သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ ပြင်ဆင်နေသူ ဦးသုဝေရဲ့ အမြင်


စစ်အာဏာရှင်အစိုးရ ဦးစီးချုပ်ကိုင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ ကို ဆန့်ကျင်သပိတ်မှောက်၊ ပါဝင်ရွေးကောက်ခံ မလုပ်ဖို့ အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတိုက်အခံ အင်အားစုများက ပြောဆိုတိုက်တွန်း လုပ်ကိုင်နေချိန်မှာ နိုင်ငံရေးပါတီတချို့နဲ့ တသီးပုဂ္ဂလ နိုင်ငံရေး တက်ကြွသူများက မတူကွဲပြား အကြောင်းပြချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက်များနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ပြင်ဆင်လုပ်ကိုင်နေကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင် ကြေညာ ပြင်ဆင်လုပ်ကိုင်နေတဲ့ ပါတီများနဲ့ နိုင်ငံရေးသမားများထဲမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် (United Democratic Party of Myanmar) နဲ့ UDP ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေလည်း ပါဝင်ပါတယ်။ စစ်အစိုးရရဲ့ လွတ်လပ်မှုကင်းမဲ့၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ဘယ်လို အကြောင်းပြချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက်များနဲ့ ဝင်ရောက်ယှဉ်ပြိုင်သလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ နိုင်ငံရေးသမားကြီး ဦးသုဝေကို ဦးကျော်ဇံသာ (ဗွီအိုအေ မြန်မာသတင်း) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ဖို့လုပ်တဲ့ ပါတီရဲ့ မူဝါဒတွေကို မပြောခင် ရွေးကောက်ပွဲကို ဝင်တယ်၊ မဝင်ဘူးဆိုတဲ့ issue ကို ဆွေးနွေးခြင်ပါတယ်။ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ပထမဦးဆုံး ပြောပြပါ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မဝင်သင့်ဘူးဆိုတဲ့ လူတွေက ရွေးကောက်ပွဲ ဝင်မယ့်လူတွေကို အာဏာမက်လို့၊ အရိုးအရင်းလေး ဝါးချင်လို့ ဒီလို မိုက်မိုက်ရိုင်းရိုင်း ပြောတာတွေတောင် ရှိပါတယ်ခင်ဗျာ။ အာဏာပိုင်တွေနဲ့ ပေါင်းပြီးလုပ်ချင်လို့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးသုဝေတို့က ဘယ်လို ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်သလဲဆိုတာကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဦးသုဝေ ။ ။ အဓိက ဘာကို ရည်ရွယ်ပြီးတော့ ဝင်ပါလဲဆိုတဲ့ အခါကြတော့ နံပါတ်တစ်ကတော့ ကျနော်တို့တိုင်းပြည်မှာ ချို့ယွင်းချက်တွေကို ပြင်စရာတွေ အများကြီးရှိတယ်။ ပြင်စရာတွေ အများကြီးရှိတဲ့ အခါကြတော့ အဲဒါတွေကို ပြင်ဖို့ဆိုရင် ကျနော်တို့က လမ်းဘေးက အော်နေလို့လည်း မရဘူးလေ။ တကယ် ထိရောက်တဲ့ နေရာကနေ ပြောမှ ပြင်လို့ရမှာ။ ဒါကြောင့် ရွေးကောက်ပွဲ ဝင်ခြင်းအားဖြင့်ဆိုရင် ပါတီကလည်း တရားဝင် ရပ်တည်ပိုင်ခွင့်ရမယ်၊ ပါတီကိုယ်စားလည်း ပြောနိုင်တယ်။ ပြည်သူလူထုရဲ့ အကြောင်းအရာတွေကို ပါတီအနေနဲ့ပြောမယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲဝင်ပြီးလို့ နိုင်ခဲ့လို့ရှိရင်လည်း လွှတ်တော်ထဲမှာ ကျနော်တို့ တရားဝင် ထိထိရောက်ရောက် ပြောနိုင်တယ်။ အဲသလိုဆိုရင် ကျနော်တို့ ပြုပြင်ခြင်တဲ့ဟာတွေကို ထိထိရောက်ရောက် ပြုပြင်နိုင်မယ်လို့၊ အဲဒါ နံပါတ်တစ်အချက်ပေါ့။

နံပါတ်နှစ်အချက်ကတော့ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲပေးခဲ့တဲ့ လူရယ်၊ မဲမပေးနိုင်ခဲ့တဲ့ လူရယ် ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ မဲပေးတဲ့ လူတွေကလည်း အနှစ် ၂၀ အတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကို ပြောချင်တဲ့ ဆန္ဒတွေ အများကြီး ရှိလိမ့်မယ်လို့။ သာမန်အားဖြင့် လေးနှစ်တကြိမ်လောက် သူတို့သဘောထားတွေ ပြောနိုင်တယ်။ အခု မပြောရတာ ကြာတဲ့အခါကြတော့ သူတို့ရဲ့ သဘောထားတွေလည်း အပြောင်းအလဲတွေလည်း အများကြီးရှိမယ်။ အဲဒါ သူတို့ သဘောထားတွေ ဘယ်လိုလဲဆိုတာကို ပြောချင်တဲ့ဆန္ဒဟာ တခြားနည်းထက် ရွေးကောက်ပွဲနည်းအားဖြင့် ပြောရင် သူတို့ပိုပြီးတော့ အသံကျယ်ကျယ်ကြီး ကြားရမှာပေါ့လို့၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့လူတွေပေါ့။ အသက် ၁၆ နှစ် ၁၇ နှစ် လူငယ်တွေက မဲမပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ အသက်တွေက အခု ၄၀ နီးနီး ရောက်ခဲ့ပါပြီ။ သူတို့သဘောထားကို ပိုပြီး ထုတ်ပြန်ချင်တဲ့ ဆန္ဒတွေ ရှိမှာပေါ့။ အရွယ်ကောင်း အတက်ကြွဆုံး အရွယ်ဆိုတော့။

ဦးကျော်ဇံသာ ။ ။ ဒီမျှော်မှန်းချက်က တစုံတရာ ပွင့်ပွင့်လင်းလင်း ပြောချင်နိုင်မယ်ဆိုတော့ အချက်အလက်အားဖြင့်တော့ အကုန်မှန်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ အဲဒီလူတွေဟာ ပွင့်ပွင့်လင်းလင်း သူတို့ဆန္ဒကို ဖော်ထုတ်ခွင့်ရနိုင်တဲ့ အခြေအနေလို့ ဦးသုဝေတို့ သုံးသပ်ပါသလား။

ဦးသုဝေ ။ ။ ရွေးကောက်ပွဲ ဆိုသည်မှာကတော့ သာမန်အားဖြင့်ဆိုရင် ပြည်သူလူထုက သူတို့ဆန္ဒတွေ ဖော်ထုတ်မှာပေါ့။ ဒါပေမဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်မလဲ ဆိုတာကတော့ တပိုင်းပေါ့၊ စဉ်းစားရမှာပေါ့။ ဒါပေမဲ့ လွတ်လပ်အောင်ကလည်း ကျနော့်အမြင်ကတော့ ကျနော်တို့ သက်ဆိုင်တဲ့ လူထုကြီးက တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျနော်တို့နဲ့ ဝိုင်းလုပ်ရမယ်။ မတရားတာတွေ့ရင် မတရားဘူးလို့ ပြောရမယ်၊ တားရမယ်။ အဲသလိုလုပ်ရင် တရားတဲ့ ရွေးကောက်ပွဲကြီး ဖြစ်မှာပဲ။ လူထုရဲ့ အသံဟာ မှန်ကန်တဲ့အသံ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲက ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်လာမယ့် ရွေးကောက်ပွဲ ပြီးသွားလို့ ပေါ်ပေါက်လာမယ့် အစိုးရက ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို တကယ်ထင်ဟပ်တဲ့ အစိုးရမျိုး ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါသလား။

ဦးသုဝေ ။ ။ အဲဒီ ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့ဟာ လက်ရှိအစိုးရက သူတို့ရဲ့ အခြေအနေကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံနဲ့ ဖြစ်ပေါ်လာမယ့် အစိုးရ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီ အပြည့်အဝရှိတဲ့ အစိုးရမျိုးတော့ ဟုတ်မှာမဟုတ်ပါဘူး။ ခပ်လွယ်လွယ် ပြောရရင်တော့ guided democracy ပေါ့။ အင်ဒိုနီးရှားမှာ လုပ်ခဲ့တဲ့ သဘောထားမျိုး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အင်ဒိုနီးရှားမှာက ဂိုခါ ပါတီ (Golkar party) က သမ္မတ ဆူဟာတို (Suharto) လုပ်လာခဲ့တာဟာ တကယ်တော့ အင်ဒိုနီးရှားမှာ လုပ်နိုင်ခဲ့ပေမယ့် အခုအခါမှာ အဲဒီစနစ်ဟာ မကောင်းလို့၊ မမှန်ကန်လို့ ပျက်စီးသွားခဲ့ပါပြီ။ အဲသလို ပျက်စီးသွားခဲ့တဲ့ စနစ်ကို ကျနော်တို့ မြန်မာနိုင်ငံက ပြန်ပြီး အဲဒီနမူနာအတိုင်း ပြန်လိုက်ကျင့်သုံးမယ်ဆိုတာ မှန်ပါရဲ့လား။

ဦးသုဝေ ။ ။ အတိအကျ လိုက်သုံးမယ်၊ ကျင့်သုံးမယ် ဆိုတာကိုတော့ ကျနော်ပြောတာ မဟုတ်ပါဘူး။ အဲဒီမှာ ဖြစ်ပျက်လာတဲ့ သဘောဟာ ဒီ အာဏာရှင်တိုင်းက သူတို့ရဲ့အာဏာ တည်မြဲအောင် အများကြီး ကြိုးစားကြတယ်။ အဖက်ဖက်က ကြိုးစားလေ့ရှိပါတယ်။ အဲသလို ကြိုးစားသည့်တိုင်အောင် အခြေအနေဆိုတာ သူတို့ကြိုးစားတိုင်း မဖြစ်ပါဘူး။ အပြောင်းအလဲတွေ ဖြစ်လာတာပဲ။ အပြောင်းအလဲ သဘောအရ ကျနော်တို့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၂၀၀၈ ဥပဒေက ဘယ်လောက်တောင် ကျပ်တည်းသည်ထားဦး၊ ပြည်သူလူထုရဲ့ နိုးကြားမှုနဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ တခဲနက် ဖြစ်လာခဲ့ရင် ဒီဥပဒေကို ပြောင်းလို့ရပါတယ်။ ကျနော်တို့အနေနဲ့၊ လူထုအပေါ်မှာ မူတည်ပါတယ်။ ဒါ ကျနော်တို့ရဲ့ သဘောပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ အဲဒီဖွဲ့စည်းပုံမှာ အဓိကအားဖြင့် ထောက်ပြနေကြတာကို တွေ့ရတာကတော့ စစ်တပ်က အမြဲတမ်း အာဏာသိမ်းထားနိုင်တဲ့ သဘောမျိုး အခြေအနေတခု ဖြစ်လာရင် ခွင့်ပြုချက်မလိုဘဲ စစ်ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်အာဏာကို ရုတ်တရက် သိမ်းယူနိုင်တယ်။ နောက်ပြီးတော့ စစ်ဗိုလ်တမတ်သားလို့ ဆိုကြပါစို့။ အဲဒါကို ပြင်ဖို့ဆိုတာကလည်း amendment clause ကလည်း ပြင်ရခက်အောင် လုပ်ထားတာကို တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒီအချက်တွေကို မပြုပြင်ဘဲနဲ့ စောစောက ဦးသုဝေ ပြောသလိုမျိုး ပြည်သူတွေရဲ့ သဘောထား ဖြစ်လာနိုင်တယ်ဆိုတာ။

ဦးသုဝေ ။ ။ ရွေးကောက်ပွဲပြီးသွားတဲ့ အစိုးရ ဖြစ်လာတယ်ဆိုရင် ပထမဆုံး အဆင့်က ဘာလဲဆိုတော့၊ အခုလောလောဆယ်ကတော့ စစ်အစိုးရ၊ ရွေးကောက်ပွဲပြီးသွားတဲ့ အစိုးရထဲမှာ စစ်ဗိုလ်တွေ ပါကောင်းပါမယ်ပေါ့၊ စစ်ဗိုလ်တွေ ပါသည့်တိုင်အောင် အဲဒါ အရပ်သား အစိုးရပဲ။ အဲတော့ လက်ရှိ စစ်အစိုးရနဲ့တော့ ကွာသွားပြီ။ အရပ်သား အစိုးရ ဖြစ်လာတယ်ဆိုရင် အထိုက်အလျောက် လွတ်လပ်မှုတွေကတော့ ရှိလာပြီပေါ့။ အဲဒါ ပထမအဆင့်အားဖြင့် ပြည်သူလူထုရဲ့ အသံတွေ ထွက်လာတာပေါ့။ အဲလို အသံထွက်လာပြီးရင် ကျနော်တို့ရဲ့၊ ကမ္ဘာ့သမိုင်းမှာ ကြည့်ရင်လည်း ပြည်သူလူထုဟာ တဆင့် အောင်မြင်ပြီးရင် ပြည်သူလူထုရဲ့ အသံတွေက ပိုကျယ်လာတယ်။ အဲလို ကျယ်လာလို့ရှိရင် အခြေအနေတွေက ပြောင်းသွားမှာပဲ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို သော့ခတ်ပြီး မီးခံသေတ္တာထဲမှာ ထည့်ထားရင်လည်း ပြည်သူ့စွမ်းအားက ဖွင့်လို့ရတယ်လို့ ကျနော်တို့က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်သူ့သဘောထား ဆိုတာနဲ့ ပတ်သက်လို့ သမိုင်းကို ဦးသုဝေက ပြောတော့ မြန်မာ့သမိုင်းမှာ ကိုလိုနီခေတ် သမိုင်းကို ပြန်ကြည့်၊ ဟုမ္မရူးတောင်းတယ်၊ ဒိုင်အာခီပေးတယ်၊ လက်ခံသူ၊ လက်မခံသူ နှစ်ပိုင်းကွဲတယ်။ ထိုနည်းလည်းကောင်း တွဲရေး ခွဲရေးလုပ်တယ်။ လက်ခံသူ၊ လက်မခံသူ နှစ်ပိုင်းကွဲတယ်။ အဲလို အကွဲနဲ့ပဲ ကျန်ရစ်ခဲ့တယ်။ အခုလည်း စစ်အစိုးရက လမ်းပြမြေပုံလုပ်တယ်၊ ဖွဲ့စည်းပုံဆွဲတယ်၊ ရွေးကောက်ပွဲလုပ်မယ်၊ အခု ဦးသုဝေတို့ အပိုင်းက လက်ခံတဲ့အပိုင်း ဖြစ်လာတယ်။ လက်မခံတဲ့ သူတွေလည်း ရှိနေတယ်။ ဆိုတော့ တိုင်းပြည်အတွက် အကွဲပဲမြင်တယ်။ သမိုင်းကြောင်းမှာ ဒီလိုမျိုးပဲ ရှိခဲ့တယ်ဆိုရင် ဦးသုေ၀ ဘယ်လိုပြောမလဲခင်ဗျ။

ဦးသုေ၀ ။ ။ တညီတညွတ်တည်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့မှာကတော့ ပြဒါးတိုင်လေး ရှိတယ်ပေါ့။ အဲဒီပြဒါးတိုင်က ဘာလဲဆိုရင် တိုင်းပြည်အကျိုးရှိမယ်၊ လူထုအကျိုးရှိမယ်ဆိုရင် ကျနော်တို့တော့ လုပ်မယ်။ ဘယ်သူမဆို လုပ်ချင်တဲ့လူလုပ်၊ ကျနော်တို့ အားပေးမယ်၊ ထောက်ခံမယ်။ အဲဒီလို ပြဒါးတိုင်နဲ့ တိုင်းတာလို့ရမယ်၊ အားလုံး သဘောတူညီမှုရှိမယ် ဆိုရင်တော့ ကျနော်တို့ အတူတကွ လုပ်မှာပေါ့။ ကျနော်တို့ရဲ့ မျှော်မှန်းချက်က ဒီလိုပါ။ ကျနော်တို့တိုင်းပြည်က အခု အများကြီး ခေတ်နောက်ကျန်ခဲ့တယ်။ ကျနော်တို့ အဲဒါ သိပ်ပြီးတော့ စိတ်ဆင်းရဲတာပဲ။ ကျနော်တို့တိုင်းပြည်ကို အနည်းဆုံး အရှေ့တောင်အာရှမှာ အနည်းဆုံး ပခုံးချင်းယှဉ်လို့ရတဲ့ အခြေအနေဖြစ်အောင် ကျနော်တို့ လုပ်ချင်တယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲ မဝင်သင့်ဘူးဆိုတဲ့ လူတွေလည်းပဲ ဦးသုဝေတို့ထက် မလျော့နိမ့်တဲ့ စေတနာ ရှိမှာပဲ။ တိုင်းပြည်ကို ဒီလို တိုးတက်စေချင်မှာပါပဲ။ စစ်အစိုးရမှာသည်ပင်လျှင် ဒီလိုရည်ရွယ်ချက်မျိုး၊ စေတနာမျိုး ရှိကောင်း ရှိပါလိမ့်မယ်။ ဆိုတော့ ညီညွတ်အောင် မလုပ်နိုင်တဲ့ နိုင်ငံရေး အခြေအနေကို ကျနော် ပြောနေခြင်း ဖြစ်ပါတယ်။ အခုအခါမှာ ၉၀ ပြည့် ရွေးကောက်ပွဲ၊ ဘာပဲပြောပြော ပြည်သူတွေက Mandate ပေးခဲ့တဲ့ ရွေးကောက်ပွဲ ရှိနေတယ်။ အဲဒီရွေးကောက်ပွဲကို စစ်အစိုးရသည် ဘာကြောင့် ဖျက်သိမ်းရတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာ ရှင်းလင်းချက် တစုံတရာ မလုပ်သေးတဲ့ ကိစ္စကို ကျနော်တို့ ဘယ်လိုလဲ၊ မေ့ဖျောက်ပြီး ထားခဲ့မလား အဲဒါကို။

ဦးသုေ၀ ။ ။ ကျနော်တို့က ဒီလိုစဉ်းစားပါတယ်။ အမှန်ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောလာတဲ့ဟာ အနှစ် ၂၀ ရှိသွားပြီ။ အနှစ် ၂၀ ရှိသွားပြီး ဖြေရှင်းလာတာလည်း ညှိနှိုင်းခဲ့တာ၊ အမျိုးမျိုး ညှိနှိုင်းလာခဲ့တာ။ သူတို့ ကြိုးစားခဲ့တာကို ကျနော်တို့ အများကြီး အားပေးပါတယ်၊ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နားလည်မှုရအောင်ကို မဖြစ်ခဲ့ဘူး။ အဲတော့ ဒါကြီးက အခုအခြေအနေမှာ ဆွေးနွေးလို့လည်း ပြောရင် ဒီ့ထက်ပိုပြီး အချိန်တွေကြာမယ်။ အချိန်ကြာတာက အရေးမကြီးဘူး၊ ဒီလို ပြဿနာတွေ ဖြစ်နေရင်းနဲ့ တိုင်းပြည်လူထုက အများကြီး ဒုက္ခတွေ ဖြစ်နေကြတယ်။ အဲဒီဒုက္ခတွေ ကြာရှည်ဖြစ်နေရင်၊ ဒီဥစ္စာကြီးပဲ ဆွေးနွေးနေရင်၊ မဖြစ်နိုင်တဲ့ ပြဿနာကို ဆွေးနွေးနေရင်ဖြင့် တိုင်းပြည် ဒုက္ခများတာက ပိုလိမ့်မယ်။ အဲဒါကြောင့် ကျနော်တို့ရဲ့ သဘောထားကတော့ ရှေ့ကိုပဲ သွားချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ဒါက ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် အပိုင်းလို့ ဆိုကြပါစို့။ ဆက်လက်ပြီး ဦးသုဝေတို့ပါတီရဲ့ နာမည်က ဒီမိုကရက်တစ်ပါတီ ဟုတ်ပါတယ်နော်။

ဦးသုေ၀ ။ ။ ဒီမိုကရက်တစ်ပါတီပါ၊ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါတီရဲ့ အဓိက မူဝါဒ သဘောထားတွေက ဘယ်လိုမျိုးလဲခင်ဗျ။

ဦးသုေ၀ ။ ။ အလွယ်ဆုံးပြောရရင် ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်က တိုင်းပြည်ထဲမှာရှိနေတဲ့ လူထုဟာ ကိုယ့်မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ထမင်းလက်ဆုံ စားနိုင်တဲ့ ဘဝရောက်အောင် ကျနော်တို့ လုပ်ပေးချင်တယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးအားဖြင့် အခု တိုင်းရင်းသားတွေကို စစ်အစိုးရက အပစ်အခတ် ရပ်စဲရေးအဖွဲ့ အဖြစ်နဲ့ သူတို့ သိမ်းသွင်းခဲ့တယ်။ နောက် ငြိမ်းချမ်းရေးဆိုပြီး သူတို့လုပ်တယ်။ အခုအခါမှာ တချို့က သူတို့ကို လက်လိမ်ချိုးပြီးတော့ သူတို့အာဏာစက် လက်အောက်ကို သွတ်သွင်းဖို့ လုပ်နေတယ်ဆိုပြီးတော့ ခုခံချင်တဲ့သဘောတွေ တွေ့ရပါတယ်။ လက်တွေ့အားဖြင့် တိုင်းရင်းသားပြဿနာကို စစ်အစိုးရက၊ ဦးသုဝေတို့ပါတီ နိုင်သွားပြီဆိုပါတော့၊ တက်လာတဲ့အစိုးရ ရှင်းလိမ့်မယ်ဆိုပြီးတော့ လုပ်မယ်ဆိုရင် ဒီပြဿနာကို ဘယ်လိုစကိုင်မလဲခင်ဗျ။

ဦးသုေ၀ ။ ။ ဘယ်လိုစကိုင်မလဲ ဆိုတာကတော့ စကိုင်ဖို့ အဖြေရဖို့ဆိုတာ ဆွေးနွေးမှု ရှိရမှာပေါ့။ တယောက်နဲ့တယောက် ညှိနှိုင်းပြီး ဆွေးနွေးမှုရှိမှ တယောက်သဘောထား တယောက်သိပြီးမှ အဖြေကို ထုတ်ယူရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့ သဘောထားကတော့ ကျနော်ထင်တယ်၊ သူတို့ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်း တက်လာတာ ဒါကို မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တက်လာခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေက အဲဒါ ပြန်လိုချင်တယ်။ ဘာကြောင့် မပေးနိုင်ရမှာလဲ၊ ဒါ ပြည်ထောင်စု ဖြိုခွဲမှာမဟုတ်ဘူး၊ ခွဲထွက်မှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ စစ်မှန်သော self determination ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ပေးရမယ်လို့ ပြောနေပါတယ်။

ဦးသုေ၀ ။ ။ ဒီပြဿနာက တနိုင်ငံလုံးမှာရှိတဲ့ လူထုနဲ့ဆိုင်တယ်။ အများလူထုနဲ့ ဆိုင်တာပေါ့။ ဥပမာအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဒီပြဿနာကြောင့် ပြင်ရမယ့်ကိစ္စ ရောက်လာရင်တော့ ကျနော်တို့သဘောထား အတိအကျ ပြောမှာပေါ့။ အခုပြောလိုက်ရင် အခြေအနေတွေကလည်း နောင် ပြောင်းလဲသွားတာတွေ ရှိမယ်။ အခုပြောလို့ အလကားပဲ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခုမေးပါရစေ၊ စစ်တပ်အပေါ်မှာ ဘယ်လိုသဘောထားမလဲခင်ဗျ။

ဦးသုေ၀ ။ ။ တပ်မတော်ဆိုသည်မှာ အမှန်ကတော့ ကျနော်တို့တိုင်းပြည်မှာ လိုအပ်တဲ့ အဖွဲ့အစည်းတခုပဲလေ။ အဲဒီအဖွဲ့အစည်း တပ်မတော်ဆိုသည်မှာ တပ်မတော်ရဲ့ တာဝန်တွေကို အဓိကလုပ်နိုင်ဖို့ပေါ့၊ တိုင်းပြည်ကာကွယ်ရေးအတွက် လုပ်နိုင်တဲ့ တပ်မတော်ဖြစ်ဖို့၊ ပြည်သူလူထုရဲ့ အကျိုးကို ဆောင်တဲ့ တပ်မတော်ဖြစ်ဖို့ အဲဒီကိုတော့ ရှေးရှုပြီး သွားရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ တပ်မတော်က နိုင်ငံရေးထဲမှာ ပါဝင်တာကိုရော ဘယ်လိုသဘောထားမလဲ ခင်ဗျ။

ဦးသုေ၀ ။ ။ အခုလောလောဆယ်တော့ တပ်မတော်က နိုင်ငံရေးထဲမှာ သမိုင်းအရ ကျွံလာတာပေါ့။ အဲဒီကျွံလာတာကိုတော့ တဖြည်းဖြည်းနဲ့ ဆုတ်သွားအောင် ကျနော်တို့ လုပ်ရမှာပေါ့။ တပ်မတော်ဆိုသည်မှာ နိုင်ငံရေးနဲ့ ကင်းသွားအောင်၊ ဒီတော့မှ တပ်မတော်အစစ် ဖြစ်မှာပေါ့။ အဲဒီကိုရည်ရွယ်ပြီး ကျနော်တို့ သွားရမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတင် ဦးသုဝေခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG