မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ ပြန်လည်သုံးသပ်နေတာနဲ့ပတ်သက်ပြီး နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို စက်တင်ဘာ ၉ ရက်နေ့ နေ့စွဲနဲ့ စာတစ်စောင် ရေးသားပေးပို့ပြီး အခုလိုသာ ပြန်လည်သုံးသပ်နေတဲ့ကိစ္စဟာ နှောင့်နှေးနေရင် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ ကတိက၀တ်တွေဟာ အားပျော့နေပြီလို့ မြန်မာစစ်ခေါင်းဆောင်တွေ အထင်ရောက်အောင် တွန်းပို့နေသလို ဖြစ်လိမ့်မယ်လို့ အဲဒီစာထဲမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ပစ်မှတ်ထားပိတ်ဆို့တာ မဟုတ်ဘဲ အကျယ်အပြန့် အထွေထွေ အရေးယူ ပိတ်ဆို့ဒဏ်ခတ်အရေးယူတာက မထိရောက်ဘူးလို့လည်း HRW အဖွဲ့က ဆိုပါတယ်။ စစ်အစိုးရရဲ့ အဓိကခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူ တွေကို ရွေးချယ်ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့တာနဲ့ အထွေထွေအရေးယူ ပိတ်ဆို့တာကို လဲလှယ်အစားထိုးသင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အကြီးအကျယ် ပေးဖို့ကိုလည်း HRW အဖွဲ့က ထပ်မံတောင်းဆိုထားပါတယ်။