သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးငယ် မောင်သောင်ဒီ ဂျပန်စက္ကူအရုပ်ချိုးပြိုင်ပွဲ တတိယဆုရရှိ


ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ပြီး တတိယဆုရခဲ့တဲ့ မြန်မာနိုင်ငံသား မိဘတွေက ဖွားတဲ့ မောင်သောင်ဒီကို ထိုင်းသိပ္ပံနဲ့ နည်းပညာဌာနက ဂုဏ်ပြုချီးမြှင့် လိုက်ပါတယ်။ ခုလို ထူးထူးချွန်ချွန် ဖြစ်မှုဟာ ကျန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေအတွက်လည်း နမူနာကောင်း တခုပဲလို့ မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။ အခြေနေကိုမေးမြန်းထားတဲ့ VOA ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ အသက် (၁၂)နှစ်သား မောင်သောင်ဒီဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတယ်။ သူ့ကို ထိုင်းသိပ္ပံနဲ့ နည်းပညာဌာနက သီးခြားဂုဏ်ပြုတဲ့ အစီအစဉ်တခုကိုလည်း ဒီညနေပိုင်း မှာ ပြုလုပ်မယ်လို့သိရပါတယ်။ ဒီနေ့လယ်ပိုင်း လေယာဉ်ကွင်းမှာ စောင့်ဆိုင်းနေတဲ့ ဖခင် စိုင်းညွှန့်က ခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ လေယာဉ်ကွင်းမှာ မောင်သောင်ဒီကို စောင့်နေကြပါတယ်။ သူ့ အနာဂတ် ရှေ့ကိုတော့ ဘာမှ တွေးမထား သေးပါဘူး။ ခုလိုဆုရတဲ့အတွက် ဝမ်းသာတယ်ဆိုတာပဲ ပြောချင်ပါတယ်။”

မောင်သောင်ဒီဟာ ပြီးခဲ့တဲ့ စနေနေ့က တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ အိုရီဂါမီ စက္ကူ လေယာဉ် လွှတ်ပြိုင်ပွဲမှာ ၁၀.၅၃ စက္ကန့်အကြာ လေထဲ ဝဲအောင် လွှတ်တင်နိုင်တဲ့အတွက် တတိယဆု ရခဲ့တာဖြစ်ပြီး အခုရခဲ့တဲ့ စံချိန်ဟာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ က သူကိုယ်တိုင် တင်ထားခဲ့တဲ့ စံချိန်ထက် ၂စက္ကန့်နီးပါး လျော့နည်းသွားတာဖြစ်ပါတယ်။ သူ့ရဲ့ဆရာမ ဝီရတ်ချနီးက တပည့်တယောက် ခုလို ထွန်းထွန်းပေါက်ဖြစ်လာတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

"ဝမ်းသာတယ်။ ပီတိဖြစ်မိတာပေါ့။ ကိုယ်တပည့်က ထိုင်းနိုင်ငံကိုယ်စား ထူးထူးချွန်ချွန် စွမ်းဆောင်ပေးနိုင်တဲ့ အတွက် သူ့ကို ထိုင်းနိုင်ငံအတွက် လူတော်လူကောင်း တယောက် ဖြစ်လာစေချင်တာလို့ ပြောသွားတာ ဖြစ်ပါတယ်။ ”

သူ့ရဲ့အောင်မြင်မှုဟာ ကျန်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ခလေးငယ်တွေ အတွက်လည်း စံနမူနာကောင်း တခုဖြစ်တယ်လို့ ရှမ်းအမျိုးသမီးရေး လှုပ်ရှားမှု ကွန်ယက်အဖွဲ့ဝင် မခမ်းယုံက ပြောပါတယ်။

“ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမသွားခင်ကတည်းကလည်း အရမ်းပဲ စိတ်လှုပ်ရှားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ သူလည်း ဒီဂိမ်းသွား ပြိုင်နိုင်ဖို့ဆိုတာ သွားနိုင်လား.. မသွားနိုင်လား အများကြီးရင်ဆိုင်ရတယ်လေ။ သူ့အခက်ခဲ အများကြီးရှိတယ်။ သူတယောက်တည်းနဲ့ ရုန်းကန်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူ့ဆရာမအနေနဲ့ သက်ဆိုင်ရာ လူကြီးတွေနဲ့ အများကြီး သူ့ကို အထောက်အကူ ပေးခဲ့တယ်။ အဲဒီအပေါ်မှာ ကျွန်မတို့လည်း အများကြီး ဝမ်း သာ အားရရှိခဲ့တယ်ပေါ့နော်။ အခုလည်း သွားပြိုင်ခဲ့ပြီးပြီ။ တတိယရခဲ့တဲ့အပေါ် အရမ်းဝမ်းသာတယ်။ မျှော်လင့်နေတယ်။ ကျွန်မတို့ Migrant ကျောင်းသူကျောင်းသားတွေ အနာဂတ်အတွက်လည်း ဒီထက်ထူးချွန်တဲ့လူတွေ များများ ထွက်ပေါ်လာ အောင် နမူနာကောင်းတွေပေါ့နော်”

မောင်သောင်ဒီရဲ့ပြိုင်ပွဲကို ကိုယ်တိုင်သွားရောက်အားပေးခဲ့သူတယောက်က မြန်မာနိုင်ငံ သားတယောက်နေနဲ့ ထိုင်း ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မှုအပေါ် သူ့အမြင်ကို အခုလိုပြောပြပါတယ်။

“ထိုင်းဘုရင်နဲ့ ဘုရင်မပုံကိုကိုင်ထားပြီး အဲဒီမှာ ထပ်ပြီး လေ့ကျင့်ဖို့အတွက် ထိုင်ပြီး တန်းစီနေရတာပေါ့နော်။ ကိုယ့်ဗမာ လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဖြစ်ပါလျက်နဲ့ သူများနိုင်ငံကိုယ်စားပြုပြီး သူများရဲ့စာအုပ်ကလေးနဲ့လာပြီး ဒီပြိုင်ပွဲကို ဝင်ရောက်နိုင်ခွင့်ရတဲ့အတွက် အလွန်တရာမှကြေကွဲရင်း အလွန်တရာ ဂုဏ်ယူရပါတယ်။”

စောစောပိုင်းတုန်းကတော့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဟာ မောင်သောင်ဒီကို ယာယီပတ်စပို့ ထုတ်ပေးဖို့ ငြင်းဆိုခဲ့ပေမဲ့ ဝန်ကြီးချုပ် အဘီဆစ် ဝက်ချာချီ၀ က ခရီးသွားလာခွင့်ပြု လိုက်တာဖြစ်ပါတယ်ခင်ဗျ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG