ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေးအဖွဲ့ (ICG) က စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ တရုတ်က မြန်မာစစ်အစိုးရအပေါ်မှာ သြဇာညောင်းတယ်လို့ နိုင်ငံတကာက ယုံကြည်နေတဲ့အချိန်မှာ ပြီးခဲ့တဲ သြဂုတ်လက တရုတ်နိုင်ငံထဲကို ကိုးကန့်တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ပြေးဝင်လာရတဲ့ အဖြစ်မျိုးတွေ မပေါ်ပေါက်ရအောင်တော့ မြန်မာစစ်အစိုးရကို တရုတ်က မတားဆီးနိုင်ခဲ့ဘူးလို့လည်း ICG အစီရင်ခံစာမှာ ဆိုထားပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်တာတွေ၊ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ချဉ်းကပ် ဆောင်ရွက်မှုအပေါ် နိုင်ငံတကာ အမြင်တွေနဲ့ ပတ်သက်တာတွေကို တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအပေါ် တရုတ် ဗဟိုအစိုးရက ထားရှိတဲ့ မူဝါဒနဲ့ မြန်မာ့အိမ်နီးချင်း တရုတ်ဘက်က ယူနန်ပြည်နယ်ရဲ့ အကျိုးစီးပွားပေါ်မှာ အခြေခံထားတဲ့ မူဝါဒတွေအပေါ်မှာ ICG အဖွဲ့က ဆန်းစစ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရေးမှာ တရုတ်က အဓိက အခရာကျတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပြောဆိုလာကြချိန်မှာ ဒါဟာ ပုံကြီးချဲ့ပြီး ထင်မြင်လွန်းတာ ဖြစ်တယ်လို့ ICG က ဆိုပါတယ်။ ဒီနေရာမှာတော့ ICG နဲ့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောတို့ အမြင်သဘောထားချင်း တိုက်ဆိုင်ကြပါတယ်။
“တရုတ်ကတော့ ဗမာပြည်နဲ့ ပတ်သက်လို့ စိတ်ပျက်နေတာ ကြာပါပြီ။ ဥပမာ မြောက်ကိုရီးယား ဆိုပါတော့၊ မြောက်ကိုရီးယား အဏုမြူကိစ္စဆို သူလည်း တော်တော် ခေါင်းကိုက်ရတာပဲ။ အမှန်ဆို မြောက်ကိုရီးယားနဲ့ တရုတ် ဆက်ဆံရေးက ဗမာနဲ့ တရုတ် ဆက်ဆံရေးထက်တောင် ပိုပြီး ရင်းနှီးသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပါတီချင်းလည်း ရင်းနှီးကြတာ ဖြစ်တာကိုး။ အစိုးရချင်းရော၊ ပါတီချင်းရော။ အဲဒါတောင်မှ သူ ပြောလို့ ဆိုလို့ သိပ်မရဘူး။
“တရုတ်ကလည်း အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတခုကို ဆက်ဆံတဲ့နေရာမှာ သူက တန်းတူရည်တူထားပြီး ဆက်ဆံတာပဲလေ။ အဲတော့ သူ့အမြင်၊ ကိုယ့်အမြင် မတူနိုင်တဲ့ အခါကြတော့ သူ အရမ်း ဘယ်သူ့ကိုမှ ဖိပြောလေ့ပြောထ မရှိဘူး။ သူက သွယ်ဝိုက်တဲ့နည်းနဲ့ ချဉ်းကပ်တာတွေ များတယ်။”
အရင်က အနောက်နိုင်ငံတွေက မြန်မာ့အရေးကို ဦးဆောင် လုပ်ကိုင်လာကြပြီး မအောင်မြင်တော့မှ တရုတ်က ဒီကိစ္စကို လုပ်သင့်တယ်ဆိုပြီး ICG အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောလာကြတဲ့ အပေါ်မှာတော့ ဒေါက်တာ လှကျော်ဇောက အခုလို သုံးသပ်ပါတယ်။
“အဲဒါကတော့ တရားခံရှာတာပါ။ တရုတ်လည်း မနိုင်ဘူးဆိုတာ သူတို့လည်း သိနေနိုင်တဲ့ကိစ္စပဲ။ အခုဟာ ကျမကြည့်တာတော့ ကမ္ဘာ့ရဲ့ အနေအထားပေါ့၊ ကမ္ဘာ့ရဲ့ World Order ပေါ့၊ International Political Order ရော Financial Order ရော အများကြီး ပြောင်းနေတယ်။ အဲလိုပြောင်းနေတဲ့ ကာလမှာ တရုတ်က တင်နေတဲ့အခန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ Multilateralism လို့ခေါ်တယ်။ ဗဟုစုံဝါဒလို့ ဗမာလို ပြန်မယ်ထင်တယ်။ သူက နိုင်ငံတိုင်း နိုင်ငံတိုင်း နိုင်ငံကြီးတွေ အားလုံး ကိုယ့်နိုင်ငံနဲ့ကိုယ် အပြိုင်းအရိုင်း ဖြစ်လာဖို့ပေါ့။ တဦးတည်း ဗိုလ်ဝါဒ၊ ယူနီပိုလာရစ်ဇင်နဲ့ မာလ်တီပိုလာရစ်ဇင် တိုက်ပွဲပါပဲ၊ အခုပွဲက။
“အဲဒီတော့ တရုတ်က တင်နေတာ အဲဒါ တင်နေတယ်။ တင်နေတဲ့ဟာကို လူတော်တော်များများကလည်း ကြိုက်နေကြတယ်။ ဥပမာ ဘရာဇီးတို့လို တိုင်းပြည်တွေကလည်း ကြိုက်တယ်။ Developing Country မျိုးကလည်း ကြိုက်တယ်။ မကြိုက်တာက Developed Country၊ အဆင့်တွေ အမြင့်ရောက်ထားပြီးသား လူတွေက မကြိုက်တာ။ ဒါလည်း သဘာ၀ ကျပါတယ်။ နောက်တက်လာတဲ့လူကို နေရာမပေးချင်တာပေါ့။
“အဲဒီလိုကာလမှာ တရုတ်ကို ရမယ်အမျိုးမျိုး ရှာလာတဲ့အခါ ဒါ ရမယ်တခုလို့ပဲ ကျမ မြင်ပါတယ်။ ဒါ ဗမာပြည်တင် မဟုတ်ပါဘူး။ နိုင်ငံတကာ သတင်းကို ကြည့်လိုက်ရင် ဇင်ဘာဘွေကိစ္စပဲ ကြည့်ကြည့်၊ ဆူဒန်ကိစ္စပဲ ကြည့်ကြည့်၊ တရုတ်ကိုပဲ ဝိုင်းပုံနေသလို ဖြစ်တယ်လေ။”
ဒါ့အပြင် မြန်မာစစ်အစိုးရနဲ့ အနောက်နိုင်ငံတွေက ကိုယ့်ဘာသာကိုယ် အဆက်အဆံ လုပ်ချင်ကြတဲ့ ကိစ္စမှာ တရုတ်ဘက်ကို မြန်မာက ယိမ်းသွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချကြတယ်လို့ ဒေါက်တာ လှကျော်ဇောက အခုလိုပြောပါတယ်။
“တခြားဟာမကြည့်နဲ့၊ ဟိုတလောက ဆီနိတ်တာ ဂျင်မ် ဝက်ဘ် (Jim Webb) သွားတာပဲကြည့်ပေါ့။ သူတို့ အမေရိကန်တွေ အနေနဲ့က တကယ်တော့ ဗမာပြည်နဲ့ အများကြီး ဆက်ဆံချင်နေကြပြီ။ အဲတော့ ကိုယ့်ဟာကို ဆက်ဆံချင်ရင် ဆက်ဆံတာ မဟုတ်ဘူး၊ သူက ဘာကို အကြောင်းပြလဲဆိုတော့ တရုတ်က ဗမာပြည်မှာ သြဇာလွှမ်းသွားမှာစိုးလို့၊ ဒါနဲ့ ပတ်သက်လို့ ဦးဝင်းတင်လည်း ဆောင်းပါးရေးပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်ပြောလိုက်ပြီ။ ဒါ တရုတ်က ရမယ်ရှာစရာလို ဖြစ်တယ်လေ။
“တခြားဟာ မကြည့်နဲ့၊ အိန္ဒိယက အဏုမြူဗုံး ဖောက်တယ်၊ ကိုယ့်ဟာကို ဖောက်တာတောင် ရိုးရိုး မဖောက်ဘူး၊ အဲဒီတုန်းက ကာကွယ်ရေးဝန်ကြီး ဂျော့ချ် ဖာနန်ဒက်စ်က ပြောဖူးတယ်၊ တရုတ်ရဲ့ အန္တရာယ်ကြောက်လို့ ဖောက်ရတာပါဆိုပြီး။ အဲဒါမျိုးတွေက သူတို့အတွက် လက်သုံးစကားလို ဖြစ်နေတယ်။ အဲဒါအားလုံးဟာ ကမ္ဘာ့အခင်းအကျင်း တခုလုံးရဲ့ အပြောင်းအလဲရဲ့ ဂယက်ပဲ။”
ပြီးခဲ့တဲ့လက ကိုးကန့်တိုင်းရင်းသား အရေးအခင်းကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အကျပ်အတည်း ဖြစ်ရတယ်လို့ ICG က သုံးသပ်ထားပေမယ့် တရုတ်ဟာ သူ့အကျိုးစီးပွား သူ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်တာကြောင့် ကိုးကန့်အရေးကြောင့် မြန်မာနိုင်ငံကိစ္စမှာ တရုတ်ဟာ ဘာအကျပ်အတည်းမှ ဖြစ်မှာမဟုတ်ဘူးလို့ ဒေါက်တာ လှကျော်ဇောက အခုလို ရှုမြင်သုံးသပ်ထားပါတယ်။
“ဗမာပြည်ကလည်း သူ့အကျိုးစီးပွားတွေအတွက် အများကြီး ထောက်ပံ့ပေးထားတာကိုး။ အခု ဒီရောက်မယ့် ရေနံပိုက်လိုင်းကဆို ယူနန်တင်မကဘူး၊ ယူနန်ကတဆင့် စီချွမ်းအထိကို သွားမှာ။ တရုတ်ပြည်ရဲ့ အနောက်မြောက် ဒေသမှာရှိတဲ့ နယ်ကြီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒါက တော်တော်အရေးပါတာကိုး။ ဒါကို ဗမာပြည်က ပေးထားတဲ့အတွက် တရုတ်က ဒါကို အများကြီး ထောက်ထားစရာတွေ ရှိတယ်။ ဒီ့အတွက် ကျမတို့က တရုတ်ကိုလည်း မျှော်လင့်နေလို့ မဖြစ်ဘူး။ ဗမာပြည်ကြီး ပြောင်းလဲဖို့အတွက် တရုတ်က ဘာများပြောပေးမလဲ ဆိုတာ ဘာမှ မမျှော်လင့်ပါနဲ့။ ဘာမှလုပ်မှာ မဟုတ်ဘူး။”
တရုတ်နိုင်ငံမှာ အခြေစိုက်နေထိုင်ပြီး မြန်မာနိုင်ငံအရေးကို လေ့လာသုံးသပ်နေတဲ့ ဒေါက်တာ လှကျော်ဇော ရှင်းပြခဲ့တာ ဖြစ်ပါတယ်။