သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blow စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် တင်ပြပေးသွားမဲ့ အီဒီယံအသုံးအနှုန်းများမှာ blow out of the water, blow off the doors, နဲ့ blow off the lid တို့ ဖြစ်ပါတယ်။

ပထမ အီဒီယံအသုံးမှာ blow out of the water ဖြစ်ပါတယ်။ Blow out က အပြင်ဖက်ကို မှုတ်ထုတ်သည်၊ Water က ရေ တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ရေထဲကနေ မှုတ်ထုတ်လိုက်သည် ဖြစ်ပါတယ်။

ဒီ အီဒီယံမှာ ရေတပ်မတော်က အခြေခံပြီး ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ စစ်ကာလအတွင်း ပင်လယ်ပြင်မှာ ရန်သူရဲ့ သင်္ဘောကို ဗုံး (သို့မဟုတ်) အမြောက်ကြီးတွေသုံးပြီး ရေပြင်မှာ ပျက်ဆီးသွားအောင် ဖြိုခွင်းပစ်ခတ်လိုက်ရာမှ ဒီအသုံးအနှုန်း ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသဘောမှာလည်း စီးပွားရေး၊ အားကစားယှဉ်ပြိုင်ပွဲမှာ ပြိုင်ဖက်ကို တခဲနက် အနိုင်ရအောင် ဖြိုခွင်းလုပ်ဆောင်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။

မော်တော်ကားသစ် ထုတ်လုပ်တဲ့ ကုမ္မဏီတခုက ဈေးကွက်မှာ သူ့ကား ဘယ်လိုကောင်းကြောင်း ကြွားလုံးထုတ်ပုံကို George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"I tell you our new sports car is so good looking and fast it is going to blow all the competition right out of the water."

"ကျနော်ပြောမယ် ကျနော်တို့ရဲ့ အင်မတန် ကြွကြွရွရွ ရှိလှတဲ့ ပြိုင်ကားဟာ အမြင်ကလည်း လှ၊ အသွားကလည်း မြန် တယ်ဆိုတော့ ပြိုင်လာသူအားလုံးကို အပြတ်အသတ် အနိုင်ရယူနိုင်ပါလိမ့်မယ်။"

ဒုတိယ အီဒီယံအသုံးကတော့ blow off the doors ဖြစ်ပါတယ်။ Blow off က လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ Doors တခါးများ ဖြစ်ပါတယ်။ ဒီစကားစုရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ တခါးများကို လွင့်ထွက်သွားအောင် လုပ်လိုက်သည် ဖြစ်ပါတယ်။

အီဒီယံအဓိပ္ပါယ်ကလည်း ပြိုင်ဖက်အပေါ် တဖက်သတ်အနိုင်ရယူလိုက်တာကို ဆိုလိုပါတယ်။ ဥပမာ ကားနှစ်စင်း ပြိုင်မောင်းတဲ့အခါ ကားတစီးက အရှိန်သိပ်ပြင်းတော့ အရှိန်နှေးနေတဲ့ တခြားကားကို လေဟပ်ပြီး တခါးတွေ ပြုတ်ထွက်သွားအောင် လုပ်နိုင်တဲ့ အရှိန်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။

တကယ်တော့ ဒီအဖြစ်မျိုးဟာ လက်တွေ့မှာ မဖြစ်နိုင်ပေမဲ့ စကားအရ တင်စားပြီးတော့ ပြောတာဖြစ်ပါတယ်။ ဒီအသုံးဟာ ရှေ့နေရှေ့ရပ် တရားခွင်တွေကြား အခြေအတင် လျှောက်လဲကြသူတွေကြား ရေပန်းစားတဲ့ အသုံးစကား ဖြစ်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"This case didn't look good for us, first. But, we found some new evidence that blow the doors off the other side. Right now I bet we are going to win."

"ပထမတုန်းကတော့ ဒီအမှုဟာ ကျနော်တို့အတွက် ဟန်ပုံမပေါ်ခဲ့ဘူး။ ဒါပေမဲ့ တဖက်ရှေ့နေအပေါ် အပြတ်အသတ် အနိုင်ရစေမဲ့ သက်သေခံအသစ်တွေ ကျနော်တို့ တွေ့လာခဲ့တယ်။ အခုဆို ကျနော်တို့ လောင်းရဲတယ်ဗျာ ကျနော်တို့ဖက်က မုချ အပြတ်အနိုင်ရမယ်။"

နောက်ဆုံးတင်ပြပေးမဲ့ အီဒီယံအသုံးအနှုန်းမှာ blow off the lid ဖြစ်ပါတယ်။ Blow off က မှုတ်ထုတ်ပြစ်လိုက်သည်၊ Lid က အဖုံး ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ အဖုံးကို ပွင့်အောင် မှုတ်ထုတ်ပြစ်လိုက်သည် ဖြစ်ပါတယ်။

အီဒီယံသဘောအရတော့ ဖုံးဖိ၊ လျှို့ဝှက်ထားတဲ့ကိစ္စကို လူအများသိအောင် ဖွင့်ချပြောဆိုလိုက်တာကို ဆိုလိုပါတယ်။ သဘောကတော့ အလုံပိတ်ထားတဲ့ သေတ္တာ၊ ဘူးတို့ကို ဇတ်ကနဲ့ ဆွဲဖွင့်လိုက်တဲ့အခါ အထဲမှာရှိတဲ့ ပစ္စည်းကို လူတွေ တွေ့သွားတဲ့ သဘောဖြစ်ပါတယ်။ အများအားဖြင့် အစိုးရပိုင် အကျင့်ပျက် ခြစားမှုများ ရှိတာကို လူတွေအားလုံး သိသွားအောင် လုပ်တဲ့သဘောမျိုး ပြောချင်တဲ့အခါ ဒီ အီဒီယံကို ရည်ညွှန်းသုံးပါတယ်။

Geoge Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"I hear that the newspaper is going to blow the lid off the mayor's office. They proof that he has been taking bribes from contractors to give them city businesses."

"ကျနော် သတင်းတခုကြားထားတယ်။ သတင်းစာက မြို့တော်ဝန်ရုံးမှာ ဖြစ်ပျက်နေတာတွေကို ဖော်ကောင်လုပ်တော့မယ်တဲ့။ မြို့တော်ဝန်က မြို့ထဲမှာ လုပ်စရာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကန်ထရိုက်တာတွေဆီက လာဘ်ယူခဲ့တဲ့အကြောင်း သတင်းသမားတွေက အထောက်အထားပြနိုင်ခဲ့တယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG