သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ ကေအိုင်အိုနဲ့ ဆက်လက်ငြိမ်းချမ်းလို


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ဟာ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီး လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးကို နှစ်ဘက်စလုံးက ဆက်လက် ထိန်းသိမ်းဖို့ မကြာသေးခင် ရက်တွေအတွင်းက ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ကေအိုင်အို ဖက်က နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေးကို လက်မခံဘဲ ကချင်ဒေသလုံခြုံရေးတပ်အဖြစ် ဖွဲ့စည်းဖို့ကို ထပ်မံတင်ပြခဲ့ပေမဲ့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်တာမရှိသေးပါဘူး။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါ တယ်။

အပစ်ရပ် ကိုးကန့်ဒေသဘက်မှာ တိုက်ပွဲတွေဖြစ်ပွားချိန်မှာ မြန်မာစစ်အစိုးရတပ်တွေက တခြားအပစ်ရပ်အဖွဲ့ကိုပါ တိုက်ခိုက်လာမလားဆိုပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက စစ်ရေးအရ ပြင်ဆင်တာတွေ ပြုလုပ်နေကြ တဲ့အချိန်မှာ အခုလို ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို အခုလ ၉ ရက်နေ့က မြစ်ကြီးနားမြို့မှာ ဆွေးနွေးတာဖြစ်ပြီး အဓိက ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကို ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်ဆိုင်းက အခုလို ပြောပါတယ်။

"ဟုတ်ကဲ့ ဆွေးနွေးတယ်ခင်ဗျ။ အခြေအနေကတော့ နှစ်ဘက်စလုံးဟာ ငြိမ်းချမ်းရေးကို မဖျက်ဆီးဖို့၊ ထိန်းသိမ်းဖို့လိုတာကို နှစ်ဘက်စလုံးက ဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင် ဒါကို အဓိက ထားပြီးဆွေးနွေးတယ်ခင်ဗျ။"

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) အပါအဝင် တရုတ်မြန်မာနယ်စပ် တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲရေးကို မြန်မာစစ်အစိုးရဘက်က ပြီးခဲ့တဲ့ဧပြီလ ကတည်းက တောင်းဆိုခဲ့တာပါ။

ကေအိုင်အို အဖွဲ့ကတော့ ဒီလို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစား ကချင်ဒေသလုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းခွင့်ပေးဖို့ မြန်မာစစ်အစိုးရကို ပြန်လည် တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒီတခေါက် အစည်းအဝေးမှာလည်း ကေအိုင်အိုဘက်က ကချင်ဒေသလုံခြုံရေးတပ်အဖြစ် ဖွဲ့စည်းရေးကို ထပ်မံ တင်ပြခဲ့ ပေမဲ့ ပြီးပြတ်တဲ့ဆုံးဖြတ်ချက်တော့ မချမှတ်နိုင်သေးဘူးလို့ ဗိုလ်ချုပ်ဇော်ဆိုင်းက ပြောပါတယ်။

"ဒါကတော့ အခုထိတော့ လက်မခံသေးဘူး။ ဒါပေမယ့် ဒီအတွက် ဘယ်လို ပိုကောင်းမယ်ဆိုတာ ဆက်ပြီး ကိုယ့်အတွင်း မှာလည်း ဆွေးနွေးမယ်။ တဘက်က နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်တဲ့ တပ်မတော်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း ဆက်ပြီး ဆွေးနွေးဖို့ ဒါပဲ ရှိပါတယ်ဗျာ။ ဒါကလည်း ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရသစ် ပေါ်ပေါက်လာတဲ့အခါ တပ်မတော်အစိုးရကလည်း အားလုံးအာဏာ လွဲှပြောင်းမှာ ဖြစ်တယ်။ ဒါကြောင့် တပ်မတော်အစိုးရနဲ့ လိုတာကိုဆွေးနွေးပြီး လုပ်ကိုင်သွားကြဖို့ ဆိုတဲ့သဘောထားမှာ အဲဒီမှာ အခု ဆွေးနွေးနေတယ်ဗျ။"

ကေအိုင်အိုအဖွဲ့ဟာ မြန်မာစစ်အစိုးရကိုယ်စားလှယ်တွေနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဘယ်အချိန်မှာ ထပ်တွေ့မယ် ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။

ကေအိုင်အို ထိပ်တန်းအရာရှိတွေနဲ့ နီးစပ်သူတယောက်ကတော့ မြန်မာစစ်အစိုးရဘက်က ကေအိုင်အေကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကလွဲလို့ တခြားရွေးချယ်စရာမပေးဘူး။ ဒီလိုပြောင်းလဲဖွဲ့စည်းဖို့ကိုလည်း အောက်တိုဘာလမှာ နောက်ဆုံးထား ဆောင်ရွက်ဖို့ သတ်မှတ်ထားတာဖြစ်တာကြောင့် အခုဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမယ်ဆိုတာ ဘယ်အချိန်ထိ တည်တံ့မလဲဆိုတာ ခန့်မှန်းဖို့ခက်နေတယ်လို့ ပြောပါတယ်။

အခုလို ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့ မြန်စစ်အစိုးရအကြား ထပ်မံတွေ့ဆုံဆွေးနွေးမယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီး တဲ့နောက်ပိုင်းမှာ သူတို့အခြေစိုက်ရာ လိုင်ဇာနဲ့ ဗန်းမော်ဒေသဘက်မှာ တိုက်ပွဲတွေဖြစ်မလားဆိုပြီး စိုးရိမ် ထိတ်လန့်တာ တွေ၊ ပြောင်းရွှေ့တာတွေ လျော့ကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ မြစ်ကြီးနားမှာ အခြေချနေထိုင်နေတဲ့ ကေအိုင်အို၊ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကတော့ ဆိုင်တွေ၊ အိမ်တွေရောင်းချပြီး တရုတ်မြန်မာနယ်စပ်ဘက်ကို ရွှေ့ပြောင်းတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG