သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လူငယ်တချို့ အဖမ်းခံရ


အာဏာပိုင်တွေဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ တဘက်မှာ တိုင်းသိပြည်သိ တရားဝင် ကြေညာချက်တွေ ထုတ်ပြန်နေပေမယ့်လည်း တဘက်မှာတော့ ဖမ်းဆီးထိန်းသိမ်းမှုတွေက ဆက်လက် ပြုလုပ်နေပါတယ်။ ရန်ကုန်တိုင်း မြို့နယ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ၄ ဦးကို မနေ့ညပိုင်းမှာ အာဏာပိုင်တွေက လာရောက် ခေါ်ဆောင်သွားခဲ့ပါတယ်။ တဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်ပေမဲ့ ကျန်တဲ့ ၃ ဦးက ဘယ်ရောက်နေမှန်း မသိဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေအတွက် လက်ရှိမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တခြား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့ အချိန်အတွင်းမှာပဲ NLD အဖွဲ့ဝင်တွေနဲ့ တခြား တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကလည်း ဆက်တိုက်လို ကြားနေရပါတယ်။

အခုနောက်ဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က NLD လူငယ်အဖွဲ့ဝင်တွေ အဖမ်းခံကြရတာပါ။

“ကျနော်တို့ဆီက လူငယ် ၄ ယောက် မနေ့က အဖမ်းခံရတယ်။ ရန်ကုန် မရမ်းကုန်းမြို့နယ်ကပါ။ ကိုမင်းမင်းအောင်၊ ကိုသီဟဇော်၊ ကိုကျော်ဝင်းနိုင်နဲ့ မမြင့်မြင့်အေး၊ အဲဒီ ၄ ယောက်ကို မနေ့က ညနေပိုင်းက ဖမ်းပါတယ်။ မမြင့်မြင့်အေး ကတော့ မနေ့ည ၁၀ နာရီလောက်မှာ သူ့ကို ပြန်လွှတ်လိုက်တယ်။ အဲဒီ ၃ ယောက်တော့ အခုထိ ကျန်သေးတယ်။ ဘာ့ကြောင့်ဖမ်းလဲဆိုတဲ့ သူတို့ဘက်က စွပ်စွဲချက်ကိုတော့ ကျနော်တို့ မသိပါဘူး။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က NLD ပါတီဝင် မဟုတ်တဲ့ သီးခြား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၅ ဦးထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီ စက်တင်ဘာလဟာ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်ကာလ ဖြစ်တာမို့ သံဃာတော်တွေ ဖမ်းဆီးခံရတာတွေ လည်း ရှိထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်က အဆောင်တခုမှာ နေထိုင်တဲ့ တက်ကြွ လှုပ်ရှားသူ လူငယ် ကိုတိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့မရဘူးလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။ ကိုတိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုခဲ့တဲ့ အချိန်ကာလ တုန်းက ဘုရားပေါ်တက် ဆုတောင်းပွဲတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် အထိန်းသိမ်း ခံခဲ့ရဖူးပါတယ်။ အခုတကြိမ်ကတော့ ဘာ့ကြောင့် ဖမ်းဆီးတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုအဖမ်းခံရတဲ့ NLD လူငယ်တွေဟာ ပါတီရဲ့ မြို့နယ်လူငယ်အဖွဲ့ခွဲ ဖွဲ့စည်းရေးမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ဦးဉာဏ်ဝင်းကပြောပြီး ဘာ့ကြောင့် ဖမ်းဆီးသွားတာလဲဆိုတဲ့ အကြောင်းရင်းကို မသိသေးတာကြောင့် စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

“ကျနော်တို့ နားလည်နေတာ ဒီ လူငယ် သုံးလေးယောက်က မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးမှာ ဆောင်ရွက်ကြမယ့် လူငယ်တွေပေါ့။ ပါဝင်ပတ်သက်ရမယ့် လူငယ်တွေ။ အဲတော့ ဒီအတွက်များ ဖြစ်သလားလို့ ကျနော်တို့ ဒီလိုတော့ ခန့်မှန်းပါတယ်။ စုံစမ်းနေပါတယ်၊ ကျနော်တို့ ဘယ်မှာရှိနေလဲ၊ ဘာကြောင့်လဲဆိုတာ သိအောင်တော့ ကြိုးစားနေတယ်။ အခြေအနေကတော့ သူတို့စွပ်စွဲချက်ကို ကျနော်တို့ မသိပါဘူး။”

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်းဟာ NLD အပါအဝင် ၁၁ ခုပဲရှိပြီး ဒီပါတီတွေဟာ လည်း စည်းရုံးလှုပ်ရှားခွင့်၊ ဖွဲ့စည်းခွင့်တွေ မရှိကြပါဘူး။ NLD ပါတီဆိုရင် ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ လုပ်ငန်းတွေ လုပ်နေနိုင်တာကလွဲလို့ ကျန်တဲ့ ပြည်နယ် တိုင်း မြို့နယ်ရုံးခွဲတွေ အားလုံးကို အပိတ်ခံထားရပါတယ်။

ဒါပေမဲ့လည်း တရားဝင် မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကို ဆိုင်းဘုတ်တင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုထားတာ ကြောင့် NLD လို တရားဝင် ပါတီတွေကိုလည်း အလားတူ လုပ်ဆောင်ခွင့်ပြုဖို့ သိပ်မကြာသေးခင်ကပဲ NLD ပါတီကနေ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား တောင်းခံခဲ့ပါသေးတယ်။ ဒီစာနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးဘဲ စည်းရုံးလှုပ်ရှားတဲ့ NLD အဖွဲ့ဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေကိုပဲ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG