သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအိမ် လုံခြုံရေး ယဉ်ကျေးမှုနဲ့ မညီ


နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှု ပြင်းထန်လွန်း တဲ့အတွက် သွားလာနေထိုင်မှုမှာ ကျဉ်းကျပ်လွန်းလို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ သူ့ရဲ့ တရားရုံးအယူခံ လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက် လျှော့ပေါ့ ဆိုင်းငံ့ထောင်ဒဏ် တနှစ်ခွဲကို နေအိမ်မှာ အကျယ်ချုပ်ဘဝနဲ့ ဆက်ပြီး ကျခံနေရတာပါ။ အရင်တုန်းကလည်း နှစ်အတော်ကြာ အကျယ်ချုပ် ကျခံခဲ့ရပေမဲ့ အခုတကြိမ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေဟာ အရင့်အရင် အကြိမ်တွေကထက် ပိုပြီး ပြင်းထန် တင်းကျပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောထားဖူးပါတယ်။ အခုလည်း လုံခြုံရေး အစီအမံတချို့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဒီခြံဝင်းကြီးမှာ ဒီအိမ်တလုံးမှာပဲ လူနေတယ်။ နေတဲ့လူကလည်း အမျိုးသမီး ၃ယောက်၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒေါ်ခင်ခင်ဝင်းရော၊ သူတို့တွေက ၆၀ ကျော်၊ မိန်းကလေးတယောက် မဝင်းမမ ရှိတယ်၊ ဒါပဲရှိတယ်။ အဲတော့ ခြံဝင်းထဲမှာ လုံခြုံရေး မချပေမဲ့ ခြံပတ်ပတ်လည် အပြင်မှာ လုံခြုံရေးချတယ်။ အဲဒီ လုံခြုံရေး တွေကလည်း ခြံထဲကို မြင်နိုင်တဲ့ အနေအထားနဲ့ ချတယ်။ အဲတော့ အိမ်ရဲ့အပြင်ကို ထွက်တိုင်း ထွက်တိုင်း ခြံပြင်ကနေ ကြည့်တယ်။ ဒါ လုံခြုံရေးအရ လိုအပ်ချက်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အိမ်အပြင်ကို ထွက်ခဲတယ်လို့ ကျနော် အဲဒီလို နားလည်တယ်။ ဟိုအမျိုးသမီး အငယ်ကတော့ လိုအပ်တဲ့အချိန် သူ လုပ်စရာ၊ ပြုစရာ ထွက်တာ။ ထွက်တိုင်း ထွက်တိုင်း အပြင်ကနေ ကြည့်တယ်၊ စာရွက်နဲ့မှတ်တယ်။ ဒီဥစ္စာ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ယဉ်ကျေးမှုအရတောင် မကောင်းဘူးလို့ အဲဒီလို ပြောလိုက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ တိတ်တဆိတ် ရေကူးဝင်လာ ခဲ့ပြီးတဲ့နောက် အကျယ်ချုပ် တားမြစ်မိန့်ကို ဒေါ်အောင်ဆန်းစုကြည်က ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ စစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြခဲ့ပြီးတဲ့နောက် မစ္စတာယက်တောကို လူသားချင်း စာနာ ထောက်ထားမှု အခြေခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ တို့ကတော့ ခရိုင်တရားရုံးရဲ့ အပြစ်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့အတွက် တိုင်းတရားရုံးကို လျှောက်ထားခဲ့တာမှာ ကြားနာဖို့ လက်ခံခဲ့ပြီးဖြစ်တာကြောင့် လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရှေ့နေတွေ လျှောက်လဲချက် ပေးကြရပါမယ်။ ဒီကနေ့ အဲဒီလျှောက်လဲချက် ပေးဖို့ကိစ္စ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေ ၄ ဦးတို့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။

“၁၈ ရက်နေ့မှာ ပေးရမယ့် လျှောက်လဲချက်ပေါ့၊ ပေးရမယ့် လျှောက်လဲချက်ဆိုတာ ကျနော်တို့က အယူခံ အကြောင်းပြချက် ၁၁ ချက် ရေးထားတယ်။ ဒီ ၁၁ ချက်လုံးကိုလည်း ဒေါ်စုက သိပြီးသား။ ကျနော်တို့ အစတုန်းက ဆွေးနွေးတော့။ ဒါပေမဲ့ အခု ဒီနေ့ ဆွေးနွေးတော့ ဒီ ၁၁ ချက်ထဲမှာ လျှောက်လဲချက်ကြရင် ပေါင်းစည်းပေးရမယ့် ဥပဒေရဲ့ သဘောတွေပေါ့၊ ပြီးတော့ အကြောင်းချင်းရာ သဘောတွေ၊ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ ဒီနေ့အနေနဲ့တော့ ၁၁ ချက်စလုံးကို ကျနော်တို့ ပြီးစီးအောင် ဆွေးနွေးနိုင်တဲ့ သဘောတော့ ရှိပါတယ်။”

အထူးတရားရုံးမှာ အမှုရင်ဆိုင်နေစဉ် ကာလအတွင်း အင်းစိန်ထောင်ဝင်းတွင်းမှာ ချုပ်နှောင်ခံထားခဲ့ရပြီးတော့ ထောင်ဒဏ် ချမှတ်ပြီးတဲ့နောက် နေအိမ်ကို ပြန်ပို့တဲ့အခါ စည်းကမ်းသတ်မှတ်ချက်တွေ ချထားတဲ့အထဲ ဆရာဝန်တွေ့ခွင့်ကိစ္စလည်း ပါဝင်ပါတယ်။

အာဏာပိုင်တွေက ဆရာဝန်တဦး လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကျန်းမာရေး နောက်ကြောင်း သမိုင်းကို သိပြီး တောက်လျှောက် စစ်ဆေးကုသလာခဲ့တဲ့ ဆရာဝန်နဲ့ပဲ ဆက်ပြီး ပြသဖို့ တောင်းခံထားပေမဲ့ အာဏာပိုင် တွေဘက်က ခုထိ တရားဝင် ဘာမှ အကြောင်းမကြားသေးသလို အရင်လွှတ်ခဲ့တဲ့ ဆရာဝန်နဲ့ ပြသနေတာမျိုးလည်း မရှိဘူး လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် ဧည့်သည်တွေ့ခွင့်လို ကိစ္စရပ်တွေကလည်း ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက် တင်ပြဖို့ ပြင်ဆင်ပြီးသွားပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အရင်တခေါက်က ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ချက်တွေ ပေးတယ်။ ဒီအပေါ်မှာ ကျနော်တို့ ရေးသားပြီးတော့ ထားတာပေါ့ အကြမ်း။ အဲဒီ အကြမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဒီနေ့ ထပ်ဆွေးနွေးတယ်။ ထပ်ဆွေးနွေး ပြီး အဲဒီဟာကို ကျနော်တို့ ပြုစုပြီးတော့ မကြာခင် တင်ပါ့မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တာကြောင့်ရယ်၊ တဦးပေါ်တဦး အာဃာတ မရှိစေဖို့ရယ်၊ ဒီမိုကရေစီလမ်းကြောင်း အနှောင့်အယှက် မဖြစ်စေဖို့ရယ် စတာတွေကို ရည်စူးပြီး စာနာထောက်ထား ညှာတာလိုတဲ့အတွက် ဆိုပြီးတော့ နေအိမ် အကျယ်ချုပ် ပြန်ချခဲ့ပါတယ်။

အခုလက်ရှိ နေအိမ်အကျယ်ချုပ် ၁၈ လဆိုတဲ့ ကာလအတွင်း မြန်မာအာဏာပိုင်တွေက ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားဖွယ် ရှိတာကြောင့် မြန်မာစစ်အစိုးရဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ဝေဖန်ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG