သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုညီညီအောင်နှင့် ဆက်သွယ်ခွင့်ရဖို့ အမေရိကန်သံရုံးကြိုးပမ်း


၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးတက်ကြွသူ အမေရိကန် နိုင်ငံသားတဦးဟာ မကြာသေးခင်က မြန်မာနိုင်ငံကို အသွား အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရလို့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်ရဖို့ တောင်းခံထားပါတယ်။ ဖမ်းဆီးချိန် က စလို့ သူ့မိသားစုတွေကတော့ သူ့အခြေအနေကို တိတိကျကျ မသိနိုင်ဘဲ ဖြစ်နေရလို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း သိထားသမျှ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်သူ မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ဟာ ဒီလ ၃ ရက်နေ့ကပဲ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကိုအသွား ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း မိသားစု နဲ့ နီးစပ်သူတွေက ပြောကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုအခါမှာ အမေရိကန်နိုင်ငံ ကလည်း သိရှိထားပြီး ဖြစ်သလို ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဆက်သွယ် စုံစမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ အီရန် ကယ်လီ (Ian Kelley) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

"ဒီသတင်းကျနော်တို့ ရရချင်းဆိုသလိုပါပဲ၊ ကျနော်တို့ အစိုးရဆီသွားပြီး သတင်းအချက်အလက် ရယူဖို့ တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့လည်း လူပုဂ္ဂိုလ်တဦးချင်းရဲ့ အခွင့်အရေး အကာအကွယ်ပေးတဲ့ ဥပဒေအရ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ထုတ်ပြောခွင့်မရှိပါဘူး။ ကောင်စစ်ဝင်ရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်တွေ ရဖို့လည်း ကျနော်တို့ တောင်းခံထားပါတယ်။"

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင် ရဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရတဲ့သတင်း ကြားသိသိ ချင်းဆိုသလို ဆက်သွယ်စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်အထိ အခြေအနေကို ရေရေရာရာ မသိရလို့ စိုးရိမ် မကင်း ဖြစ်နေရတာပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုမိတ်ဆွေတဦးဖြစ်တဲ့ ကိုဇော်ဇော် ကတော့ သူ့ကို ဖမ်းသွားချိန်က စလို့ အကျိုးအကြောင်း မသိရတဲ့ အခြေအနေမို့ စိတ်ပူနေကြတာလို့ ပြောပါတယ်။

"ကျနော်တို့သိတာကတော့ ဘန်ကောက်မှာရှိတဲ့ သူ့အစ်ကိုကနေတဆင့် ကျနော်တို့ သိတာပေါ့လေ။ သူ ရန်ကုန် လေဆိပ် ရောက်တော့ သူ့ကို ဖမ်းသွားတယ်ဆိုတဲ့ သဘောမျိုး သိလိုက်ရတယ်ပေါ့နော်။ ဒါပေမဲ့ အသေးစိတ် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းသွားတယ်ဆိုတာတော့ ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ အခုလောလောဆယ်က သူ ဘယ်မှာ ရောက်နေမှန်း မသိတော့ ကျနော်တို့အားလုံး သူငယ်ချင်းတွေ အကုန်လုံးက စိတ်ပူတယ်။ ဘယ်ရောက်လို့ရောက်မှန်းမသိ၊ ဘာမှလည်း သတင်းမကြားတဲ့အခါကျတော့ ကျနော်တို့ အားလုံးကတော့ အဓိက သူ့ရဲ့ လုံခြုံရေးကို စိတ်ပူတယ်ပေါ့။ ဘာများဖြစ်လဲပေါ့။ တခုခု ခေါ်သွားပြီး ပျောက်သွားတာမျိုး အရင်တုန်းကလည်း ရှိခဲ့တာမျိုးရှိတော့ ကျနော်တို့က အတော်လေး စိုးရိမ်ပါတယ်။"

အခု အာဏာပိုင်တွေ ဖမ်းဆီးတာ ခံလိုက်ရတယ်ဆိုတဲ့ ကိုညီညီအောင် ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆို အုံကြွမှု တွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပါတယ်။ ဒီလိုပဲ သူ့ရဲ့ မိခင်ဖြစ်သူ အသက် ၆၀ အရွယ်ရှိ ဒေါ်စန်းစန်းတင် ဟာ ဆိုရင်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ ဦးဆောင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ကိုညီညီအောင် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ အခုအချိန်မှာ သဲသဲကွဲကွဲ မသိရသေး ပေမဲ့ မိသားစုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ဆိုင်လိမ့်မယ်လို့လည်း မိတ်ဆွေဖြစ်တဲ့ ကိုဇော်ဇော် က ပြောပါတယ်။

"ညီညီ ရဲ့ အမေ အန်တီ စန်း က ထောင်ထဲမှာပေါ့လေ။ ပြီးခဲ့တဲ့ ရွှေဝါရောင် သံဃာတော်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တော့ ညီညီရဲ့ အမေကို ဖမ်းသွားတယ်။ ညီညီရဲ့ ဝမ်းကွဲ ညီမနှစ်ယောက်ကိုပါ ဖမ်းသွားတာပေါ့။ ညီညီရဲ့ အမေကလည်း ထောင်ထဲမှာ အခြေအနေ ကျန်းမာရေး တော်တော်လေး ဆိုးတယ်။ ကျန်းမာရေး သိပ်မကောင်းဘူး ဆိုတဲ့အခါကျတော့ ညီညီ အနေနဲ့ စိတ်ပူပင်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါကတော့ ကျနော်တို့ ဖြစ်နိုင်ချေရှိတဲ့ဟာကို ပြောတာပေါ့လေ။ သူ့ရဲ့ အဓိက သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့လည်း သေချာအတိအကျ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတာ ကတော့ သူ့အမေအတွက် စိတ်ပူတယ်။ သူ့မောင်နှမသားချင်းတွေ အတွက် စိတ်ပူပြီးတော့ သူ့အနေနဲ့ တခုခု လုပ်နိုင်လိမ့် မယ်လို့ ယူဆပြီးတော့သွားတယ်လို့ ကျနော် ထင်တယ်ပေါ့လေ။"

အာဏာပိုင်တွေ ဖမ်းဆီးတာခံနေရတဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ရဲ့ မိသားစု မိတ်ဆွေ တဦးဖြစ်သူ ကိုဇော်ဇော် ပါ။ ဒီလို သူဖမ်းဆီးခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်ပြီး လိုက်လံကူညီ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုတော့ မိသားစုနဲ့ မိတ်ဆွေတွေက သူနေထိုင်ရာ မဲဆန္ဒနယ်မြေမှာရှိတဲ့ လွှတ်တော် တာဝန်ရှိတွေထံ အကြောင်းကြား အကူအညီ တောင်းခံ ထားတယ်လို့လည်း သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG