြုမိမှုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုးတက်လာတယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။ အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံရနိုင်ခြေရှိတဲ့၊ စစ်သားအဖြစ် စုဆောင်းခံရနိုင်ဖွယ်ရှိတဲ့ လူထုအကြားမှာတော့ သတိထားမိမှုဟာ အလွန်အမင်း နည်းပါးနေသေးတယ်လို့ ကျနော်ပြောရပါမယ်။ ဥပဒေကို အသုံးပြုမှုပိုင်းမှာလည်း အခက်အခဲတွေ ရှိနေပါသေးတယ်။ ဟုတ်ပါတယ်၊ ဒါဟာ ပြဿနာပါ။ ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းနေပါတယ်။ သိသာထင်ရှားတဲ့ ရလဒ်တခုခု မြင်ရဖို့ဆိုတာကတော့ အတော်လေးကို စောနေပါသေးတယ်။” လို့ ILO အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအရာရှိ စတိဗ် မာရှယ်လ် (Steve Marshall) က ပြောပါတယ်။

အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ အသက်မပြည့်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းတာတွေနဲ့ဆိုင်တဲ့ မြန်မာနိုင်ငံ ဥပဒေတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်၊ ဥပဒေတွေ ဘာ့ကြောင့် ပြဋ္ဌာန်းထားရတယ် ဆိုတာနဲ့ အသုံးပြုပုံတွေအပေါ် အာဏာပိုင်တွေ သေသေချာချာ နားလည်အောင်ဆိုပြီး ILO နဲ့ အလုပ်သမား ဝန်ကြီးဌာနတို့ ပူးတွဲပြီးတော့ ဆွေးနွေးပွဲတခုကို မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကျင်းပခဲ့ပါသေးတယ်။ အဲဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တဝန်းက မြို့နယ်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ တရားသူကြီးတွေ၊ ဥပဒေပိုင်း တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၄၁ ယောက် တက်ရောက်ခဲ့ပါတယ်။

“ဒီအစည်းအဝေးတွေ အားလုံးမှာ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတဝန်း အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ ပပျောက်ဖို့ ဖြစ်ပါတယ်။ စစ်တပ်ထဲကို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ စုဆောင်းထည့်သွင်းတာ ရပ်တန့်ပစ်ဖို့လည်း ရည်ရွယ်ပါတယ်။ ပညာရေးဟာ ဒီရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ပြဿနာကို သတိပြုမိစေရေးဟာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဥပဒေချိုးဖောက်သူတွေကို ဥပဒေအရ လုပ်ဆောင်တာဟာ တခြားအပိုင်းတခု ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဥပဒေချိုးဖောက်သူတိုင်းကို ဖမ်းဆီးဖို့ မဟုတ်ပါဘူး။ လူတွေနားလည်လာပြီး အဲဒီလုပ်ရပ်တွေ ရပ်ဆိုင်းသွားဖို့က ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။” လို့ စတိဗ် မာရှယ်လ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကပ်လျက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့အကြောင်း သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ အခု ရခိုင်ပြည်နယ်အတွက် ဆွေးနွေးပွဲကို ပြည်နယ်မြို့တော် စစ်တွေမှာ လုပ်ခဲ့တာဟာ ဒီအခြေအနေကို တနည်းတလမ်း ကိုင်တွယ်ဖို့ ရည်ရွယ်ကြပုံရပါတယ်။

နိုင်ငံတဝန်းမှာ ဆွေးနွေးပွဲတွေကို အရေအတွက် အတော်များများ လုပ်ခဲ့ပြီးဖြစ်ပေမယ့် ပြည်နယ် တိုင်းအဆင့် အခုလို ဆွေးနွေးပွဲမျိုးကတော့ လွန်ခဲ့တဲ့ ၁၄ လအတွင်း ဒါ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကိုင်း၊ ကချင်၊ ကရင် စတဲ့ဒေသတွေမှာ လုပ်ခဲ့ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအောက်မှာ လုပ်ကိုင်နေကြသူတွေဟာ အဲဒီဥပဒေတွေကို အပြည့်အ၀ နားလည်ဖို့နဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်လို့ စတိဗ် မာရှယ်လ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတာ၊ ကလေးစစ်သားတွေ အတင်းအဓမ္မ စုဆောင်း အသုံးပြုနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ILO အဖွဲ့မှာရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပါ ပြောဆိုဆွေးနွေးတာတွေ ရှိလာတဲ့အတွက် မြန်မာအာဏာပိုင်တွေက ဒီကိစ္စကို အလေးအနက် ထားလာရပါတယ်။ အရေးကြီးတာကတော့ အားလုံးပူးပေါင်းပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ပါပဲလို့ စတိဗ် မာရှယ်လ်က ပြောပါတယ်။

“ဒီပြဿနာတွေကို အပြုသဘောနဲ့ လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအစိုးရ၊ ILO နဲ့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေအကြား ပူးပေါင်းလုပ်ဆောင်တာတွေ ရှိလာဖို့က အခု အရေးကြီးလာပါပြီ။” လို့ ILO အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အရာရှိ စတိဗ် မာရှယ်လ်က ပြောသွားပါတယ်။

မြန်မာအာဏာပိုင်တွေ အနေနဲ့ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ ပပျောက်သွားအောင် ထိထိရောက်ရောက် မလုပ်ဆောင်ဘူးဆိုရင် ICJ လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားခုံရုံးမှာ တရားစွဲဆို စစ်ဆေးမယ်လို့ ILO အဖွဲ့ဝင် နိုင်ငံတွေက ပြောဆိုတဲ့ထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေကြောင့် မြန်မာအာဏာပိုင်တွေဘက်က လုပ်ဆောင်တာတွေ ရှိလာပေမယ့် ကလေးစစ်သား စုဆောင်းတာတွေက ဆက်ဖြစ်နေဆဲ၊ ILO ကို တိုင်ကြားသူတွေ ခြိမ်းခြောက်ခံရတာ၊ အကြောင်းအမျိုးမျိုးပြ ထောင်ချခံရတာတွေက ဆက်ရှိနေဆဲပါ။

ဒါ့အပြင် လူထုက ဒီပြဿနာတွေကို ခြေခြေမြစ်မြစ် တိတိကျကျ နားလည်သဘောပေါက်ဖို့နဲ့ ကြုံတွေ့လာရရင် ဘယ်လို လုပ်ဆောင်နိုင်တယ် ဆိုတာကို သိထားရအောင် ရိုးရိုးရှင်းရှင်း နားလည်လွယ်တဲ့ အသုံးအနှုန်းနဲ့ ရေးသားဖော်ပြထားတဲ့ ပညာပေးစာအုပ် စာစောင်တွေကိုလည်း မြန်မာအာဏာပိုင်တွေက ILO အဖွဲ့ကို ထုတ်ဝေဖြန့်ချိခွင့် မပြုသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG