၂၀၀၉ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို ထောင်နဲ့ချီပြီး စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။ အပြစ်ဒဏ် အမျိုးမျိုး ကျခံနေရတဲ့ နိုင်ငံသားအကျဉ်းသားလို့ သုံးနှုန်းထားတာမို့ လွတ်ပေးလိုက်တဲ့ အကျဉ်းသား ၇၀၀၀ ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါဝင်မယ်ဆိုတာ အတိအကျ မသိနိုင်သေးပါဘူး။ နိုင်ငံတော် လုံခြုံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးထားတဲ့လူ ၂၅၀ လောက်ပါမယ်ဆိုတဲ့ အကျဉ်းဦးစီးဌာန အရာရှိတဦးရဲ့အဆိုအရ လွတ်ပေးတဲ့ လူ ၇၀၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသမား ၂၅၀ လောက် ပါဝင်မယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ ထိုင်းနယ်စပ် မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးသမားများ ကူညီစောင့်ရှောက်ရေးအသင်း တာဝန်ခံဖြစ်သူ ဦးဘိုကြည် ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေမြန်မာသတင်း ဌာနမှုး) က နိုင်ငံရေးအကျဉ်းသမားများအခြေအနေကို ပိုမိုသိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးဘိုကြည် ။ ။ ကျနော်တို့ သိထားသလောက်တော့ ၁၀၄ ယောက် စာရင်းကို ရထားပြီးပါပြီ။ ကျနော်တို့ စာရင်းက မပြည့်စုံသေးလို့ မဟုတ်ပါဘူး။ နောက်နေ့တွေမှာ ဒီထက်ပိုလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ စုစုပေါင်း လွတ်ပေးတဲ့ ဒုတိယနေ့မှာ လူတစ်ရာကျော်လေးပဲ ပါသေးတယ်ဆိုတော့ အကျဉ်းဦးစီးဌာနအရာရှိတဦးရဲ့ အဆိုအရ နိုင်ငံတော်လုံခြုံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထားတဲ့လူ ၂၅၀ လောက် လွတ်ပေးဖို့ ရှိတယ်လို့ ပြောသွားတာကို ကျနော်တို့ ကြားသိရတော့ နိုင်ငံရေးအကျဉ်းသမား ၂၅၀ လောက်ပါမယ်ဆိုတဲ့ သဘောလို့ ထင်သလား။
ဦးဘိုကြည် ။ ။ ဒီဟာကတော့ သူတို့ နိုင်ငံတော်လုံခြုံရေးဆိုပြီး ဖမ်းထားတယ်ဆိုတဲ့အထဲမှာ ဥပမာ ဗိုလ်ချုပ်ခင်ညွှန့် ပေါ့။ ဗိုလ်ချုပ်ခင်ညွှန့်ကို အာဏာက ဖယ်ရှားလိုက်ပြီးတဲ့နောက် ဖမ်းထားတဲ့ ထောက်လှမ်းရေးတွေရှိတယ်။ နောက် စီးပွားရေးပုဒ်မတွေနဲ့ ဖမ်းထားတာတွေရှိတယ်။ ဥပမာ စီးပွားရေး ပုဒ်မ ၅(ည) ရှိတယ်။ တခြား ခိုးဆိုး ၅(ည) တွေရှိတယ် အစရှိသဖြင့် နိုင်ငံရေးဆန်ဆန် ပုဒ်မမျိုးတွေနဲ့ ဖမ်းထားတာတွေရှိတယ်။ အဲဒါတွေ အပါအဝင်မှ ၂၅၀ လို့ ပြောတာဖြစ်တယ်လို့ ကျနော်တို့ ထင်တယ်။ နိုင်ငံရေးလှုပ်ရှားလို့ ဖမ်းထားတဲ့လူ ၂၅၀ ကို လွတ်မယ်လို့တော့ ကျနော်တို့ သိပ်မထင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုကြည်တို့ရဲ့ စာရင်းဇယားအရဆိုလိုရှိရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အဖမ်းခံထားရတဲ့လူ စုစုပေါင်း ဘယ်နှစ်ယောက်လောက် ရှိနေပါသလဲ။
ဦးဘိုကြည် ။ ။ ၂၁၀၀ ကျော်ကျော်လောက် ရှိပါတယ်။ ဒါ ကျနော်တို့ လက်လှမ်းမှီသလောက် စုထားတာပါ။ နောက်တခုက ကျနော်တို့ လက်လှမ်းမမှီတဲ့နေရာတွေရှိတယ်။ ဥပမာ တိုင်းရင်းသားဒေသနယ်စပ်တွေ စစ်အခြေစိုက်စခန်းတွေမှာ ဖမ်းထားတာတွေ၊ အသတ်ခံလိုက်ရတာတွေကလည်း ဒုနဲ့ဒေး ရှိနေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော်မေးချင်တာက အခု ဒီတခေါက် လွတ်ငြိမ်းချမ်းသာခွင့်က ၂၀၀၉ ခုနှစ်အတွင်းမှာ ဒုတိယအကြိမ်ပေါ့။ ၂၀၀၈ ခုနှစ်တုန်းကလည်း လွတ်ပေးဘူးတယ်ဆိုတော့ စုစုပေါင်းဆိုလိုရှိရင် ပြီးခဲ့တဲ့ နှစ်ကြိမ်မှာ လူပေါင်း ၁၅၀၀၀ လောက် လွတ်ပေးတာပေါ့။ ဒီလို လွတ်ပေးတဲ့ကြားတည်းက ဦးဘိုကြည်တို့ စာရင်းဇယားမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသမား ၂၀၀၀ ကျော်ဆိုတာ လျှော့မသွားတဲ့အပြင် ပိုတိုးလာတာတောင် တွေ့နေရတယ်။ အဲဒါ ဘာကြောင့်လဲ ခင်များ။
ဦးဘိုကြည် ။ ။ အခု လွတ်ပေးတယ်ဆိုပေမဲ့ ဒီကြားထဲမှာ ဖမ်းဆီးနေတာ ရှိပါတယ်။ ဥပမာ ဒီလထဲမှာဆိုရင်ပဲ မြင်းခြံမှာ ဖမ်းတာရှိတယ်။ ရန်ကုန်မှာ ဖမ်းတာရှိတယ်။ ဥပမာ ဒီဖက် မြဝတီမှာ ဖမ်းတာရှိတယ်။ ဒီလထဲမှာ အယောက် ၄၀ နီးပါးလောက် အဖမ်းခံရတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရတယ်။ တဖက်က လွတ်ပေးနေသလို အဖမ်းကလည်း ရပ်တာမဟုတ်ဘူး။ အလွတ် နဲ့ အဖမ်းမှာ အဖမ်းက ပိုများနေတော့ ကိန်းဂဏန်းတွေက ဒီထက်ပိုတိုးလာတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် လွတ်ပေးတဲ့အထဲမှာ နိုင်ငံရေးသမား၊ နိုင်ငံရေးအကျဉ်းသမားတွေ ပါသလား။ သူတို့အနေနဲ့ အကြမ်းမျဉ်းအားဖြင့် ဘယ်လောက်အထိ အပြစ်ဒဏ်တွေ ကျခံပြီးမှ လွတ်လာရတာလဲ။
ဦးဘိုကြည် ။ ။ ဥပမာ ဦးစောနိုင်းနိုင်း ဆို ထောင်ထဲမှာ ၈ နှစ် ၉ နှစ်လောက် နေခဲ့ရတယ်။ ဦးဝင်းမြင့် ဆိုရင် ထောင်ထဲမှာ ၂၁ နှစ် နေခဲ့ရတာ ရှိပါတယ်။ ၁၉၈၈ - ၈၉ လောက်ကတည်းက အဖမ်းခံရပြီး ၂၁ နှစ်လောက် နေခဲ့ရပြီးမှ အခုမှ ပြန်ရောက်လာတာရှိတယ်။ တချို့ဆိုရင် ပြစ်ဒဏ်က ၂ နှစ်လောက် ချထားတာ။ ပြစ်ဒဏ်က ၁ နှစ်ကျော် ၁ နှစ်ခွဲလောက် လွတ်နီးတွေ ဖြစ်နေပြီ။ အဲဒီလူမျိုးတွေကလည်း အများကြီးပါလာတာကို တွေ့ရတယ်။ တချို့တွေကြတော့လည်း နှစ် ၆၅ နှစ် ချထားပြီးတော့ ၁ နှစ် ၂ နှစ်နဲ့ ပြန်လွတ်လာတဲ့ ကံကောင်းတဲ့လူတွေကလည်း လူနည်းစုကို ကျနော်တို့ တွေ့ရပါတယ်။ အခုလွတ်တဲ့အထဲမှာ သတင်းစာဆရာတွေပါမယ်၊ ၈၈ မျိုးဆက်ထဲက နည်းနည်းပါလာတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အများစု ပါလာတယ်။ ဒါမျိုးတွေကို ကျနော်တို့ တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ တော်တော်များများက လွတ်ရက်ပြည့်နေတဲ့လူတွေပေါ့နော်။
ဦးဘိုကြည် ။ ။ တော်တော်များများလို့တော့ ပြောလို့မရဘူး။ ဒါကတော့ ကျနော်တို့ ကိန်းဂဏန်းတွေနဲ့ အတိအကျ စစ်ဆေးပြီးမှ ဘယ်သူတွေကတော့ လွတ်ရက်ကို နီးနေပြီ၊ ဘယ်သူကတော့ လွတ်ရက် အဝေးကြီးလိုသေးတယ်လို့ သေသေချာချာ ပြောလို့ရပါမယ်။ ဒါပေမဲ့ တချို့တွေကတော့ လွတ်ရက်နီးနေတာပါတယ်။ တချို့တွေကတော့ လွတ်ရက်ဝေးနေတာ ပါပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီအထဲမှာ ကျောင်းသားနိုင်ငံရေးသမိုင်းရေးတဲ့ ကိုအောင်ထွန်းလို့ ပုဂ္ဂိုလ်မျိုးကြတော့ သူက နှစ်ရှည်ထောင်တန်ချခံထားရတဲ့လူဖြစ်နေတော့ သူကိုလွတ်ပေးလိုက်တာကတော့ ဘာဘဲပြောပြော သူ့အတွက် ဝမ်းသာစရာ ပြောနိုင်မှာပေါ့။
ဦးဘိုကြည် ။ ။ ဟုတ်ကဲ့ ကိုအောင်ထွန်းဆိုရင်လည်း ထောင်ထဲမှာ ဆယ်နှစ်ကျော်ကျော် နေခဲ့ပြီးပြီ။ နောက်တခု သူအဖမ်းခံရတဲ့ကိစ္စကို ကျနော်တို့က သေချာပြောဖို့လိုတယ်။ သူက စာအုပ်ရေးတာဖြစ်တယ်၊ စာရေးတာဖြစ်တယ်။ နိုင်ငံတော်ကို ဗုံးခွဲတဲ့ကိစ္စတွေလည်း မဟုတ်ဘူး၊ နိုင်ငံတော်ရဲ့ အာဏာကို အလွဲသုံးစားလုပ်တာ မဟုတ်ဘူး။ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးတဲ့ကိစ္စလည်း မဟုတ်ဘူး။ ဒီလိုလူမျိုးကို ထောင်ထဲမှာ ဆယ်နှစ်ကျော်လောက် ထားခဲ့ပြီးမှ ပြန်လွတ်ပေးတာကို ကျနော်တို့က ကျေးဇူးတင်ရမလို ဖြစ်နေတော့ ကျနော်တို့က ဘယ်လိုပုံစံမျိုးနဲ့ ကျေးဇူးတင်ရမှန်း မသိဖြစ်နေတယ်။ ဘာဖြစ်လိုလည်းဆိုတော့ နဂိုကတည်းက ဖမ်းကိုမဖမ်းရမဲ့လူကို ဖမ်းထားတာ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီနေရာမှာ နောက်တခု ဦးဘိုကြည်တို့ ဆွေးနွေးချင်တဲ့ကိစ္စလေး တခုရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံ စစ်အစိုးရကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ ကြေညာချက်ကြားရတဲ့နေ့မှာပဲ ကျနော်တို့အနေနဲ့ ဗွီအိုအေ က ဒီကိစ္စကို သတင်းလွှင့်ပေးခဲ့ပါတယ်။ သတင်းလွှင့်ပေးတဲ့နေရာမှာ စောစောက ကျနော်တို့ရဲ့ မေးခွန်းက အဓိက ကတော့ လွတ်ပေးမဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦး ပါမလဲဆိုတဲ့ မေးခွန်းကို ကျနော်တို့ မေးပါတယ်။ အဲဒီအခါမှာ သောတရှင်ထဲက တယောက်က ကျနော်တို့ဆီကို ချက်ချင်းစာတစောင်နဲ့ လှမ်းရေးပြီးတော့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေ ပြန်လွတ်ပေးတဲ့အတွက် မိသားစုတွေ ပျော်မြူးနေတာကို ဖော်ပြပေးရမဲ့အစား နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါမလဲဆိုတဲ့ မေးခွန်းကိုပဲ ရေးကြီးခွင်ကျယ် မေးနေတာလဲလို့ ရေးလာတာ တွေ့ပါတယ်။ ဘာကြောင့်မို့လို့ ဒီ နိုင်ငံရေးအကျဉ်းသမားတွေကိစ္စကို ရေးကြီးခွင်ကျယ် ပြောနေရသလဲဆိုတာကို ကျနော်တို့အနေနဲ့ ဒီလို မသိတဲ့သူတွေရှိရင် သိအောင်ပြန်ရှင်းပြရမဲ့ပုံမျိုး ဖြစ်နေတော့ ဒီ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို ဘာကြောင့် ရေးကြီးခွင်ကျယ် လုပ်နေရသလဲဆိုတာကို ဦးဘိုကြည် နည်းနည်းလေး ရှင်းပြပေးပါ။
ဦးဘိုကြည် ။ ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသမားဆိုတာက ကျနော်တို့ နိုင်ငံရဲ့ စနစ်တခု ပြောင်းလဲအောင် ကြိုးစားနေတဲ့လူတွေဖြစ်တယ်။ စနစ်တခု ပြောင်းလဲအောင် အဓိကအကြောင်းတခုက ဒီ စနစ်မကောင်းတဲ့အတွက် ကျနော်တို့ တိုင်းပြည်က တော်တော်လေး ဒုက္ခရောက်နေတယ်၊ ပြည်သူတွေ တော်တော်များများက ဒုက္ခရောက်နေတယ်။ ဆိုတော့ အဓိက ပင်မကြီးကို ကျနော်တို့ ပြောင်းလဲဖို့ ကြိုးစားနေတယ်။ အဲသလို ကြိုးစားနေလို့ ဒီလူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေမှာ ဒီလူတွေက ပါဖို့ လိုအပ်နေတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်းထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့ အစရှိတဲ့ ဒီလူမျိုးတွေက မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို ဒီလူတွေရဲ့ အခန်းကဏ္ဍက အတော် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါရှိနေတယ်။ ဒီလူတွေ မပါဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူးဆိုရင် အခု ရာဇဝတ်အကျဉ်းသားတွေ တော်တော်များများကို လွတ်ပေးလိုက်တယ်ဆိုပေမဲ့ ဒီလူတွေက အမြဲတမ်း ပျော်နေတာ မဟုတ်ဘူး၊ တခဏ ပျော်လိုက်ပြီးနောက် သူတို့ ထောင်ထဲပြန်ရောက်နိုင်တယ်။ ပြီးတော့ မတရားမှုတွေ သူတို့ ဆက်ပြီးခံစားနေရမယ်။ သူတို့ ပြန်ပြီးတော့ မိသားစုနဲ့ ကွဲတဲ့အခြေအနေတွေကို ထပ်ခါထပ်ခါ ကြုံနေရမယ်။ အဲသလို ကြုံနေရတာမျိုးကို မဖြစ်စေဖို့ ကျနော်တို့က လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့၊ တရားမျှတတဲ့ လူနေမှုစနစ်တခုကို တည်ဆောက်ဖို့ လိုတယ်။ အဲသလို တည်ဆောက်ဖို့လိုအပ်တဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသားတွေ မပါသေးဘူးဆိုတာကို ကျနော်တို့ ပြောနေရတာ၊ ထောက်ပြနေရတာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ကျနော့်အနေနဲ့ ဖြည့်စွက်ပြောချင်တဲ့ ကိစ္စတခုက ဒီ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကွာဟချက်ပေါ့။ နိုင်ငံရေးအကျဉ်းသားဆိုတာကတော့ တကယ်တမ်းတော့ မိမိရဲ့ ယုံကြည်ချက်တခုကြောင့် ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းမရှိဘဲနဲ့ ဖမ်းဆီးခံထားရတဲ့လူတွေလို့ ကျနော် နားလည်းပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးဘိုကြည် အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဦးဘိုကြည် ။ ။ ဟုတ်တော့ဟုတ်ပါတယ်။ ရာဇဝတ် အကျဉ်းသားလို ဆိုလိုက်ပေမဲ့ သူတို့ ရာဇဝတ်အကျဉ်းသား အကုန်လုံးကလည်း တကယ့် ကိုယ်ကျင့်တရားမကောင်းတဲ့ လူတွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ရာဇဝတ် အကျဉ်းသားတွေ အတော်များများကလည်း ခေတ်စနစ် မကောင်းတဲ့အခါကြတော့ တရားမျှတတဲ့ တရားစီရင်မှုကို မရခဲ့ဘူး။ ရဲတွေ တရားသူကြီးတွေ လာဘ်ပေးလာဘ်ယူမှုတွေ၊ မတရားမှုတွေ အမျိုးမျိုးခံစားရပါတယ်။ ခံစားရပြီးတော့ မတရားသဖြင့် ပြစ်ဒဏ်ချခံထားရတဲ့ ရာဇဝတ် အကျဉ်းသားတွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် ဘာပြစ်မှုမှ မကျူးလွန်ဘဲနဲ့ ရဲ က အမှုမမှတ်နို်င်လို့ အဓမ္မရိုက်နှိက်ပြီး ဝန်ခံခိုင်းကာ ထောင်ချထားတဲ့ အကျဉ်းသားတွေ ကျနော်တို့ ထောင်ထဲမှာ တွေ့ခဲ့ဘူးပါတယ်။ ဆိုတော့ ဒီလို မတရား အကျဉ်းခံထားရတဲ့ အကျဉ်းသမားတွေ လွတ်လာမယ်ဆိုရင် ကျနော်တို့က တကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ မဟုတ်ဘဲနဲ့ ဥပမာ သူများတွေကို နှိပ်စက်လို့။ ဥပမာ ဗိုလ်ချုပ်ခင်ညွှန့်တို့ထဲက ထောက်လှမ်းရေးတွေမျိုး လူတကာ နှိပ်စက်ခဲ့တယ် မတရားလုပ်ခဲ့တယ် လူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုရင်တော့ ဒါက သိပ်ပြီးမတရားဘူး၊ မသင့်တော်ဘူးလို့ ကျနော်တို့ ထင်တယ်။ တချို့ သာမန် ရာဇဝတ်မှု ကျူးလွန်တာရှိမယ်။ ဒီလိုမျို တခါတလေ ကျူးလွန်တဲ့ကိစ္စတွေ လွတ်ပေးလိုက်မယ်။ သူတို့မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းပါတယ်။ ဝမ်းသာစရာ ကောင်းပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ နေရာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျုံဝင်တာက ထောင်ထဲမှာ ကျခံနေရတဲ့လူတွေနဲ့ပဲ အကျုံဝင်တာလား။ ဥပမာအားဖြင့် ပြင်ပမှာ ဒီလို အကျယ်ချုပ်ကျခံနေရသူတွေ၊ ဥပမာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့လို ပုဂ္ဂိုလ်မျိုးတွေ သက်ဆိုင်သလား ခင်များ။
ဦးဘိုကြည် ။ ။ ဒါက သူတို့က လွတ်ငြိမ်းချမ်းသာခွင့်လို့ ကြေညာတယ်ဆိုပေမဲ့ ဘယ်လိုဟာမျိုးကို လွတ်ပေးမယ်တို့ ဘာတို့ တိတိကျကျ ထုတ်ပြန်ကြေညာတာမျိုး မရှိပါဘူး။ သူတို့ လွတ်ပေးချင်တဲ့လူတွေကို လွတ်ပေးတဲ့သဘောမျိုးတွေပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်တို့ကို၊ ဦးတင်ဦးတို့ကို ဖမ်းထားတာ ရာဇဝတ်မှု ကျူးလွန်လို့ မဟုတ်ဘဲ သူတို့ နိုင်ငံရေးအရ ဖမ်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်တုန်းကလည်း ဒီအတိုင်း ဥပဒေအရ မှန်မှန်ကန်ကန် အမိန့်ချခဲ့တာ မဟုတ်ဘူး။ ပထမ အကျယ်ချုပ်ချခဲ့တုန်းကလည်း ဥပဒေအရ အမိန့်ချခဲ့တာမဟုတ်ဘဲ အမိန့်အရ သူတို့ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဆိုပေမဲ့ ဥပဒေအထက်မှာ ဦးသန်းရွှေ ရှိနေတဲ့ ကိစ္စဖြစ်နေတယ်။ ဦးသန်းရွှေ က အမိန့်အရ လုပ်နေတဲ့ကိစ္စတွေ ဖြစ်နေတယ်၊ ဥပဒေအရ လုပ်နေတာ မဟုတ်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ စောစောက ပြောတဲ့အတိုင်းဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီအထဲက အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်သူတွေကို အဓိကအားဖြင့် လွတ်ပေးမဲ့ စာရင်းထဲမှာ ပါစေချင်သလဲ။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေး တောင်းဆိုတာဟုတ်ပေမဲ့ အားလုံးက နာမည်တွေ ဖော်ပြတာ မတတ်နိုင်တော့ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက အရေးတကြီး လွတ်ပေးဖို့ လိုအပ်နေပြီလို့ ယူဆပါသလဲ။
ဦးဘိုကြည် ။ ။ ဥပမာ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးတင်ဦး တို့ လိုအပ်တယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေ လိုအပ်တယ်၊ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ တို့ စတဲ့လူတွေက လိုအပ်ပါတယ်။ ဘာဖြစ်လိုလည်းဆိုတော့ ဒီလူတွေက တိုင်းရင်းသား၊ ပြည်သူတွေ အများစုရဲ့ ယုံကြည်မှုကို ခံထားရသူတွေဖြစ်တယ်။ အဲသလို ယုံကြည်မှု ခံထားရသူတွေဟာ နအဖအစိုးရကို ကူညီပြီးတော့ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို စေ့စပ်ပြီးတော့ လုပ်ပေးနိုင်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလူတွေရဲ့ အခန်းကဏ္ဍ၊ ဒီလူတွေ လွတ်မြောက်ရေးက အရမ်းအရေးကြီးတယ်လို့ ကျနော် ပြောနေတာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်က ထောင်ထဲမှာ ကျန်းမာရေးအခြေအနေအရ ဆိုးဝါးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ သူတို့ကို လူမှုရေးအရ ထောက်ထားပြီးတော့ လွတ်ပေးသင့်တဲ့ အထူးအရေးကြီးတဲ့ စာရင်းထဲမှာ ဘယ်သူတွေ ရှိနေသလဲ ခင်များ။
ဦးဘိုကြည် ။ ။ ဥပမာ အမတ်ထဲကဆိုရင် မန္တလေးက အမတ် ဦးသန်းလွင် ရှိပါတယ်။ သူက အသက်လည်း ကြီးပြီ၊ ထောင်ထဲမှာ မျက်လုံးတဖက် ကန်းသွားတာရှိတယ်။ နောက်မျက်လုံးတဖက်ကလည်း တော်တော်လေး ဆေးဝါးနဲ့ ကုသနေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ သူဟာ လွတ်သင့်တယ်။ သူလိုဘဲ ကိုလှမျိုးနောင် ၈၈ မျိုးဆက်သစ်ကျောင်းသား။ သူက မျက်လုံးတဖက်ကွယ်သွားပြီးပြီ၊ နောက်တဖက်ကလည်း မျက်မှန် ဒီဂရီ ၈၀၀ လောက် တပ်ထားရတယ်။ သူရဲ့ အခြေအနေက ထောင်ထဲမှာ ဆက်ပြီးတော့ ကြာကြာဆက်နေရရင် နောက်တဖက်ပါ ကွယ်သွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ သူဆိုရင်လည်း လူသားချင်း စာနာတဲ့ ရှု့ထောင့်ကနေ ချက်ချင်းလွတ်ပေးသင့်တယ်။ မစုစုနွေး ဆိုရင်လည်း နှလုံးရောဂါ ခံစားနေရတာမျိုး ရှိတယ်။ နှလုံးရောဂါသည် တယောက်က အကျဉ်းထောင်အခြေအနေနဲ့ ဘယ်လိုမှ မဟပ်ဆပ်ဘူး။ အကျဉ်းထောင်ကလည်း လုံလောက်တဲ့ ဆေးဝါးတွေ မကုသပေးဘူး။ သူတို့လို လူမျိုးတွေကို ချက်ချင်းလွတ်ပေးသင့်တယ်။