သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကြားက ကလေးစစ်သားတွေရဲ့ ဒုက္ခ


ကမ္ဘာတဝန်းက စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးငယ်တွေရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပိုပြီး ဆိုးဆိုးရွားရွား ကြုံခဲ့aရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်များဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ကမ္ဘာပေါ်က ပဋိပက္ခတွေကြားက ကလေးငယ်တွေနဲ့ ကလေးစစ်သားအဖြစ် စိုးရိမ်ဖွယ်ရာ အသုံးချ ခံနေရတာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အထူးကိုယ်စားလှယ်က အလေးထား ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ဂျနီဗာမြို့ကနေ လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အထူးသဖြင့်ကတော့ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ကြုံနေရတဲ့ ဂါဇာ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ကွန်ဂို၊ အီရတ်နဲ့ အာဖဂန်နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဒီကာ ကူမာရာဆွာမိ (Radhika Coomaaswamy) က ပြောဆိုလိုက်တာပါ။ ဒီနေရာတွေမှာ ကလေးငယ်တွေ၊ ကလေးစစ်သားတွေ ထိခိုက်သေဆုံးမှုနှုန်း မြင့်မားနေတာဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပြီး အများအပြားဟာ ဆိုရင်လည်း ပြည်တွင်းဒုက္ခသည်တွေ ဖြစ်လာကြရကြောင်း သူက ပြောခဲ့တာပါ။ သီရိလင်္ကာနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ ကလေးငယ်တွေရဲ့ အခြေအနေဟာဆိုရင် တကယ့်ကို စိုးရိမ်စရာပါလို့ ဆိုပါတယ်။

“လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အ၀ ပေးအပ်ပြီး သူတို့အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်၊ မိသားစုတွေနဲ့ ပြန်လည်ပေါင်းစည်းခွင့် ပေးသင့်တယ်လို့ ကျမတို့ ခံစားမိပါတယ်။ ကလေးစစ်သားဟောင်းတွေဟာ ဆိုရင်လည်း ထိန်းသိမ်းရေး စခန်းတွေမှာ ထားမယ့်အစား အထောက်အပံ့တွေ ပေးအပ်ပြီး မိသားစုနဲ့ အမြန်ဆုံး ပြန်လည်ပေါင်းစည်းခွင့် ပြုသင့်ပါတယ်။”

ဂါဇာကမ်းမြှောင်ဒေသမှာ ကလေးငယ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ ဆိုးဆိုးရွားရွား ကြုံနေရတာ စကားလုံးနဲ့တောင် ဖော်ပြလို့ မရနိုင်တဲ့အကြောင်း အထူးကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ဆိုရင်လည်း ဟူတူသူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် အမြောက်အမြား သေကျေကြရတာတွေ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ရတာတွေနဲ့ ကြုံခဲ့ရတာတွေကိုလည်း ပြောဆိုခဲ့တာပါ။

ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဆိုရင်လည်း ကလေးငယ်တွေကို စစ်သွေးကြွတွေက အဓမ္မ စစ်သားအဖြစ် စုဆောင်းတာတွေ၊ သတင်းပေးတွေ၊ စစ်သားတွေ၊ အသေခံ ဗုံးခွဲသမားတွေ ဖြစ်အောင် လေ့ကျင့်ပေးတာတွေရှိတယ် ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုနဲ့ တန်ပြန်အကြမ်းဖက်မှုတို့အကြား တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း အထူးစိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောခဲ့တာပါ။

“ကလေးငယ်တွေဟာ အသေခံဗုံးခွဲသူတွေ အဖြစ်နဲ့ရော၊ စစ်သားအဖြစ်နဲ့ရော အသုံးချခံခဲ့ရတာပါ။ တဖက်မှာလည်း မိန်းကလေးကျောင်းတွေကို တိုက်ခိုက်ခံရတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း တန်ပြန်အကြမ်းဖက်မှု လုပ်ငန်းတွေမှာ ကလေးငယ် အများအပြားကို ဖမ်းဆီး ထိန်းသိမ်းတာတွေ ရှိနေတဲ့ အခြေအနေမျိုးနဲ့လည်း ကြုံနေရတာပါ။ ဒါဟာလည်း ကျမတို့အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ တပြိုင်နက်တည်း ကြုံလာရတဲ့ အကျိုးဆက်တွေမှာ ကလေးငယ်တွေပါ ဓားစာခံအဖြစ် အသုံးချနေတာကြောင့် စိုးရိမ်မကင်း ဖြစ်ရပါတယ်။”

ကလေးငယ်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို အလျှင်အမြန် စဉ်းစားဖော်ထုတ်နိုင်ဖို့ဟာ နိုင်ငံတကာ အသိုင်းအဝန်းအတွက် အရေးတကြီး လုပ်ရမယ့်အလုပ် ဖြစ်တယ်လို့လည်း ဆိုခဲ့တာပါ။ ဒီလိုပြစ်မှုတွေကို ကျူးလွန်သူတွေကိုလည်း အရေးယူရမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အပေါင်းလက္ခဏာအနေနဲ့ ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ကမ္ဘာတဝန်းမှာ ကလေးစစ်သား အရေအတွက်ဟာ ၃၀၀,၀၀၀ ကနေ ၂၅၀,၀၀၀ အထိ လျော့ကျလာတယ်လို့ ကုလသမဂ္ဂက ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုတွေရဲ့ ရလဒ် တစိတ်တပိုင်းအဖြစ် ဘူရွန်ဒီနိုင်ငံက အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့တွေက ကလေးစစ်သား အမြောက်အမြားကို ပြန်လွှတ်ပေးခဲ့သလို နောက်ထပ် လွှတ်ပေးဖို့လည်း ရှိနေသေးတဲ့အကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။ ဒီလိုပဲ နောက်ထပ်လွှတ်ပေးဖို့ ရှိနေတာကတော့ ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျန်နေရာ အတော်များများမှာတော့ ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေအပေါ် ဆုတ်ယုတ်မှုတွေက အလေးသာနေတဲ့ အခြေအနေတွေလည်း ရှိနေတဲ့အကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

ကလေးစစ်သား အသုံးပြုမှု ပြဿနာနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါတွေမှာ ထည့်သွင်း ပြောဆိုရလေ့ရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ အထူးကိုယ်စားလှယ်က တိုးတက်မှုတချို့ တွေ့မြင်ရကြောင်း ပြီးခဲ့တဲ့ လထဲမှာတုန်းကပဲ ပြောဆိုခဲ့တာပါ။ စစ်သားအဖြစ် စုဆောင်းခံခဲ့ရသူ ကလေးငယ်တွေကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးတာတွေ ရှိခဲ့တာ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ အပေါ် မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လို့ အခြေအနေတွေဟာ ဒီထက် သိသိသာသာ တိုးတက်ဖို့ လိုနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ပြောဆိုနေကြဆဲလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကတော့ ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“နအဖက ကလေးစစ်သား ၃၀ ကျော် စေလွှတ်တယ် ပြောပေမယ့် အဲဒီကလေးစစ်သား ၃၀ ကျော်ကို ဘယ်ကိုပြန်လွှတ်လဲ၊ နောက်တခုက ဒီကလေးစစ်သားတွေ အသုံးပြုခဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတချို့ ရှိတယ်လို့ သတင်းကြားပေမယ့် အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုမျိုးနည်းနဲ့ အရေးယူခဲ့လဲ ဆိုတာကို တိတိကျကျ မရှိတဲ့အတွက် သူ့အနေနဲ့ ကြိုဆိုပေမယ့် ဒါတွေကို ပြန်လည်ဆန်းစစ်နိုင်တာ မရှိဘူးဆိုတာ ထောက်ပြတဲ့အတွက် တကယ်လို့သာ မှန်ကန်လို့ရှိရင် နအဖအနေနဲ့ သူတို့လုပ်ဆောင်ချက်တွေကို တိတိကျကျ ဖော်ထုတ်ဖို့အတွက် ပိုပြီးတော့ အရေးကြီးလာပါပြီ။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ပြီးခဲ့တဲ့ ဇွန်လထဲ ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကလေးသူငယ် အခွင့်အရေးတွေ အကာအကွယ် ပေးနိုင်ရေး ဒီထက်ပို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။ ကလေးငယ်တွေကို ဖမ်းတာ ဆီးတာတွေ၊ စစ်တပ်ထဲကထွက်ဖို့ ကြိုးပမ်းသူ အရွယ်မရောက်သူတွေကို အရေးယူတာမျိုးတွေကို အာဏာပိုင်တွေဘက်က ချက်ချင်း ရပ်ဆိုင်းဖို့လိုတယ် ဆိုပြီးတော့လည်း သူ့ရဲ့ အစီရင်ခံစာထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG