သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု အယူခံ ကြားနာပွဲ ကိုယ်တိုင်တက်ရောက်ခွင့် ငြင်းပယ်ခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် အယူခံဝင်ထားတာမှာ လာမယ့် ၁၈ ရက်နေ့ ရန်ကုန်တိုင်းတရားရုံး ကြားနာပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နားထောင်ဖို့ တင်ပြခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ကိုယ့်အမှု ကြားနာတာကို နားထောင်ခွင့် ဆိုတာဟာ အခြေခံအခွင့်အရေး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုပြစ်မှုမျိုးကိုမှ မကျူးလွန်တဲ့အတွက် အပြစ်မရှိတဲ့အကြောင်း တိုင်းတရားရုံးမှာ အယူခံတင် လျှောက်ထားခဲ့တာပါ။ ဒီလျှောက်ထားချက်ကို တိုင်းတရားရုံးက လက်ခံခဲ့ပြီးတဲ့နောက် ကြားနာစစ်ဆေးဖို့အတွက် စက်တင်ဘာလ ၁၈ ရက်နေ့ကို ရုံးချိန်းပေးထားပါတယ်။ ဒီကြားနာပွဲကို သူကိုယ်တိုင် တက်ရောက်နားထောင်ခွင့် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့တာကို အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးတွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်စရာကိစ္စတွေ ကျနော့်ကို လမ်းညွှန်တယ်။ အဲဒီလမ်းညွှန်နဲ့အညီ ကျနော် ဆောင်ရွက်နေပါတယ်။ အခု ပထမဆုံး ဆောင်ရွက်ချက်ကတော့ ၁၈ ရက်နေ့၊ ၁၀ နာရီ၊ အမှုကြားနာမယ့် တိုင်းတရားရုံးကို ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တက်ရောက်ကြားနာချင်တယ်။ အဲဒါကို ဆောင်ရွက်ပေးပါလို့ ကျနော့်ကို ညွှန်ကြားတယ်ပေါ့။ အဲဒါကို ကျနော် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းထားမှုမှာ တာဝန်ရှိတယ်လို့ မြင်တဲ့ သတင်းတပ်ဖွဲ့ကို ကျနော် စာတင်ပါတယ်။ စာတင်တဲ့နေ့ကတော့ ပြီးခဲ့တဲ့ သောကြာနေ့ကပါ။”

သောကြာနေ့မှာ တင်ပြခဲ့ပြီးတဲ့နောက် စနေနေ့ညနေ ၃ နာရီမှာ ရဲအထူးသတင်းတပ်ဖွဲ့က ဦးဉာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး ဒီကိစ္စဟာ သူတို့နဲ့မဆိုင်ဘဲ တရားရုံးနဲ့သာ ဆိုင်တဲ့အတွက် တရားရုံးမှာ လျှောက်ထားဖို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ကာလမှာ တာဝန်ရှိသူတွေကသာ ဒါကို ခွင့်ပြုရမှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ပြန်လည် မဖြေကြားတဲ့အတွက် တောင်းဆိုချက်ကို ငြင်းပယ်လိုက်တာလို့ ဦးဉာဏ်ဝင်းတို့က ယူဆပါတယ်။ အခုလို ရဲအထူးသတင်းတပ်ဖွဲ့က ငြင်းပယ်လိုက်ပြီးတဲ့နောက် နောက်ထပ် ဆက်တင်ပြဖို့ရာ အချိန်နည်းပါးနေသလို ရုံးရှေ့ကို ရောက်ဖို့အတွက် တရားရုံးက ကန့်သတ်ထားတာ မရှိဘဲ ငြင်းပယ်လိုက်တာလို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

ကိုယ်နဲ့ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးကြားနာတာကို နားထောင်ခွင့်ဆိုတာဟာ အခြေခံအခွင့်အရေး ဖြစ်ပါတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေကြောင်းအရတော့ ရိုးရိုးလေးပဲဗျ။ သူက ဒါဟာ ဘယ်သူမဆို မိမိရဲ့အမှုကို မိမိ စိတ်ဝင်စားစွာ ကြားနာခွင့်၊ ဒီဥစ္စာက အခြေခံ အခွင့်အရေးပဲလေ။ ကျနော် အဲလိုမြင်ပါတယ်။ ဒီအကြောင်းလည်း ကျနော်တို့ ပြောခဲ့ပါတယ်။”

ဦးဉာဏ်ဝင်းကို ရဲအထူးသတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံပြီး အကြောင်းပြန်တဲ့နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီတပ်ဖွဲ့ကပဲ ခေါ်ယူမေးမြန်းတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါပေမယ့် ကိစ္စရပ်နှစ်ခု အဆက်အစပ် မရှိပါဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ရေကူးဝင်လာပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ မစ္စတာယက်တောကိုတော့ လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ဆိုပြီး အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဥပဒေကြောင်းအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိတဲ့အတွက် ဥပဒေအတိုင်း ဆုံးဖြတ်ရင် လုံး၀ လွတ်မြောက်မယ်လို့ ရှေ့နေတွေက ယုံကြည်ထားကြပါတယ်။

“ကျနော်တို့က ရှေ့နေတွေအဖြစ်နဲ့ ဥပဒေရှုထောင့်က အမြင်ကတော့ လုံး၀ လွတ်မြောက်ရေး ရရှိလိမ့်မယ်လို့ ကျနော် ဒီလိုမျှော်လင့်တယ်။ ကျန်တဲ့အစိတ်အပိုင်း၊ နိုင်ငံရေး ဘာညာ ဒါကတော့ ရှိမယ်။ အဲဒါကို ခြုံငုံပြီးတော့ ကျနော် မပြောနိုင်ဘူး။ ကျနော်ပြောနိုင်တာက ရှေ့နေတယောက်အနေနဲ့ ဥပဒေရှုထောင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့အတွက် လွတ်မြောက်လိမ့်မယ်လို့ ကျနော် ဒီလိုမျှော်လင့်ထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလက်ရှိ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေမှာ ဆရာဝန်တွေ့ခွင့်နဲ့ ဧည့်သည်တွေ့ခွင့်လို တချို့ အချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ဒါတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက် တောင်းခံဖို့ ပြင်ဆင်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြသွားမယ်လို့လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG