သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေ့ခံ နိုင်ငံရေး အကျဉ်းသားများအရေး ဆွေးနွေး


မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ဝါရှင်တန်မြို့တော်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆောင်ရွက်ခဲ့ကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ရင်း အမေရိကန် အထက်လွှတ်တော်မှာ မနေ့တုန်းကပဲ ဒီလိုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို လွှတ်တော်မှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

Burma Forgotten Prisoners မြန်မာနိုင်ငံက အမေ့ခံ နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ အစီရင်ခံစာက ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကြောင်းကို ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် အပါအဝင် မျှမျှတတ တရားစီရင်ခြင်းမရှိဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရတို့ အပါအဝင် မြန်မာနိုင်ငံမှာ ဖမ်းဆီး ထောင်ချခံထားရတဲ့ နယ်ပယ်စုံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြောင်းကို မီးမောင်းထိုးပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ဖိနှိပ်တဲ့အစိုးရ ဖြစ်ပေမယ့် ဒီအစိုးရကို တွန်းလှန်တဲ့ သတ္တိရှင်တွေလည်း မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်လို့ Human Rights Watch အဖွဲ့ရဲ့ ဝါရှင်တန်မြို့က ဒါရိုက်တာ တွမ် မာလင်နောစကီးက ပြောပါတယ်။ ဒီလူတွေရဲ့ သတ္တိကို နိုင်ငံတကာက မမေ့သင့်ကြောင်းနဲ့ ပြည်သူတွေကို သေနတ်ချိန်ပြီး အုပ်ချုပ်တဲ့ စစ်အစိုးရရဲ့ သေနတ်တွေကို နိုင်ငံတကာက ဝိုင်းပြီး ဖယ်ရှားပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီ အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာ လွတ်လွတ်လပ်လပ် နေထိုင်ချင်ကြတဲ့ မြန်မာပြည်သူတွေဟာ သူတို့လိုချင်တဲ့ အစိုးရ ပေါ်ပေါက်လာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သေနတ်မိုး အုပ်ချုပ်တဲ့ စစ်အစိုးရကြောင့် သူတို့ရဲ့ကြိုးပမ်းမှု မအောင်မြင်သေးတာ ဖြစ်ပါတယ်။ အန္တရာယ်ကြားက မြန်မာပြည်သူတွေဟာ သူတို့လိုလားချက်အတိုင်း ဖြစ်လာဖို့ လုပ်နေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူတို့လုပ်နိုင်သမျှ နည်းသုံးပြီး မြန်မာပြည်သူတွေ လွတ်လပ်ဖို့ လုပ်ပေးရပါမယ်။”

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နဲ့ အချိန်ကိုက်ပြီး ပြုလုပ်ခဲ့တဲ့ပွဲ ဖြစ်တာမို့ မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုရဲ့ ပြည်ပတာဝန်ခံ ဦးပညာဇောတကလည်း မိန့်ခွန်း ပြောကြားခဲ့ရာမှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တယောက် ထားပြီးတော့ ဒီကိုယ်စားလှယ်ကပဲ မြန်မာနိုင်ငံအပေါ် မူတွေချမှတ်ရေး ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ဒီတော့ ဘယ်လိုကိုယ်စားလှယ်မျိုးကို ရည်ညွှန်းပါသလဲလို့ ဦးပညာဇောတကို မေးကြည့်ပါတယ်။

“မြန်မာနိုင်ငံအတွက် သီးခြား အထူးကိုယ်စားလှယ်ပေါ့။ အဲဒီ အထူးကိုယ်စားလှယ်ဟာ ရိုးရိုးကိုယ်စားလှယ်မျိုး မဟုတ်ဘဲ မူဝါဒရေးရာမှာ ချမှတ်ဆောင်ရွက်နိုင်တဲ့ အထူးကိုယ်စားလှယ်မျိုး ထားဖို့ လိုအပ်တယ်။ အဲဒီလို မူဝါဒရေးရာ ချမှတ်နိုင်တဲ့ အထူးကိုယ်စားလှယ် ထားခြင်းအားဖြင့် ဒီကိုယ်စားလှယ်က အမေရိကန် အစိုးရကို သူတွေ့ရှိချက်တွေ တင်ပြမယ်။ အမေရိကန် အစိုးရကနေ တဆင့် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေ၊ အီးယူ အဖွဲ့အစည်းမျိုးတွေ၊ အာဆီယံ အဖွဲ့အစည်းမျိုးတွေ၊ ဒီလို အဖွဲ့အစည်းမျိုးတွေကို အမေရိကန် အစိုးရကနေပြီးတော့ ပူးပေါင်းပြီး ပါဝင်လာနိုင်အောင် လုပ်ပေးနိုင်တဲ့ အထူးကိုယ်စားလှယ်မျိုး ထားရှိဖို့ လိုအပ်တယ်။”

Human Rights Watch က အမေ့ခံ နိုင်ငံရေး အကျဉ်းသားများ အစီရင်ခံစာ ထုတ်ပြန်တာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၂၀၁၀ မတိုင်ခင် ၂,၁၀၀ ဆိုပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုကိုလည်း စတင်ပါတယ်။ သဘောကတော့ အကျဉ်းသား ၂,၁၀၀ ကို ၂၀၁၀ မတိုင်ခင် ပြန်လွှတ်ပေးပါလို့ တောင်းဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အနာဂတ် နိုင်ငံရေးအတွက် အရေးပါကြသူတွေ ဖြစ်လို့ သူတို့ကို မေ့မထားသင့်ဘူး ဆိုတာကိုလည်း အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒု-လက်ထောက် ဝန်ကြီးလည်းဖြစ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီးလည်းဖြစ်တဲ့ စကော့ မာဆီယယ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရ မူဝါဒ ပြန်လည်သုံးသပ်မှုကလည်း မကြာခင်မှာ ပြီးဆုံးတော့မှာမို့ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာရေး ကိစ္စကိုလည်း အလေးထား ထည့်သွင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အမေရိကန် အစိုးရဟာ မြန်မာပြည်သူတွေကို ထောက်ခံလာခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ မြန်မာနိုင်ငံမှာ ပြည်သူတွေအားလုံး စည်းလုံးပျော်ရွှင်ပြီး လွတ်လပ်အေးချမ်းစွာ နေနိုင်ဖို့ကိုလည်း အမေရိကန် ပြည်ထောင်စုက အမြဲကြိုးစားနေပါတယ်။ ဒီလို နေထိုင်ခွင့် ရလာစေရေးကလည်း အမေရိကန်ရဲ့ ရည်မှန်းချက်တခု ဖြစ်ပါတယ်။”

အမေရိကန် အထက်လွှတ်တော်မှာလုပ်တဲ့ ပွဲမှာ နောက်ထပ် မိန့်ခွန်းပြောခဲ့သူကတော့ နိုင်ငံတကာ အဖွဲ့အစည်းများ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့အမျိုးသမီးရေးရာ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဘာဘရာ ဘော့က်ဆာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သူတွေကို မမေ့ဘူးဆိုတာကို ပြသရမယ်။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံတကာက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားဖို့ လိုတယ်။ မြန်မာနိုင်ငံက လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတွေ အတွက်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ အမေရိကန် အစိုးရက တတ်နိုင်သလောက် လုပ်သွားမှာပါ” လို့ မြန်မာနိုင်ငံက အမေ့ခံ နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲနဲ့ ၂၀၁၀ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ လွှတ်ပေးရေး တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု စတင်တဲ့ပွဲမှာ မစ္စဘော့က်ဆာက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG