အမေရိကန်နိုင်ငံမှာ နောက်အပတ် ကျင်းပတော့မယ့် G-20 ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီးညီလာခံ မတိုင်မီ ဥရောပခေါင်းဆောင်တွေက မနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ အကြိုတွေ့ဆုံခဲ့ကြပါတယ်။ စီးပွားရေး ပြန်လည်နာလန်ထရေးအတွက် အစိုးရသုံးငွေ တိုးမြှင့်မယ့်ကိစ္စ၊ ငွေကြေးစနစ်ကို ထိန်းမတ်ဖို့ ဘယ်လို စည်းမျဉ်းဥပဒေတွေ ချမှတ်မလဲ ဆိုတဲ့ကိစ္စ၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ ကိစ္စတွေမှာ ဥရောပသမဂ္ဂအနေနဲ့ ဘုံရပ်တည်ချက်တရပ် ရရှိဖို့အတွက် အခုလို အကြိုတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ပဲရစ်မြို့က ဗွီအိုအေသတင်းထောက် လီဆာ ဘရိုင်ယန် (Lisa Bryant) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့မှာ ကျင်းပမယ့် G-20 ညီလာခံ မတိုင်မီ ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက သူတို့ ပါဝင်ဆွေးနွေးမယ့် အကြောင်းအရာတွေကို စုစည်းထားတဲ့ စာတမ်း မူကြမ်း တစောင်နဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ သူတို့ အဓိကထား ဆွေးနွေး မယ့် အကြောင်းအရာကတော့ အရင်နှစ်ကစလို့ ကမ္ဘာတ၀န်းလုံးကို ရိုက်ခတ်သွားခဲ့တဲ့ ငွေကြေးအကျပ်ရိုက်မှု ပြဿနာ ဖြစ်ပါတယ်။
ဥရောပခေါင်းဆောင် အများစုက နှေးကွေးနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်လည်ဦးမော့လာအောင်ဆိုရင် stimulus package လို့ အသိများတဲ့ အစိုးရ အသုံးစရိတ်ကို မြှင့်တင်တဲ့နည်းနဲ့ ဖြေရှင်းတာကို သဘောကျကြပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ခုလို စီးပွားရေး ဆုတ်ယုတ်မှု ကပ်မျိုးကနေ ရှောင်ရှားနိုင်အောင်လို့ ငွေကြေးစနစ်ကို ဘယ်လိုမျိုး ဘုံစည်းမျဉ်း ဥပဒေတွေ ချထားပြီး ထိန်းမတ်မလဲ ဆိုတာကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ခုလို ဘရပ်ဆဲလ်မြို့မှာ ဥရောပခေါင်းဆောင်တွေ မတွေ့ဆုံမီ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) တို့က ဘဏ်စနစ်ကို ထိန်းမတ်တဲ့ ဥပဒေ စည်းကမ်းတွေကို ပိုမိုတင်းကျပ်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ ဘဏ်အရာရှိတွေအနေနဲ့ အပိုဆုကြေးငွေတွေ အတိုင်းထက် အလွန် ယူတာမျိုးတွေကို ကြပ်မတ်နိုင်ဖို့ တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း ပြောခဲ့တာကတော့ …
“ဘဏ်ထိပ်တန်းအရာရှိတွေ အပိုဆုကြေးငွေ (Bonus) တွေ မတန်တဆ ယူခဲ့တဲ့အပေါ်မှာ တကမ္ဘာလုံးက အံ့အားသင့်ခဲ့ကြ တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာကို ကမ္ဘာ့နိုင်ငံတွေကြားမှာ သဘောတူညီမှု မရဘူးဆိုရင် ဘဏ်တွေဟာ ဟိုးအရင်တုန်းကအတိုင်း ပြန်ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့် တခြားနိုင်ငံက လုပ်ဆောင်မှုတွေ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။”
ဒါပေမဲ့လည်း လန်ဒန်အခြေစိုက် Center for European Reform ခေါ် ဥရောပ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစိုးရ မဟုတ်တဲ့ သုတေသနေအဖွဲ့ တဖွဲ့က သုံးသပ်သူ ဖိလစ် ၀ိုက်တ် (Philip Whyte) က ခုချိန်အထိ ဥရောပသမဂ္ဂအတွင်းမှာ သဘောမတူညီမှုတွေ ရှိနေဆဲပဲလို့ ပြောခဲ့ပါတယ်။
“ဥရောပသမဂ္ဂအနေနဲ့ ဘုံရပ်တည်ချက် ရနိုင်မယ့် အနေအထား ရှိလား၊ မရှိဘူးလား ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက အကြီးအကဲတွေ အပိုဆုကြေးငွေတွေ မတန်မဆယူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဆိုတဲ့အပေါ် သဘောထား ကွဲလွဲမှုတချို့ ရှိပါတယ်။ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာဆိုရင် သမားရိုးကျ ဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွေရဲ့ မှားယွင်းမှုတွေကြောင့် ငွေကြေးအကျပ်ရိုက်မှု ပြဿနာကို ဖြစ်ပေါ် စေတယ်လို့ အများက ယူဆကြတာကြောင့် ဘဏ်အရာရှိတွေအနေနဲ့ အများဆုံး အပိုဆုငွေ ရပိုင်ခွင့်ကို သတ်မှတ်ဖို့ နိုင်ငံရေးအရ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့မှာတော့ အပိုဆုကြေးငွေတွေဟာ ပြဿနာရဲ့ ဇာစ်မြစ်ဖြစ်တယ်လို့ သိပ်မယူဆကြတာကြောင့် အဲဒီနည်းနဲ့ ဖြေရှင်းရင် အလုပ်ဖြစ်မယ်လို့ သိပ်မယူဆကြပါဘူး။”
အခုလို ငွေကြေးကဏ္ဍအပြင် ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေး စတဲ့ ကိစ္စတွေကို ဥရောပခေါင်းဆောင်တွေက နောက်အပတ် G-20 ထိပ်သီးအစည်းအဝေး မတိုင်မီ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။