သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားများ အခြေအနေဆိုး


မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကမ္ဘာတဝန်းက တောင်းဆိုနေကြပေမဲ့ လွှတ်မပေးသေးတဲ့အပြင် အကျဉ်းထောင်တွေထဲမှာ အာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသားတွေကို မတရား ပြုကျင့်တာတွေ၊ အသက် အန္တရာယ် ခြိမ်းခြောက်တာတွေက ဆက်ဖြစ်နေဆဲပါ။ ဒီထဲမှာ အခုနောက်ဆုံး ထွက်လာတဲ့ ဖြစ်ရပ်တခုကတော့ ဖျာပုံ ထောင်ဘက်က ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အကျဉ်းသားတွေကို လွှတ်ပေးဖို့ လုပ်နေပါပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကတိပေး ပြောဆိုခဲ့တာဟာဖြင့် ၂လ ကျော်လာခဲ့ပါပြီ။ ခုချိန်ထိတော့ လွှတ်ပေးမယ့် အရိပ်အယောင်တွေကို မတွေ့ရသေး တဲ့အပြင် အကျဉ်းကျနေသူတွေအဖို့ အခက်အခဲမျိုးစုံ၊ အနိုင့်အထက် ပြုကျင့်ခံရမှုမျိုးစုံ၊ အသက်အန္တရာယ် ခြိမ်းခြောက် ခံရ မှုမျိုးစုံ၊ ကျန်းမာရေး ချို့ယွင်းမှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ သတင်းတွေ ပိုပိုပြီး ကြားလာရပါတယ်။

ဒီထဲမှာ အခုနောက်ဆုံး ထွက်လာတဲ့ ဖြစ်ရပ်ကတော့ ဖျာပုံထောင်ဘက်က ဖြစ်ပါတယ်။ ဖျာပုံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃ ဦးပဲရှိပြီး အဲဒီထဲမှာ တဦးကတော့ မန္တလေးက ကိုရွှေမောင်ပါ။ သူ့အခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကမှ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူက ပြောပြပါတယ်။

“မနေ့တုန်းက ကျမ တွေ့ပြီးပြန်လာတော့ ကျမယောကျ်ားရဲ့ အခြေအနေက တော်တော်ကြီးကို ဆိုးနေတယ်ရှင့်။ တော်တော်ကြီးကို အင်အားချည့်နဲ့ပြီးတော့ သူ့ကိုတွေ့လိုက်ရတာ ကျမရင်ထဲမှာ တော်တော်လည်း ခံစားရတယ်။ အခုလက်ရှိမှာ လည်း ကိုရွှေမောင်က အစာအိမ်ဖြစ်နေတယ်၊ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်နေတာပေါ့။ သူ့ခန္ဓာကိုယ်က တုန်နေတာ ကျမနဲ့ စကားပြောနေတုန်း။ တုန်နေတော့ ကျမ သူ့လက် တွေကို အတင်းဆွဲကြည့်တော့ သူ့ရဲ့လက်သည်းတွေမှာ အမည်းပြောက်တွေ ဖြစ်နေ တယ်။ သူ အတွင်းရောဂါလည်း ဖြစ်နေလောက်တယ်လို့ ကျမ ယူဆတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့အတွက် ကျမက ကိုရွှေမောင့်ကို ငွေအလုံအလောက် ပေးထားပါ လျက်နဲ့ ကိုရွှေမောင့်ကို သွေးပေါင်တောင် ချိန်မပေးဘူး။”

ထောင်အာဏာပိုင်တွေဟာ ခြိမ်းခြောက်မှုမျိုးစုံ၊ အကျပ်ကိုင်မှုမျိုးစုံ သုံးပြီး နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ရိုက်ချိုး ဖို့ ကြိုးစားတာတွေ၊ သာမန် ရာဇဝတ် အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြား အဆင်မပြေဖြစ်အောင် သွေးထိုးလှုံ့ဆော်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့အထိဖြစ်အောင် လုပ်ဆောင်တာ မျိုးတွေ ရှိတယ်ဆိုတာကို အကျဉ်းကျခဲ့ဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြန်ပြောပြခဲ့ဖူးပါတယ်။ အခုလည်း ကိုရွှေမောင်ဟာ အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပုံ ရှိပါတယ်။

“၈ လပိုင်းလောက်က ၄ လက္မ သံမှို သူ့အခန်းထဲက တွေ့တယ်တဲ့။ အဲဒါကို ကိုရွှေမောင်က ထောင်ဖောက်မယ့် လူစားပဲ ဆိုပြီးတော့ ကိုရွှေမောင့်ကို ရုံးတင်ပြီး စစ်ဆေးတယ်တဲ့။ စစ်ဆေးတော့ ကိုရွှေမောင်က လုံး၀ လက်မခံဘူး။ ဒါက ကျနော် လည်း မသိဘူးတဲ့၊ ဒီသံမှို ဘယ်လိုရောက်တာလဲ ကျနော် မသိဘူးပေါ့။ အဲဒါ ကိုရွှေမောင်ကို ဇွတ်ဝန်ခံခိုင်းတယ်တဲ့၊ ထောင်ပိုင် က။ သူတို့က အဲဒီလို ကိုရွှေမောင့်ကို စွပ်စွဲချက်တွေနဲ့၊ ကိုရွှေမောင်ကလည်း လုံး၀ ငြင်းတာပေါ့။ ငြင်းတော့ သူတို့ အထ မမြောက်ဘူး။ အထမြောက်ရင် ကိုရွှေမောင့်ကို ရိုက်သတ်မယ့်သဘောမျိုး။ ထောင်ဖောက်ပါတယ်ဆိုပြီး ရိုက်သတ်ချင်တဲ့ သဘောမျိုးပေါ့။ ကိုရွှေမောင့် အသက်အန္တရာယ်အထိ သူတို့ ရန်ရှာလာတယ်။”

ဖျာပုံထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ ဇနီးဖြစ်သူ ပြောပြသွားတာ ဖြစ်ပါတယ်။

ကိုရွှေမောင်ဟာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက သံဃာတော်တွေရဲ့ ရွှေဝါရောင် လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီးတော့ မန္တလေး မှာ အဖမ်းခံရပြီး မန္တလေးထောင်ကနေ အင်းစိန်ထောင်၊ အဲဒီကနေ ထောင်ဒဏ် ၈ နှစ် ချခံရပြီးတဲ့နောက် ဖျာပုံထောင်ဆီ ရွှေ့ပြောင်းခံထားရတာပါ။

အခုဖြစ်ရပ်ဟာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် အာဏာပိုင်တွေက ဆိုးဆိုးရွားရွား ပြုမူဆက်ဆံတာတွေ ရှိနေတယ် ဆိုတာကို နောက်ထပ် သက်သေပြလိုက်တာဖြစ်ပြီး ဖုံးအုပ်မရဘဲ ထွက်လာခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေအရေး လုပ်ဆောင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒီ့ထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ဖို့ လိုနေတယ် ဆိုတာကို မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခုပါလို့လည်း ကိုတိတ်နိုင်က ပြောပါတယ်။

“နိုင်ငံတကာကနေ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါ၊ လွှတ်ပေးပါဆိုပြီး တောင်းဆိုရုံ၊ ပြောနေရုံနဲ့တော့ ထိရောက် တဲ့ ဖိအား ဖြစ်လာမယ်လို့ ကျနော်တို့ အနေနဲ့တော့ မထင်ပါဘူး။ အမြန်ဆုံး နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို ရှာကြံပြီး အသုံးပြုရမယ်ဆိုတဲ့ ကိစ္စမျိုးက ကုလသမဂ္ဂ အနေနဲ့ရော၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ရော ဒီနေ့ ဒီအချိန်မှာ အရေးတကြီး စဉ်းစားဖို့ လိုနေပြီဆိုတဲ့အကြောင်း ကျနော်တို့ ပြောချင်ပါတယ်။”

AAPP အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ရှိပြီး အကျဉ်းသား အရေအတွက် လျော့ သွားတယ်မရှိဘဲ တဖြည်းဖြည်း တိုးလာနေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG