သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ် ရပ်စဲရေး သဘာဝ


တိုင်းရင်းသား လက်နက်ကိုင် (၁၇) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲနိုင်တာကို အောင်မြင်မှုတခုအဖြစ် ဗမာစစ်အစိုးရက သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ချက်ချင်း မတူတဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးတဲ့အတွက် အချိန်မရွေး လက်နက်ကိုင် ပဋိပက္ခဖြစ်နိုင်ကြောင်း မကြာမီကဖြစ်ပွားတဲ့ ကိုးကန့်တိုက်ပွဲက သက်သေပြနေပါတယ်။ နားလည်မှု ပုဂ္ဂိုလ်ရေး ခင်မင်မှု၊ နုတ်ဂတိစတာတွေကို အခြေခံထားတဲ့ သဘောတူချက်ဖြစ်တာကြောင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို မေးမြန်းစုံစမ်းနိုင်မှ အပစ်အခတ်ရပ်စဲရေးရဲ့ သဘာဝကို သိနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းနဲ့ သတင်းဆောင်းပါး အများအပြားရှိပေမဲ့ အသေအချာ သုတေသန လုပ်ထားတဲ့စာတမ်း (၂) ခုသာ ရှိသေးတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လက နယ်သာလန်နိုင်ငံ () အခြေစိုက် Transnational Institute က ထုတ်ဝေလိုက်တဲ့ Tom Kramer ရဲ့ စာမျက်နှာ (၄၀) ကျော် စာတမ်းဟာ နောက်ဆုံးပေါ် လေ့လာချက် ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာလည်း (၈၈) မျိုးဆက်ပညာရှင် ကိုဇော်ဦး နဲ့ ကိုဝင်းမင်း တို့ ပြုစုတဲ့ အပစ်အခတ် ရပ်စဲပရေးအကြောင်း စာမျက်နှာ (၉၀) စာတမ်းကို ဝါရှင်တန်အခြေစိုက် East-West Centre က ထုတ်ဝေခဲ့ပါတယ်။ ဒါကြောင့် ဒီစာတမ်း (၂) စောင်ကို အခြေခံပြီး အပစ်အခတ် ရပ်စဲရေးသဘာဝကို သုံးသပ်တင်ပြလိုပါတယ်။

တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို အပစ်အခတ်ရပ်စဲဖို့ ဗမာစစ်အစိုးရ ကမ်းလှမ်းခဲ့ရတဲ့ အဓိကအကြောင်းရင်းက မြို့နေလူထုရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို ရင်ဆိုင်နေလို့ပါပဲ။ အပစ်အခတ်ရပ်စဲလိုက်ရင် ဒီမိုကရေစီလှုပ်ရှားမှုရော လက်နက်ကိုင်လှုပ်ရှားမှုရော အားနည်းသွားပြီး အသက်ရှုချောင်လိမ့်မယ်လို့ စစ်အစိုးရက ယူဆပါတယ်။ အနှစ် (၂၀) ကြာတဲ့အခါ ဗမာစစ်အစိုးရဟာ ဘယ်သူကိုမှ လိုက်လျောစရာမလိုပဲ လက်နက်အင်အားနဲ့ ဘဏ္ဍာရေးအင်အား တောင့်တင်းလာပြီး ဒေသဆိုင်ရာမှာ ဝင်ဆံ့လာတာဟာ အပစ်အခတ်ရပ်စဲတဲ့ အကျိုးကျေးဇူးတခုပဲလို့ ပြောရပါလိမ့်မယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ဟာ စာချုပ်စာတမ်းမဟုတ်ပဲ နားလည်မှုသာဖြစ်တဲ့အတွက် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ စစ်ရပ်စဲပေမဲ့ ငြိမ်းချမ်းရေး မလုပ်နိုင်သေးတာကြောင့် ခဏသာအေးချမ်းပြီး အမြဲတမ်း စိတ်ပူနေရတဲ့ 'ခဏအေးအစဉ်ပူ' သဘောတူချက် ဖြစ်ပါတယ်။ အများသိအောင်ကြေညာထားတဲ့ သဘောတူချက် မဟုတ်တာကတကြောင်း ၊ လေ့လာစောင့်ကြည့်မယ့် ကြားခံအဖွဲ့အစည်း ဒိုင်လူကြီးလိုဟာမျိုး မရှိတာကတကြောင်းမို့ စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ နားလည်မှု အမျိုးမျိုးရှိနိုင်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အင်အားကိုလိုက်ပြီး ဗမာစစ်အစိုးရဟာအမျိုးမျိုး ဆက်ဆံနေပါတယ်။ တယောက်တပေါက်လုပ်ထားကြတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်တဲ့အတွက် ဗမာစစ်အစိုးရကလည်း တယောက်တမျိုး ဆက်ဆံနေတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့လေးတွေကိုတော့ အကျပ်ကိုင်ပြီး လက်နက်စွန့်ခိုင်းပါတယ်။ ဥမာ PSLP ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ဟာ လက်နက်ချလိုက်ပါပြီ။ အင်အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့ကြီးတွေကြတော့ အကွဲအပြဲဖြစ်လာအောင် ဗမာစစ်အစိုးရက သပ်လျှိုတဲ့အတွက် ခွဲထွက်တဲ့အုပ်စုတွေ ပေါ်ပေါက်လာပါတယ်။

ကိုးကန့်အပစ်ရပ်အဖွဲ့ရဲ့ အကြီးအကဲတဦးဖြစ်သူ 'ဘိုင်စုံချိန်' နဲ့အဖွဲ့ ဗမာစစ်အစိုးရနဲ့ ပူးပေါင်းသွားတာဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို နိဂုံးချုပ်စေမဲ့ကိန်းဖြစ်ပါတယ်။ တိုက်ပွဲဝင်နေတဲ့ KNU ကရင်အဖွဲ့မှာလည်း ခွဲထွက်ပြီး ဗမာစစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့အုပ်စုတွေ ရှိပါတယ်။ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့တွေမှာလည်း ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲတဲ့ အုပ်စုတွေရှိပါတယ်။ ခွဲထွက်အုပ်စုတွေ များလာလေလေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ အင်အားနည်းပါးလေလေ ဖြစ်နေတဲ့အတွက် လက်နက်ကိုင်အုပ်စုထဲမှာ အကွဲအပြဲဖြစ်အောင် အမျိုးမျိုးအဖုံဖုံ သပ်လျှိုတဲ့နည်းကို စစ်အစိုးရက ဆက်သုံးဖို့များပါတယ်။

ပုဂ္ဂိုလ်ရေးကိုအခြေခံပြီး နားလည်မှုယူထားတာဟာ အပစ်အခတ်ရပ်စဲရေးရဲ့ အဓိက အားနည်းချက်ဖြစ်ပါတယ်။ အပစ်ရပ် သဘောတူချက်အားလုံးကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးက စီစဉ်ခဲ့တာကြောင့် ၂၀၀၄ ခုနှစ်အထိ အပစ်ရပ်အဖွဲ့အားလုံး ထောက်လှမ်းရေးနဲ့သာ ဆက်ဆံခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် အဖြုတ်ခံလိုက်ရတဲ့ နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ဆက်ဆံရေး ယိုယွင်းလာပါတယ်။ အရင်က သဘောတူထားတဲ့ ကိစ္စတွေကို အမျိုးသားညီလာခံမှာ ဆွေးနွေးလို့ မရတော့ဘူးလို့ ဆိုပါတယ်။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကချင်အဖွဲ့က တင်ပြတာကို စစ်အစိုးရ လက်မခံပါဘူး။

စစ်အစိုးရအခြေခံဥပဒေကို 'ဝ' မြို့တော် ပန်ဆန်းက ကန့်ကွက်မဲပေးထားပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်ကို လိုက်လျောဖို့ စိတ်ကူးပုံမရပါဘူး။ လက်နက်ကိုင်အဖွဲ့တွေအားလုံး လက်နက်ချတာကိုသာ စစ်အစိုးရမြင်ချင်ပါတယ်။ လက်နက်မချချင်ရင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အစိုးရတပ်အောက်မှာ နေဖို့သာရှိပါတယ်။ စစ်အစိုးရအစီအစဉ်ကို လက်နက်ကိုင်အဖွဲ့ကြီးတွေက လက်မခံတဲ့အတွက် လက်ရှိလိပ်ခဲ့တည်းလည်း ဖြစ်နေတဲ့လက်ရှိ အခြေအနေဟာ ကြာလေဆိုးလေ ဖြစ်လာဖွယ်ကြောင်း တင်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG