သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖရဝိဟာရရှေးဟောင်း ပုထိုးတော်အနီး ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခွင့်ပြု


ထိုင်းနိုင်ငံမှာ လူ ၂၀ လောက်အထိ ထိခိုက်မှုတွေဖြစ်ခဲ့ရတဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး နောက်တရက်မှာပဲ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံ နယ်စပ်က အချေအတင် ဖြစ်ပွားနေတဲ့ ဘုရားကျောင်းမှာ ငြိမ်းချမ်းတဲ့ စုဝေးဆန္ဒပြမှု တခုကို ထိုင်းအာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ ဆန္ဒပြမှုတွေ ဒီလိုဖြစ်ပွားနေပေမဲ့လည်း နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်ဖို့ ပိုပြီး အာရုံစိုက်လာနေတာနဲ့အမျှ သွေးထွက်သံယို ဖြစ်မယ့် အခြေအနေတွေ တော့ လျော့နည်းသွားဖွယ်ရာ ရှိတယ်လို့ တွက်ဆမှုတွေ ရှိနေကြပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့တော် ကနေ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦး က တင်ပြ ထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား လွန်ခဲ့တဲ့နှစ်တွေအတွင်း အချေအတင်ဖြစ်မှုတွေမှာ အချက်အချာဖြစ်ခဲ့တဲ့ ၁၁ ရာစုနှစ်က ခမာဘုရားကျောင်း အနီး ရောက်လာကြတဲ့ ထိုင်းအမျိုးသားရေး လှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေက ခွင့်ပြုလိုက်တဲ့နောက် တင်းမာမှုတွေလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်ခဲ့တာပါ။ အင်္ကျီအဝါရောင် ဝတ်သူတွေအဖြစ် သိကြတဲ့ ထိုင်းနိုင်ငံက ဒီမိုကရေစီ ပြည်သူ့တပ်ပေါင်းစု (PAD) အဖွဲ့က ဆန္ဒပြသူတွေကတော့ ထိုင်းအစိုးရအနေနဲ့ ဒီနယ်မြေဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်တဲ့ နေရာအဖြစ် သတ်မှတ်ဖို့ ကြေညာချက် တစောင်ကို ဖတ်ကြားပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါဟာဆိုရင် စနေနေ့တုန်းက အင်္ကျီ အဝါရောင်ဝတ် ဆန္ဒပြသမား ၅,၀၀၀ လောက်နဲ့ ဒေသခံတွေ၊ စစ်သားတွေကြား ထိပ်တိုက် ရင်ဆိုင်မှု တွေကြောင့် လူ ၂၀ လောက်အထိ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အထိ ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ မတူတဲ့ အဖြစ်အပျက် တခုပါ။

ဖရဝိဟာရ ဘုရားကျောင်းကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် နေရာတခုအဖြစ် သတ်မှတ်ပေးဖို့ ကမ္ဘောဒီးယားနိုင်ငံဘက်က တင်ပြခဲ့တဲ့နောက် တင်းမာမှုတွေ လျော့ပါးစေရေး နှစ်နိုင်ငံ စလုံး က ကြိုးပမ်းခဲ့ကြတာပါ။ ထိုင်းနိုင်ငံကလည်း ဒီနေရာဟာ ထိုင်းနိုင်ငံဘက်ကသာ သွားလာရ လွယ်ကူတယ် ဆိုပြီး ပူးတွဲတင်ပြခဲ့ပါတယ်။ အခုနောက်ဆုံး အင်္ကျီအဝါရောင်ဝတ် PAD အဖွဲ့ဝင်တွေရဲ့ ကမ္ဘောဒီးယားနယ်စပ် က လှုပ်ရှားမှုနဲ့ ပတ်သက်လို့တော့ ဒါဟာ ရှေ့နှစ်မှာ ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရတဲ့ အထွေထွေ ရွေးကောက်ပွဲတွေ မတိုင်မီ အမျိုးသားရေးဝါဒီ စစ်စစ် ပါတီတခုအဖြစ် ပြသဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက် တခုအဖြစ် ဆန်းစစ်သူတွေက တွက်ဆကြတာပါ။

အမျိုးသားရေးဝါဒကို အခြေခံပြီး နိုင်ငံရေးအရ ထောက်ခံမှုတွေရဖို့ မကြာခနဆိုသလို ကြိုးပမ်းလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ PAD အဖွဲ့ရဲ့ အခုနောက်ဆုံးလှုပ်ရှားမှုဟာ အလားတူ ရည်ရွယ်ချက်တွေ ပါဝင်နေတယ်လို့ ယူဆ သူတဦးကတော့ ထိုင်းနိုင်ငံရေး နဲ့ စီးပွားရေး အခြေအနေတွေကို အကဲခတ်ပြီး စာရေးသား ပြုစုနေတဲ့ Chris Baker ဖြစ်ပါတယ်။ “မတွေ့ချင်လည်း တွေ့နေရတာကတော့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်မှာ PAD အဖွဲ့ဟာ သူတို့ မူဝါဒတွေက သွေဖီပြီး ဆောင်ရွက်နေတဲ့ ကိစ္စအတော်များများနဲ့အတူ မြင်တွေ့ရတဲ့ အမျိုးသားရေးဝါဒ ကစားနည်းကို ကစားနေကြတာပါပဲ။ တကယ်တော့ ဒါဟာဘာမှ အကျိုးမရှိပဲ ဆုံးရှုံးစရာတွေတောင် ရှိနိုင်ပါ တယ်။ ဒါပေမဲ့လည်း ဒီအဖွဲ့က ဒါကို တည်ဆောက်ဖို့ ကြိုးပမ်းနေပြီး နိုင်ငံရေး အခြေခံအင်အား ရဖို့အတွက် လည်း အသုံးချနေတာပါ။ ဒါဟာ အဆုံးသတ်မတော့ ၂ နိုင်ငံစလုံးအတွက် ထိခိုက်စရာတွေချည်းပါပဲ။” အင်္ကျီ အဝါဝတ်သူတွေဟာဆိုရင် အခုအခါ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နဝဒ် ကို ဖြုတ်ချခဲ့တဲ့ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုတွေ ဖြစ်ခဲ့တဲ့ ကာလမှာ အဓိကနေရာက ပါဝင်ခဲ့ကြသူ တွေလည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ဘန်ကောက်မြို့ နိုင်ငံတကာလေဆိပ်ကို သိမ်းပိုက်ခဲ့ပြီး ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့လည်း သူတို့က တောင်းဆို ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက ထောင်နဲ့ချီတဲ့ ခရီးသွားတွေလည်း ပိတ်မိနေခဲ့တာမို့ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာငွေ ဒေါ်လာသန်းနဲ့ ချီပြီးတော့လည်း ဆုံးရှုံးခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝက်ချာချီ၀ ကတော့ ဒီရက်သတ္တပတ်ကုန်မှာ ဖြစ်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခ တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း သူ့ရဲ့ အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။ သူ့အစိုးရအနေနဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု မဆုံးရှုံးရလေအောင် ကြိုးပမ်း မှာ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ စနေနေ့မှာတုန်းက ဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို ထောက်ခံသူ လူပေါင်း ၂ သောင်းကျော်ဟာ သူ့ကို ရာထူးကဖယ်ရှားခဲ့တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မြို့တော်ဘန်ကောက်မှာ စုဝေးခဲ့ကြတာပါ။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း သွေးထွက်သံယို ပဋိပက္ခမှုတွေနဲ့ ပတ်သက်လို့ အစောပိုင်း စိုးရိမ်မှုတွေထွက်ပေါ်ခဲ့ပေမဲ့ မစ္စတာ တက်ဆင် က ဗွီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားခဲ့တဲ့ နောက်မှာတော့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ရှိခဲ့တာ ပါ။ သွေးထွက်သံယို ပဋိပက္ခတွေ မရှိတော့ပဲ ရက်သတ္တပတ်ကုန်ကို ကျော်လွန်နိုင်ခဲ့တာဟာဖြင့် နိုင်ငံရေး အခြေအနေတွေ တိုးတက်လာတဲ့ လက္ခဏာအဖြစ် အစိုးရတာဝန်ရှိသူတွေ၊ အကဲခတ်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲတုန်းကတော့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ကို လိုလားသူ အင်္ကျီအနီဝတ်တွေရဲ့ ဆန္ဒပြပွဲ တွေကြောင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးဆွေးနွေးပွဲတွေ ရွှေ့ဆိုင်းခဲ့ရသလို၊ မြို့တော် ဘန်ကောက်က လမ်းပေါ် ဆန္ဒပြပွဲတွေကြောင့် အစိုးရက အရေးပေါ် အုပ်ချုပ်ရေး ကြေညာခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာပါ။ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ထိုင်းပြည်သူတွေ အနေနဲ့ နိုင်ငံရေး တည်ငြိမ်စေဖို့၊ စီးပွားရေး ပြန်လည် နာလန်ထူလာဖို့တွေကို လိုလားကြတာမို့ ဒီနှစ်ဆန်းပိုင်းက ကြုံခဲ့ရတဲ့ ပြဿနာမျိုးတွေ တခါထပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့် မထားဘူးလို့လည်း ဗွီအိုအေကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG