မြန်မာစစ်အစိုးရက မနေ့က ကြေညာချက်အတိုင်း ဒီကနေ့ အကျဉ်းသားတွေကို စတင်လွှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် ပါသလဲဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ အခုချိန်ထိ သိရှိရသမျှ အရေအတွက်ကို ဘန်ကောက် ကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ထောင်အသီးသီးကနေ ဒီကနေ့လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားက ခုချိန်ထိ စုံစမ်းရသလောက် အယောက် ၂၀ ကျော် ပါလာပါတယ်။ အခုချိန်ထိ သတင်းတွေ ဝင်လာနေဆဲ ရှိသေးပြီး ဆက်သွယ်ရခက်ခဲတဲ့ နယ်ထောင်တွေကနေ လွတ်တယ်ဆိုတဲ့သတင်းတွေသာ ကြားရပြီး အရေအတွက် ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ တိတိကျကျ မသိရသေးပါဘူး။ လောလောဆယ် သိထားရသလောက် ဆိုရင် အင်းစိန်၊ မန္တလေး၊ မော်လမြိုင်၊ မြင်းခြံ၊ ပဲခူး စတဲ့ ထောင်အသီးသီးကနေ လွတ်တာတွေရှိပါတယ်။ ဒီကနေ့ လွှတ်လိုက်တဲ့ အကျဉ်းသား အရေအတွက် စုစုပေါင်း ဘယ်လောက်ဆိုတာ တိတိကျကျ မသိရသေးပေမဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကတော့ စုစုပေါင်း လွတ်တာနဲ့နှိုင်းယှဉ်ရင် နည်းလိမ့်မယ်လို့ နေရာအသီးသီးကရတဲ့ သတင်းတွေပေါ်အခြေခံပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အင်းစိန်ထောင်ကလွတ်လာတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ နောက် NLD တာဝန်ရှိသူတဦးဖြစ်တဲ့ မုံရွာအောင်ရှင်၊ Eco-Vision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်၊ စသူတွေ ပါဝင်ပါတယ်။
အကျဉ်းသားတွေ လွှတ်ပေးမယ့်သတင်းကို မနေ့ကညပိုင်းမှာ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာခဲ့တဲ့အတွက် ဒီကနေ့ မနက်ပိုင်းကတည်းက အကျဉ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေ သွားရောက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နေ့လည်ပိုင်းကျော်တော့မှပဲ စပြီးလွှတ်ပေးခဲ့တာပါ။
ရန်ကုန်ကလာတဲ့ ကျိုဒိုသတင်းတပုဒ်မှာတော့ အကျဉ်းဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတဦးကို ကိုးကားပြီး လွှတ်ပေးဖို့ ရှိတဲ့အထဲမှာ လုံခြုံရေးဥပဒေတွေအရ ထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၅၀ လောက် ပါလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအရာရှိက အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာမရှိဘူးလို့ဆိုပြီး လုံခြုံရေး ဥပဒေတွေအရ ထိန်းသိမ်း ထားသူတွေလို့ပဲ သုံးနှုန်း ပြောဆိုသွားတာပါ။ အင်းစိန်ထောင်ကနေ အကျဉ်းသား ၆၀၀ လောက် လွှတ်ပေးဖို့ရှိပြီး ဒီကနေ့ လွှတ်ပေးခဲ့တာက ဦးရေ ၁၆၀ ဖြစ်ပြီးတော့ လာမယ့်ရက်တွေမှာ ဆက်လွှတ်သွားမယ်လို့ နောက်ထပ် တာဝန်ရှိသူတဦးကို ကိုးကားပြီး အဲဒီသတင်းမှာပဲ ဖော်ပြထားပါသေးတယ်။
အကျဉ်းသားတွေကိုလွှတ်ပေးဖို့ စီစဉ်နေပါတယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့ပြီးကတည်းက နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်လွှတ်ပေးမှာလဲ၊ ဘယ်တော့ လွှတ် ပေးမှာလဲ ဆိုတဲ့ မေးခွန်းတွေထွက်နေခဲ့သလို နိုင်ငံရေးအကျဉ်းသား များများစားစားပါမှာမဟုတ်ဘူးလို့ ခန့်မှန်းတာတွေ လည်း ရှိခဲ့ပါတယ်။ စတင်လွှတ်ပေးတဲ့ ဒီကနေ့ဟာဆိုရင်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်ချမှတ်ထားတာကို အယူခံဝင်ထားတဲ့ကိစ္စ လျှောက်လဲချက်ပေးတဲ့နေ့၊ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နှစ်ပတ်လည် နေ့တွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ အကျဉ်းသားတွေကို စတင်လွှတ်ပေးနေတာဖြစ်ပါတယ်။