အီရန်နိုင်ငံက ဆွေးနွေးဖို့ ငြင်းဆန်နေပေမဲ့ လာမယ့် အီရန်နိုင်ငံနဲ့ ဆွေးနွေးပွဲတွေမှာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို အဓိကထား ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။
နျူကလီးယား အစီအစဉ်ဟာ တရားမ၀င်တဲ့ အစီအစဉ် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ဆိုပါတယ်။ ဒါကို ဆွေးနွေးဖို့ ငြင်းဆိုပြီး ထွက်ခွာသွားမယ်ဆိုရင်၊ အီရန်မှာပဲ တာဝန်ရှိပါလိမ့်မယ်လို့ သူက ပြောပါတယ်။ အမေရိကန်ရဲ့ ရည်မှန်းချက်ကတော့ အီရန်နဲ့ ဒီကိစ္စ ဆွေးနွေးဖို့ပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အီရန်က နျူကလီးယား အစီအစဉ်ကို မဆွေးနွေးဘူးလို့ ပြောထားပေမဲ့ အမေရိကန်နဲ့ အခြား ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံက အီရန်နိုင်ငံရဲ့ ဆွေးနွေးရေး အဆိုပြုချက် အသစ်ကို သောကြာနေ့က လက်ခံခဲ့ကြပါတယ်။ အခုလို လက်ခံလိုက်တဲ့အတွက် ကျေနပ်မိကြောင်း အီရန်အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုတော့ စေ့စပ်လိမ့်မယ် မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မနူချီအာ မိုတာကီ (Manouchehr Mottaki) က ပြောကြားပါတယ်။
ဗုံးလုပ်နိုင်စွမ်း ရှိလာမယ့် နျူကလီးယား စီမံကိန်းကို အီရန်အနေနဲ့ ရပ်ဆိုင်းအောင်လုပ်ဖို့ အချိန်နီးကပ်လာပြီလို့ အစ္စရေးလ် ဒုတိယ ၀န်ကြီးချုပ် ဒန် မရီဒါ (Dan Meridor) က ပြောကြားလိုက်ပါတယ်။