သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွင့်အရေး ချိုးဖောက်မှု ရေနံကုမ္ပဏီ ဖုံးကွယ်


မြန်မာပြည်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို အနောက်နိုင်ငံက ရေနံကုမ္ပဏီကြီးတွေက လူမသိအောင် ဖုံးကွယ်ပေးနေတယ်လို့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ မြန်မာစစ်အစိုးရက အဲဒီ ဓာတ်ငွေ့စီမံကိန်းကနေ ရတဲ့ အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ငွေတွေကို တိုင်းပြည်အတွက် မသုံးဘဲ သူတို့အာဏာ တည်မြဲရေးအတွက် စင်ကာပူက ဘဏ်တွေမှာ သိမ်းထားတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ထိုင်းနဲ့မြန်မာ ဆက်သွယ်ထားတဲ့ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် ချထားတဲ့ တပ်ဖွဲ့တွေဟာ ပိုက်လိုင်း အနီးတဝိုက် ရွာသူရွာသားတွေကို အဓမ္မလုပ်အားပေး ခိုင်းတာတွေနဲ့ လူသတ်မှု ကျူးလွန်တာတွေထိ ရှိနေတယ်လို့ အမေရိကန် အခြေစိုက် EARTH RIGHTS INTERNATIONAL လို့ခေါ်တဲ့ ERI လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ အဲဒီအဖွဲ့ကနေပြီး ဓာတ်ငွေ့ပိုက်လိုင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပတ်သက်နေတဲ့အကြောင်း အစီရင်ခံစာ ၂ စောင် ထုတ်ပြန်ထားတာကို ဒီကနေ့ပဲ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ပြင်သစ်ပိုင် တိုတယ်လ် (Total) ရေနံကုမ္ပဏီနဲ့ အမေရိကန်ပိုင် ရှယ်ဗရွန် (Chevron) ရေနံကုမ္ပဏီတို့ဟာ အဲဒီ ရတနာ ဓာတ်ငွေ့ပိုက်လိုင်းမှာ အဓိက ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပြီး ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာပြည် ထဲက ကျေးရွာတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းတွေနဲ့ ဖုံးကွယ်ပေးနေတယ်လို့ ERI အဖွဲ့က ပြောပါတယ်။ ပိုက်လိုင်းနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပြင်းပြင်းထန်ထန် ရှိနေတယ်လို့ ERI အဖွဲ့ရဲ့ စီမံကိန်းတာဝန်ခံ မက်သယူး စမစ်သ် (Matthew Smith) က ပြောပါတယ်။

“ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူအများ သိနိုင်အောင် တင်ပြတဲ့အခါ ဘာပြဿနာမှ မရှိဘူးလို့ ထင်ရအောင် တကယ့်အခြေအနေတွေကို တမင်တကာ ဖုံးကွယ်ပြီး တိုတယ်လ် ရေနံကုမ္ပဏီက သူတို့ကုမ္ပဏီ မျက်နှာမပျက်ရေး လုပ်နေတာပါ” လို့ ပြောသွားခဲ့ပါတယ်။

တိုတယ်လ် ရေနံကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဗွီအိုအေကို ပြောခဲ့တဲ့ အထဲမှာတော့ ERI ရဲ့ အစီရင်ခံစာကို ကြာသပတေးနေ့တုန်းက သူတို့ လက်ခံရရှိခဲ့တဲ့အကြောင်းနဲ့ သူတို့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လေ့လာထားတယ်လို့ ဆိုပါတယ်။ ပိုက်လိုင်းတဝိုက်မှာ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ ရှိတယ်ဆိုတဲ့အကြောင်း အရင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေမှာ ပြောခဲ့တာတွေကိုတော့ တိုတယ်လ်ကုမ္ပဏီက ငြင်းပါတယ်။ အမေရိကန် ရေနံကုမ္ပဏီ ရှယ်ဗရွန် က တော့ အခု ERI က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ချက်ချင်း မပေးသေးပါဘူး။ မြန်မာ စစ်အစိုးရက ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ရလာတဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလျံလောက်ကို စင်ကာပူက ဘဏ် ၂ ခုမှာ သိမ်းထားတယ်လို့လည်း ERI အဖွဲ့က ပြောပါတယ်။

“စင်ကာပူမှာ အခုလို သိမ်းထားတဲ့ငွေတွေ အလွယ်တကူ ရှိနေသရွေ့ သူတို့အတွက် အခြေအနေ ကောင်းနေဦးမှာပဲလို့ ထင်ပါတယ်။ ဒီလိုအခြေအနေတွေကို အကြောင်းပြုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို ပိုအားပေး ထောက်ခံကြပါ” လို့ ERI အဖွဲ့က မက်သယူး စမစ်သ်က ပြောသွားတာ ဖြစ်ပါတယ်။

စင်ကာပူဘဏ် ၂ ခု ဆိုတာကတော့ OVERSEAS CHINESE BANKING CORPORATION နဲ့ DBS GROUP တို့ ဖြစ်ပါတယ်။ ဒီဘဏ်တွေကတော့ သူတို့ဆီမှာ မြန်မာစစ်အစိုးရက ဓာတ်ငွေ့ပိုက်လိုင်း ပိုက်ဆံတွေ အပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက် ကို တော့ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG