သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြီ


မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၁၁၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး မယ်လို့ စစ်အစိုးရက ကြေညာထားတဲ့အတိုင်း မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ တဖြည်းဖြည်းချင်း ပြန်လွှတ် ပေးနေတာမှာ ဒီနှစ်ရက်အတွင်း ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေး အကျဉ်းသား ၁၀၄ ယောက်ပါတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ စာရင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့လို့၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ မုံရွာအောင်ရှင် တို့လို့၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းတို့လိုအပြင် Eco Vision ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်တို့လို လူတွေလည်း ပါဝင်ကြပါတယ်။ AAPP အဖွဲ့က တော့ အခုစစ်အစိုးရက လွှတ်ပေးမယ့် အကျဉ်းသား ၇,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်လောက် ပါဝင် မယ်လို့ မျှော်လင့်ထားကြောင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က အခုလို ပြောခဲ့ပါတယ်။

"ကျနော်တော့ ၂၀၀ ပတ်ဝန်းကျင်လောက် ပါလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အခု ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက ဆိုရင်တော့ ဒီအရေအတွက်က ပိုများတယ်လို့ ပြောလို့ရပါတယ်။"

AAPP အနေနဲ့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။ အခုလို နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ ဒီတခေါက် ပြန်လွှတ်ပေးတာကိုပေါ့လေ။ -

"ဟုတ်ကဲ့။ အခုနေ ပြန်လွှတ်ပေးတယ်ဆိုတာကလည်း တချို့ ၂ နှစ် ကျထားတဲ့သူတွေ၊ ၂ နှစ်ခွဲ ကျထားတဲ့သူတွေပေါ့နော်။ အဲဒီလို လူတွေများတယ်။ နောက်တခုက ၁၉၈၈ ခုနှစ်လောက်ကတည်းက ထောင်ထဲမှာ နှစ် ၂၀၊ ၂၁ နှစ်လောက် နေခဲ့တဲ့ သူတွေလည်း ပါတယ်။ ဆိုတော့ အဲဒီလို လူမျိုးတွေ များတယ်။ နောက်တခုက ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က လူတွေ ကို မတရားသဖြင့် ဖမ်းပြီးတော့ ထောင်ချပစ်တာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီလိုမျိုး မတရားသဖြင့် ဖမ်းထားတာကို က သူတို့ တချိန်ချိန်မှာ လိုအပ်လာလို့ရှိရင် အဲဒီလို အလွှတ်ပြပြီး ပြန်ကစားဖို့အတွက် ဖမ်းထားတာမျိုး ဖြစ်နေတယ်။"

AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ဖြစ်ပါတယ်။ အခုထိ ပြန်လွတ်လာတဲ့အထဲမှာ အများပြည်သူတွေ မျှော်လင့်နေကြ တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွတ် လာတာကိုတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေး အကျဉ်းသား ၂၅၀ လောက် လွတ်လာဖို့ရှိတဲ့ စာရင်းထဲမှာ နောက်ထပ် ပါမလားဆိုပြီး မိသားစုဝင်တွေအပါအဝင် အများက မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG