သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲတိုင်းပြည်များကို ဝက်တုပ်ကွေး ကာကွယ်ဆေး ဖြန့်ဝေပေးမည်


ကမ္ဘာ့စီးပွားရေး က ကျဆင်းနေပေမဲ့၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြုပြင်ပြောင်းလဲရေးတွေ ကို ဆက်လက် လုပ်ဆောင်ကြပါလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ ဥက္ကဋ္ဌ က အာရှတိုက် ကျန်းမာရေး တာဝန်ရှိသူတွေကို ပြောလိုက် ပါတယ်။ H1N1 တုပ်ကွေး ပျံ့နှံ့ လာတာကို တိုက်ဖျက်တဲ့ အခါမှာ၊ ဆင်းရဲတဲ့ နိုင်ငံတွေ က ကာကွယ်ဆေး ရရှိနိုင်အောင် WHO က လုပ်ဆောင်နေပါတယ်လို့ ဒေါက်တာ မာဂရက်ချန်း က ပြောပါတယ်။ Heda Bayron က ဟောင်ကောင်ကနေ သတင်းဆောင်းပါးပေးပို့ထားပါတယ်။ ဦးတင်မောင်သန်း က တင်ပြပါတယ်။

တိုင်းပြည် ၃၅ ပြည် က ကျန်းမာရေး ဝန်ကြီးတွေဟာ ဟောင်ကောင် မှာ နှစ်ပတ်လည် အစည်းအဝေး စတင်လိုက်ပါတယ်။ ဇွန်လ မှာ H1N1 ရောဂါ ပျံ့နှံ့လာပြီလို့ ကျေညာခဲ့ကတည်းကဆိုရင်၊ ဝန်ကြီးတွေ ပထမဆုံး ဆုံဆည်းကြတာပါ။

နောက်လ အနည်းငယ်အတွင်းမှာပဲ၊ H1N1ဗိုင်းရပ်စ် က မြန်မြန်ကြီး ပံျ့နှံ့လာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီအချိန်မျိုး မှာ ကိုယ့် နိုင်ငံသားတွေ ကိုကာကွယ်ဖို့ ကာကွယ်ဆေး ကို ဘယ်လိုများ တတ်နိုင်အောင်လုပ်ကြမလဲ ဆိုတာက ဆွေးနွေး မယ့် အစီအစဉ် မှာ ထိပ်ပိုင်း က ပါနေပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေ က ကာကွယ်ဆေး ရရှိနိုင်ရေး နဲ့ ပတ်သက်ပြီး WHO က အလေးထားပါတယ်။ အကန့်အသတ် နဲ့ ထောက်ပံ့ဖို့လည်း ကတိပေးပြီးသားပါ။ ဖိလစ်ပိုင် နိုင်ငံ က ၁ သိန်း စာ ဆေး တွေ ကို ရပါမယ်။ လူဦးရေ သန်း ၈၀ ရှိတဲ့ နိုင်ငံပါ။ တရုတ်နိုင်ငံကတော့ ပြည်တွင်းက ဆေးထုတ်လုပ်ရေးကို အားထားမှာ ဖြစ်ပါတယ်။ ဆေးကုမ္ပဏီကြီး ဖြစ်တဲ့ Glaxo Smithkline ကနေ ဆေး ၁ သန်း ဝယ်ယူမယ်လို့ စင်္ကာပူ က ပြောပါတယ်။

တစ်လုံးထိုးတာနဲ့ ကာကွယ်ဖို့ လုံလောက်ပါကြောင်း ကနဦး စမ်းသပ်ချက်တွေက ပြသပါတယ်လို့ WHO ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ မာဂရက်ချန်း က ပြောပါတယ်။

“အတည်သာဖြစ်ခဲ့ရင်၊ ကာကွယ်ဆေး ရနိုင်တာ က ၂ ဆတိုးသွားတဲ့ သဘောပါ။ မေးစရာ မေးခွန်းတစ်ခု ဖြစ်ပေါ်လာပါ တယ်။ ဒါကြောင့် ကာကွယ်ဆေး ကို ပိုပြီး ညီညီမျှမျှ ဖြန့်ဝေနိုင်ပါမလား။ ရှင်တို့ ကို ကျွန်မ ဒီ တစ်ခုတော့ သေချာပြောပါ ရစေ။ ဘယ်ဘက် က ပဲဖြစ်ဖြစ်၊ အဲဒီလို အခွင့်အလမ်းမျိုး ရရှိအောင် ကျွန်မ ကြိုးစားနေပါတယ် ဆိုတာပါပဲ။”

နှစ်စဉ် ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀၀၀ ထုတ်မယ်လို့ မျှော်လင့်ထားပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေလျ နဲ့ အခြား ငါးနိုင်ငံ က သူတို့ နိုင်ငံ မှာ ကာကွယ်ဆေး ၁၀ လုံးသုံးရင် ၁ လုံး ကို တခြား နိုင်ငံအတွက် လှူပါမယ် လို့ ကတိကဝတ်ပြုထားကြပါတယ်။

ဒီနှစ်အစောပိုင်းကတည်း က ဆိုရင်၊ H1N1 ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃ ထောင်ကျော် ကမ္ဘာတဝှမ်းမှာ သေဆုံးခဲ့ပြီးပါပြီ။
ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ မာဂရက်ချန်း က ဝန်ကြီးတွေ ကို တိုက်တွန်းပါတယ်။ H1N1 ပျံ့နှံ့ခဲ့တာကြောင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ကို ပြုပြင်ပြောင်းလဲရေး လုပ်ကြဖို့ လိုအပ်တာ ကို ပြသပါတယ်လို့ သူ က ဆိုပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေ မှာပါ။

“အခြေအနေအရ၊ ကျန်းမာရေး အသုံးစရိတ်တွေကို လျှော့ချဖို့ ဒီ ဒေသတွေ အတွင်း က တိုင်းပြည်တွေ မှာ ကြုံနေရပါ တယ်။ ကုသမှု ခံယူမယ့်သူတွေရဲ့ အသုံးစရိတ် ကို မျှဝေခံဖို့၊ ဒါမှမဟုတ် တစုံတရာ ကျခံဖို့ အခြေအနေ ဖြစ်နေပါတယ်။ ဒါ ရဲ့ အဓိပ္ပါယ် ကို ရှင်တို့ သတိထားမိကြမှာပါ။ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ဖို့က ခက်သထက် ခက်လာနေပါတယ်။ ဘ၀ တွေ မညီမမျှဖြစ်လာကြတာ၊ ကျန်းမာရေး ဝန်ဆောင်မှု အရည်အသွေးကျလာတာ၊ အသုံးပြုတာလည်း နည်းလာတာ ပါပဲ။”

အားလုံး ကို အခြေခံ စောင့်ရှောက်ပေးနိုင်အောင်၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပိုပြီး စွမ်းဆောင်နိုင်အောင် အစိုးရတွေ အနေနဲ့ စူးစိုက်လုပ်ဆောင်သင့်ပါတယ်လို့ ဒေါက်တာ မာဂရက်ချန်း က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG