သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံမှာ ၅ ယောက်ဖမ်း


နိုင်ငံရေး အကျဉ်းသားတွေအပေါ် မတရား ပြုမူတာတွေ ဆက်ဖြစ်နေသလိုပဲ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုနေတာတွေကိုလည်း လျစ်လျူရှုထားပြီး အခုဆိုရင် မန္တလေးတိုင်း မြင်းခြံမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅ ဦးကို အာဏာပိုင်တွေက ဒီမနက်မှာပဲ ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ အခု ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေလဲ၊ ဘယ်လိုအခြေအနေတွေနဲ့ ဖမ်းဆီးခံခဲ့ရတာလဲ ဆိုတာကို စုံစမ်းမေးမြန်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

မြင်းခြံမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ နိုင်ငံရေး လှုပ်ရှားသူတဦးက အခုလိုပြောပါတယ်။

“နည်းနည်းလှုပ်ရှားတဲ့ နိုင်ငံရေး စိတ်ဝင်စားတဲ့ အုပ်စုပေါ့၊ ရိုးရိုး မြင်းခြံမှာ နိုင်ငံရေးစိတ်ဝင်စားတဲ့ အုပ်စုပါပဲ။ ဘယ်ပါတီမှ ဝင်ထားတာ မရှိဘူးဗျ။ ကိုမျိုးဟန်၊ ဒေါက်တာဝင့်သူ၊ လှမျိုးကျော်ရယ်၊ မနေ့ည ၃ နာရီခန့်က အိမ်လာခေါ်သွားတယ်။ အခုတော့ မန္တလေးခေါ်သွားတယ်လို့ ကြားတယ်။ ဘာအကြောင်းကြောင့် ဆိုတာတော့ ကျနော်တို့ မသိသေးပါဘူး။ မြို့နယ်က မဟုတ်ဘူးလို့ ပြောတယ်။ တိုင်းကလို့ ပြောတယ်။ နေပြည်တော်က ပါတယ်လို့ ပြောတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်လာတာ။”

ဖမ်းဆီးခံရသူတွေထဲမှာ ဒေါက်တာဝင့်သူလည်း ပါသွားတာကြောင့် ညက အာဏာပိုင်တွေ လာရောက် ရှာဖွေခဲ့ပုံကိုလည်း မိသားစုဝင်တဦးက အခုလိုပြောပြပါတယ်။

“SB ကတော့ လာခေါ်သွားတယ်ဗျာ၊ သူတို့ ဆွေးနွေးချင်လို့ ဆိုပြီးတော့။ ဖမ်းသလား၊ ဆွေးနွေးဖို့ ခေါ်သလားတော့ မသိဘူး။ ညက ၂ ချက်ခွဲလောက် အိမ်ကိုလာပြီး ရှာတာ။ အဲဒီညမှာတော့ ဒေါက်တာဝင့်သူကို မတွေ့ဘူး။ ဒေါက်တာဝင့်သူက မနက်ကြမှ သူ့ဘာသာသူသွားပြီး သူ့သဘောနဲ့သူ သွားတွေ့လိုက်တာ။ သူတို့ ဒေါက်တာဝင့်သူကို ရှာတဲ့သဘောပေါ့။ အခန်းတွေထဲရော၊ ဆေးခန်းရော အကုန်ရှာတာ။ မန္တလေးလား၊ နေပြည်တော်လားတော့ မသိဘူး၊ ခေါ်တော့ခေါ်သွားတယ်။ အဝတ်အစားက ဆရာက သွားကတည်းက သူ့ဟာသူ ယူသွားတာ၊ အိတ်နဲ့။ ဆရာနဲ့ ကိုမျိုးဟန်ရယ်၊ အောင်မျိုးလတ်ရယ်၊ အီးတီရယ်၊ ရာကြီးရယ်၊ အဲဒါ ပါတယ်။ ဘုန်းကြီးတပါး ပါတယ်လို့လည်း ကြားတယ်။”

ဒေါက်တာဝင့်သူကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မိသားစုက မသိရှိကြောင်းကိုလည်း ဆက်ပြောသွားပါတယ်။

“ဘာမှတော့ မလုပ်ဘူး၊ ဘာလုပ်လို့ သူတို့ ဘာကိစ္စခေါ်တယ်ဆိုတာတော့ ကျနော်လည်း မသိဘူးဗျ။ သူတို့ကလည်း မသိဘူးတဲ့၊ အထက်လူကြီးက မေးစရာလေးရှိလို့ ခေါ်ခိုင်းလို့လို့ အဲဒီလိုပြောတယ်။”

ဖမ်းဆီးခံရသူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ မဟုတ်ကြောင်း၊ နိုင်ငံရေးအရ စိတ်ဝင်စားသူတွေသာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုတလောမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ဖြစ်ပေါ်နေပြီး တချို့ကျတော့ ထောင်ချပြီးသား လူတွေကိုပါ အမှုတင်ပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့လည်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG