သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သား အကွီနို ဖိလစ်ပိုင်သမ္မတအဖြစ် ယှဉ်ပြိုင် အရွေးခံမည်


မကြာခင်က ကွယ်လွန်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ကိုရာဇန် အကွီနိုရဲ့ သားဖြစ်သူက နောက်နှစ် မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ သမ္မတအဖြစ် ပါဝင်ယှဉ်ပြိုင် အရွေးခံမယ်လို့ ကြေညာလိုက်ပါတယ်။ သူဟာ ဘနစ်နို အကွီနို Benigno Aquino နာမည်ကို အဖိုး လက်ထက်ကတည်းက တတိယမြောက် ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ ဖိလစ်ပိုင် ဒီမိုကရေစီရဲ့ မီးရှုးတိုင်သဖွယ် ခေါ်ဝေါ်ခြင်းခံရတဲ့ မိခင်ဖြစ်သူရဲ့ အစဉ်အလာကို ဆက်ခံမယ့်သူအဖြစ် ပြည်သူအများက လိုလား တောင့်တနေကြတဲ့အတွက် သားဖြစ်သူက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟောင်ကောင်က ဗွီအိုအေသတင်းထောက် Heda Bayron ပေးပို့ ထားပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြထားပါ တယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် Benigno Aquino က ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် သူတိုင်းပြည်ရဲ့ တာဝန်တွေ ကို ဆက်လက် ထမ်းဆောင် တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အကြောင်း မနေ့က ကြေညာခဲ့တာပါ။

အထက်လွှတ်တော်အမတ် Benigno Aquino က နောက်နှစ် ရွေးကောက်ပွဲကျရင် Liberal party ကို ကိုယ်စားပြုပြီး သမ္မတ အဖြစ် အရွေးခံမှာ ဖြစ်တဲ့အကြောင်း မနီလာမြို့တော်က Club Philippino လို့ခေါ်တဲ့ ကွယ်လွန်သူ မိခင်ဖြစ်သူ Corazon Aquino သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နေရာမှာ တဂါလို ဘာသာစကားနဲ့ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူ အာဏာရှင် Marcos ရဲ့ ကျန်ရစ်သူဇနီးဖြစ်သူက အသက် ၅၁ အရွယ်ရှိသူ့သားကို သမ္မတအဖြစ် အရွေးခံဖို့ တိုက်တွန်းမယ်လို့ ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာ မစ္စတာ မားကိုးစ်ကို ဖြျုတ်ချခဲ့တဲ့ သမ္မတဟောင်း အာကွီနိုရဲ့ သားက သူသမ္မတအဖြစ် အရွေးခံမယ်ဆိုတာကို ကြေညာခဲ့တာပါ။

အရင်လတုန်းက သမ္မတဟောင်း မစ္စက် အာကွီနို ကွယ်လွန်သွားပြီးတဲ့နောက် နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထု တော်တော်များများက သားဖြစ်သူ အထက်လွှတ်တော်အမတ် Aquino ကို သမ္မတအဖြစ် အရွေးခံဖို့ စဉ်းစားပေးပါလို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ မစ္စတာအကွီနို အနေနဲ့ သူ့မိခင်ရဲ့ ငြိမ်းချမ်းသော နည်းလမ်းနဲ့ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အာဏာတော်လှန်ရေးက စိတ်ဓာတ်ကို ပြန်လည်နိုးကြားစေနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာ ပါ။


မစ္စတာ အကွီနိုရဲ့ Liberal ပါတီကပဲ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Mar Roxas (မာရိုးဟစ်) က သူ သမ္မတလောင်း အဖြစ် အရွေးခံမယ်လို့ စောစောပိုင်းကတည်းက ကြေညာထားခဲ့ပေမဲ့ မစ္စတာ အကွီနိုသမ္မတအဖြစ် အရွေးခံမယ်ဆိုတဲ့ အစီအစဉ်ကို ထောက်ခံပြီး ဘေးဖယ်ပေးတဲ့အနေနဲ့ ပြန်နောက်ဆုတ်ပေးခဲ့ပါတယ်။ အထင်ကရ နိုင်ငံရေးမိသားစုက ဆင်းသက်လာတဲ့ မစ္စတာ Roxas ကို ဒုသမ္မတနေရာကနေ ပါဝင်ဖို့ မစ္စတာ အကွီနိုက ကမ်းလှမ်းထားပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စက် အကွီနိုရဲ့သားဖြစ်သူ မစ္စတာ Benigno Aquino ဟာ အထက်လွှတ်တော် အမတ် မဖြစ်လာခင် ရွေးကောက်ခံ အောက်လွတ်တော်အမတ်အဖြစ် ၃ ကြိမ်တိုင်တိုင် အမှုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အကွီနိုမိသားစုရဲ့ ကလေးတွေထဲက တဦးတည်းသော သားဖြစ်ပါတယ်။ သူ့ဖခင်ဟာ ပြည်ပမှာ ခိုလှုံနေရာက ၁၉၈၃ ခုနှစ် မှာ ဖိလစ်ပိုင်နိုင်ငံကို ပြန်လာတဲ့အခါ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ အရင်လ သမ္မတဟောင်း မစ္စက်အကွီနိုရဲ့ ဈာပနအခမ်းအနားကို ထောင်သောင်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် နှုတ်ဆက်ဂါရ၀ ပြုခဲ့ကြပါတယ်။ မစ္စက်အကွီနိုဟာ ဒီမိုကရေစီအခြေခံ အဆောက်အအုံတွေကို အင်အားချည့်နဲ့စေမယ့် ကိစ္စမှန်သမျှကို ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ မားမားမတ်မတ် ခုခံကာကွယ်ခဲ့သူအဖြစ်လည်း ထင်ရှားသူဖြစ်ပါတယ်။ မစ္စက်အကွီနိုရဲ့ သမ္မတ သက်တမ်းမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရပြီး မအောင်မြင်မှုတွေရှိခဲ့ပေမဲ့ သူ့ကို ဖိလစ်ပိုင်ဒီမိုကရေစီရဲ့ မီးရှုးတိုင် လို့ တင်စားခေါ်ဝေါ်နေကြဆဲပါ။

ကင်ဆာရောဂါနဲ့မကွယ်လွန်ခင် ကာလတွေမှာ မစ်စစ်အကွီနိုဟာ သမ္မတနဲ့ပါလီမန်ရေးရာ အပါအဝင် လက်ရှိ ဖိလစ်ပိုင် နိုင်ငံရဲ့ အစိုးရဖွဲ့စည်းပုံ စနစ်ပြောင်းလဲဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး လက်ရှိသမ္မတ Gloria Arroyo အပါအဝင် သူ့ကို ထောက်ခံသူတွေနဲ့ပါ ကတောက်ကဆ ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဆိုပြုထားသလို အစိုးရစနစ်ကို ပြောင်းလဲလိုက်မယ် ဆိုရင် သမ္မတ Arroyo ဟာ နောက်နှစ်သူ့ သမ္မတ သက်တမ်းကုန်သွားသည့်တိုင် ဆက်လက် အာဏာကို ချုပ်ကိုင်ထား နိုင်မှာ ဖြစ်တယ်ဆိုပြီး လေ့လာသုံးသပ်သူတွေက ဝေဖန်နေကြတာပါ။ ခု သမ္မတဟောင်း မစ်စစ်အကွီနိုရဲ့သား အထက် လွှတ်တော်အမတ် အာကွီနို သမ္မတအဖြစ် အရွေးခဲ့မယ်ဆိုတဲ့သတင်းဟာ သမ္မတ Arroyo ဆက်လက် အာဏာ ထိန်းချုပ် ထားနိုင်မယ့် အလားအလာကို ရပ်တန့်စေမှာလည်း ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ အခုချိန်အထိ အထက် လွှတ်တော်အမတ် မစ္စတာ အကွီနိုကို ဘယ်သူက ယှဉ်ပြိုင်မလဲဆိုတာကတော့ မတွေ့ရသေးပါဘူး။ ၂၀၀၁ ခုနှစ်က ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရတဲ့ သမ္မတဟောင်း Joseph Estrada ကတော့ နောက်နှစ် မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ ဝင်ရောက်အရွေးခံမယ့်ကြောင်း အရိပ်အမြွက်ပြထားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG